မန္တလေး ချမ်းမြသာစည်မှ အတည်ပြုလူနာနှင့် ဆက်စပ်သူ (၁၄) ဦးလုံး ကိုဗစ် ကူးစက်ခံရခြင်း မရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေး ချမ်းမြသာစည်မှ အတည်ပြုလူနာနှင့် ဆက်စပ်သူ (၁၄) ဦးလုံး ကိုဗစ် ကူးစက်ခံရခြင်း မရှိ

မန္တလေး၊ ဩဂုတ် ၃၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်မှ အတည်ပြုလူနာ အမျိုးသမီး၏ မိခင်ဖြစ်သူနှင့် ထိတွေ့မှု ရှိခဲ့သူ (၁၂) ဦး အပြင် နေအိမ်မှ ဖခင်ဖြစ်သူနှင့် ဝန်ထမ်း အမျိုးသားတို့အား ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ကူးစက်ခံရခြင်း မရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်မှ ပြန်လာသည့် အတည်ပြုလူနာ အမျိုးသမီး၏ မိခင်(ပိုးမတွေ့) မှာ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင် တို့သို့ သွားရောက်ခဲ့ပြီး နေအိမ်သို့လာသည့် အဝတ်လျှော် အမျိုးသမီး အပါအဝင် Secondary contact (တစ်ဆင့်ခံ ထိတွေ့သူ) (၁၂) ဦး၏ ဓာတ်ခွဲနမူနာ စစ်ဆေးချက် အဖြေအရ ပိုးမတွေ့ရကြောင်း ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ နန်းစောထွေးက ပြောသည်။

“မနေ့က Secondary contact ၁၂ ဦးကို ဓာတ်ခွဲနမူနာ ရယူပြီး စစ်ဆေးခဲ့တယ်။ အဲဒါက အတည်ပြု လူနာရဲ့ မိခင်ကနေ တစ်ဆင့် Secondary contact အနေနဲ့ ဓာတ်ခွဲ စစ်ဆေးတာ။ သူ့အိမ်က အတည်ပြုလူနာရဲ့ဖခင်နဲ့ ဝန်ထမ်း အမျိုးသားကိုတော့ Primary contact (တိုက်ရိုက် ထိတွေ့သူ) အနေနဲ့ ဓာတ်ခွဲ စစ်ဆေးခဲ့တယ်။ အားလုံးရဲ့ အဖြေက Negative ဖြစ်ပါတယ်” ဟု ဒေါက်တာ နန်းစောထွေးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ ပြန်လာသည့် အတည်ပြုလူနာ အမျိုးသမီးနှင့် အတူ ပြန်လာသည့် မိခင်၊ ညီမ တို့အပြင် နေအိမ်မှ ဖခင်ဖြစ်သူနှင့် ဝန်ထမ်း အမျိုးသားတို့ကို ကန်တော်ကြီး ဇီဝိတဒါန သံဃာ့ဆေးရုံတွင် Facilities Quarantine ထားရှိပြီး Secondary contact (၁၂) ဦးကို Home Quarantine ပြုလုပ်ထားကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၃၁ ရက်နေ့ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၇၈၇ ဦးထိ ရှိလာပြီဖြစ်သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •