မန္တလေး-စစ်တွေ ပြေးဆွဲသည့် ယာဉ်လိုင်းများအားလုံး ရပ်နားလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေး-စစ်တွေ ပြေးဆွဲသည့် ယာဉ်လိုင်းများအားလုံး ရပ်နား

ရခိုင်ပြည်နယ် စစ်တွေမြို့၌ COVID-19 ရောဂါ ကူးစက်ခံရမှုများ ဖြစ်ပေါ်နေသည့်အတွက် မန္တလေး-စစ်တွေ ယာဉ်လိုင်းအားလုံးကို ရပ်နားထားကြောင်း မန္တလေးတိုင်းဒေသကြီး၊ ယာဉ်လုပ်ငန်းများကြီးကြပ်မှု ကော်မတီ(အဝေးပြေး)မှ သိရသည်။

”မန္တလေး-စစ်တွေ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၉ ခုရှိပြီးတော့ အဲဒီယာဉ်လိုင်းတွေအားလုံး သဘောဆန္ဒအရ ပြေးဆွဲမှုတွေကို သြဂုတ်၂ဝ ရက်ကနေစတင်ပြီး ခေတ္တရပ်နားထားဖို့ စာတင်လာတဲ့အတွက် ရပ်နားခွင့်ပြုထားတယ်” ဟု ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ မန္တလေးမြို့သို့ လာရောက်သည့် ခရီးသွားများအနေဖြင့် မဖြစ်မနေ Quarantine၂၁ ရက် ဝင်ရမှာဖြစ်ပြီး ခရီးတစ်ထောက်နားကာ အခြားမြို့နယ်သို့ သွားရောက်မည့် ခရီးသွားများအနေဖြင့် ရောဂါပိုး ရှိ၊မရှိ စစ်ဆေးမှုများကို ခံယူရမှာဖြစ်ကြောင်း သိရသည်။

”မန္တလေး-ရခိုင်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို သြဂုတ် ၂ဝ ရက်ကစပြီးတော့ စစ်ဆေးတာ၊ ပညာပေးတာ တွေလုပ်နေပါတယ်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာကြဖို့လိုပါတယ်၊ ရခိုင်ကနေ မန္တလေးလာတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့က စတင် ပြီး Quarantine ဝင်ရမှာဖြစ်တယ်” ဟု ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

မန္တလေး-စစ်တွေ ပြေးဆွဲသည့် ယာဉ်အသင်း ကိုးသင်းရှိပြီး ထိုထဲမှ နှစ်သင်းမှာ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလာမှု နည်းပါးခြင်းကြောင့် ယခုဖြစ်စဉ်မတိုင်မီက ရပ်နားထားကြောင်း၊ ကျန်ရှိသော ခုနစ်သင်းမှ နေ့စဉ် မော်တော်ယာဉ် ခြောက်စီးဝန်းကျင် ထွက်ရှိပြီး သြဂုတ် ၁ရက်မှ သြဂုတ် ၁၈ရက်အထိ မန္တလေး-စစ်တွေ ခရီးသွားသူ ဦးရေ (၈၀၀)ကျော် ရှိကြောင်း သိရသည်။
MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •