မန္တလေး တောင်တက်ကားလမ်းပိတ်ထား ကျန်းမာရေးထောက်ခံချက်ပါရှိပါက စောင်းတန်းများမှ တက်ရောက်ခွင့်ပြုမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးတောင်ပေါ် သို့ တက်ရောက်သော တောင်တက်ကားလမ်းတွင် အားကစားလုပ်သူများ ၊ တောင်တက်သူ၊လမ်းလျှောက်သူ၊စက်ဘီးစီးသူများဖြင့် တောင်ပေါ်သို့လာရာက်လည်ပတ်သူများ များပြားခြင်းကြောင့် မန္တလေးတောင်တော် တောင်တက်ကားလမ်းအား ယာယီပိတ်ထားကြောင်း၊ ဆုတောင်းပြည့်ရင်ပြင်တော်အား ပိတ်ထားပြီး အခြားနေရာများသို့ (၇၂)နာရီအတွင်း ကျန်းမာရေး ထောက်ခံချက် ပါရှိ ပါက စောင်းတန်းများမှ တက်ရောက်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတောင်တော် ဂေါပကဉက္ကဌ ဦးသိန်းထွန်း က ပြောကြားသည်။

မန္တလေးတောင်တော်တောင်တက်ကားလမ်းကို ပြီးခဲ့တဲ့လ က နိုင်လွန်ကတ္တရာလမ်းအဆင့်မြှင့်တင် ပြီးစီးခဲ့ပြီး ဇွန်လဆန်းတွင် တောင်ပေါ်သို့ တက်ရောက်သော တောင်တက်ကားလမ်းတွင် အားကစားလုပ်သူများ၊ တောင်တက်သူ၊လမ်းလျှောက်သူ၊စက်ဘီးစီးသူများဖြင့် တောင်ပေါ်သို့လာရောက်သူများ များပြားလာတဲ့ အတွက် လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်တက်ကားလမ်းမှ တက်ရောက်ခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ထိပ်မှာရှိတဲ့ ဆုတောင်းပြည့်ရင်ပြင်တော်ကတော့ ပိတ်ထားပါတယ်၊စက်လှေခါး/ဓါတ်လှေခါး တွေ လည်း ပိတ်ထားပါတယ်၊ တောင်ပေါ်က တခြားနေရာတွေ လေ့လာလို့ရအောင် စောင်းတန်းတွေက တော့ တက်ရောက် ခွင့်ပေးထားပါ၊ဒါပေမယ့် (၇၂)နာရီအတွင်း ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရမယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က လမ်းညွှန်ချက်တွေအညီ အပူချိန်တိုင်းတာတို့ ၊နှာခေါင်းစည်းတပ်တာတို့ အစရှိတဲ့ အချက် တွေနဲ့ ပြည့်စုံရင် တောင်ပေါ်ကို တခြားနေရာတွေကို စောင်းတန်းတွေကတော့ တက်လို့ရပါတယ်၊ တောင်ပေါ်မှာ ရှိတဲ့ တခြားနေရာတွေကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ပြည့်စုံရင် လာရောက်ခွင့် ပေးထားပါတယ်ဟု မန္တလေးတောင်တော်ဂေါပကဉက္ကဌ ဦးသိန်းထွန်း က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မန္တလေးမြို့ရှိ နာမည်ကြီးဘုရားများကို ဘုရားဖူးများဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မတ်လကုန်ပိုင်းက စတင်ပိတ်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်လည် ခွင့်ပြုချိန်မှသာ တက်ရောက်ရမည်ဖြစ်သည်။
တောင်တက်ကားလမ်းမှ တက်ရောက်ခွင့်နှင့် ဆုတောင်းပြည့်ရင်ပြင်တော်သို့ တက်ရောက်ခွင့်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြန်လည်ခွင့်ပြုချိန်မှသာ ပြန်လည်တက်ရောက်ခွင့်ပြုသွားသွားမည်ဖြစ်ကြောင်း၊ ၎င်း က ဆက်လက် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြေငြာစာ တွင် လည်း ဘုရားများ၊ချက်ကျောင်းများ၊ဗလီ/နေအိမ်များတွင် စုဝေးဝတ်ပြုခြင်းများ၊ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲများ၊ လူထုအပန်းဖြေနေရာများကို ဆက်လက်ပိတ်ထားရမည်ဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

သန်းဇော်မင်း


Spread the love
  •  
  •  
  •  
  •  
  •  
  •