မန္တလေး မဟာမုနိဘုရားကြီး မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မဟာမုနိဘုရားကြီး (၃၁) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်

မန္တလေးမြို့ မဟာမုနိဘုရားကြီး (၃၁) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက် ၅နာရီခွဲက မဟာမုနိဘုရားကြီး ရင်ပြင်တော်တွင် ပြုလုပ်သည်။

ရှေးဦးစွာ နံနက်အရုဏ်ဦးအချိန်တွင် မဟာမုနိ ရုပ်ရှင်တော်မြတ်အား နံ့သာရည်များဖြင့် မျက်နှာသစ်တော် ရေကပ်လှူခြင်း၊ တံပူကပ်လှူခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ဆွမ်း၊ ခဲဖွယ်၊ ဘောစဉ်၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်လှူပူဇော် ခြင်းတို့ကို ရေတော်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌနှင့် ဥပါသကာ အဖွဲ့တို့က ဆောင်ရွက်ကြပြီး မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ အစိုးရအဖွဲ့၀င်များနှင့် ကုသိုလ်ရှင်များ တက်ရောက်ဖူးမြော် ကြည်ညိုကြသည်။

မသိုးမြတ်သင်္ကန်းတော်အား ပင့်ဆောင်ရာတွင် ရေတော်ဆရာတော်ကြီးက ဦးဆောင်၍ အစီအစဉ်များ အတိုင်းဆောင်ရွက်ကြရာ တဘက်တော်ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက လည်းကောင်း၊ သင်းပိုင်သင်္ကန်းတော်ကို တိုင်းဒေသကြီး ၀န်ကြီးများက လည်းကောင်း၊ ဧကသီသင်္ကန်းတော်ကို မဟာမုနိဂေါပကအဖွဲ့၊ ဗုဒ္ဓဝေယျာ၀စ္စအဖွဲ့၊ ရက်ကန်း ပညာရှင်နှင့် စက်ချုပ်ပညာရှင်အဖွဲ့များက လည်းကောင်း အသီးသီးပင့်ဆောင်၍ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား ရေတော်ဆရာတော်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ၀န်ကြီးများက မသိုးမြတ်သင်္ကန်း တော်ကို လွှမ်းခြုံကပ်လှူပူဇော်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ရေကြည် ပေါက်ကျေးရွာ ရက်ကန်းပညာရှင်အဖွဲ့၊ အုန်းတောကျေးရွာ ရက်ကန်းပညာရှင်အဖွဲ့၊ အင်းလေးဒေသ ရက်ကန်းပညာရှင် အဖွဲ့၊ ကိုးလုံးတကာ စက်ချုပ်ပညာရှင်အဖွဲ့တို့ကို လည်း ကောင်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌက ဝေယျာ၀စ္စအဖွဲ့ကို လည်း ကောင်း ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုလွှာများပေးအပ်၍ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။ ယနေ့ပြုလုပ်သော မသိုးမြတ် သင်္ကန်း ကပ်လှူပူဇော်ပွဲကို ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အောင်ဖြိုးကျော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •