မန္တလေး မဟာမုနိဘုရားကြီးပရိဝုဏ် အကြီးစားပြင်ဆင်မှုလုပ်ငန်းများအား ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်ဖြင့် ဆောင်ရွက်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေး မဟာမုနိဘုရားကြီးပရိဝုဏ်အတွင်း၌ ကိုဗစ်-၁၉ ကာလအတွင်း အကြီးစားပြင်ဆင်မှုလုပ်ငန်းများအား ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိ

မန္တလေးမြို့ မဟာမုနိဘုရားကြီးပရိဝုဏ်အတွင်း၌ ကိုဗစ်-၁၉ ကာလအတွင်း အကြီးစားပြင်ဆင်မှုလုပ်ငန်းများအား ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း မန္တလေး မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းထံမှ သိရသည်။

“ကိုဗစ်-၁၉ ရောဂါကြောင့် ဘုရားဖူးတွေ စတင်ကန့်သတ်လိုက်တဲ့ကာလ မတ် ၂၉ ရက်မှ စတင်ကာ အကြီးစားပြင်ဆင်မှုလုပ်ငန်တွေ ဆောင်ရွက်ခဲ့ပါတယ်။ ဘုရားဖူးအများဆုံး ဝင်/ထွက် သွားလာတဲ့ အရှေ့ဘက် စောင်းတန်းနှင့် မြောက်ဘက်စောင်းတန်းတွေကို အကြီးစား မွမ်းမံပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ မဟာဗောဓိပင် စောင်းတန်းကိုလည်း ပြန်လည်ပြင်ဆင်တာက အစအဆုံးနီးပါးပါပဲ။ အဲဒီစောင်းတန်းဘေးမှာရှိတဲ့ ဆိုင်ခန်းတွေကို နောက်ဆုတ်ပြန်ဆောက်ပြီး ကြားက လွတ်သွားတဲ့မြေနေရာမှာ ပန်းဥယျာဉ်တွေ ဆောင်ရွက်လိုက်တယ်။ အနောက် ၄၅ တာမှာရှိတဲ့ ဂိုဒေါင်တွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ အဆောက်အအုံဟောင်းတွေနဲ့ ဆိုင်ခန်းတွေကို ပြောင်းသင့်တာပြောင်း၊ ပြင်သင့်တာ ပြင်ပြီး ကားပါကင်နဲ့ ဥယျာဉ်ငယ်တွေ ပြန်လုပ်လိုက်တယ်၊ ခုချိန်မှာတော့ မြောက်ဘက်စောင်းတန်းအနောက်ဘက် အလှနဲ့ တတိယမဟာရံတံတိုင်းအလှကို ပြန်မြင်ရပါပြီ။ နောက်ပြီး မြောက်စောင်းတန်းအရှေ့ဘက်က အရင်အဆောက်အအုံဟောင်းတွေနဲ့ ပန်းတန်းကို အကုန်ပြန်ဖျက်ပြီး ပြင်လိုက်တယ်။ ပန်းတန်းနှင့် ကားလမ်းကြားမှာ သစ်ပင်တွေ၊ ပန်းပင်တွေစိုက်ပြီး အလှပုံဖော်လိုက်တယ်။ ဘုရားဖူးတွေအနေနဲ့ ဘုရားထဲ ဝင်ဝင်လာချင်းကို စိတ်ချမ်း သာသွားအောင် ဆောင်ရွက်လိုက်တာပါ။ လိပ်ကန်တွေ၊ ငါးကန်တွေကိုလည်း ပြန်လည်ပြင်ဆင်မှုတွေ ဆောင်ရွက် ခဲ့ပါတယ်။ ကျောင်းဆောင်တော်ကြီးတစ်ခုလုံးကိုလည်း ပြန်လည်မွမ်းမံကာ ရွှေချသွားမှာပါ။ နောက်ပြီး မဟာ ဗုဒ္ဓဝင်ဗိမာန်တော်ကြီးကိုလည်း အကြီးစားပြင်ဆင်ခဲ့ပါ တယ်။ အားလုံးနီးပါး ပြီးစီးနေပါပြီ။ နည်းနည်းပဲ ကျန်ပါတော့တယ်။ အရှေ့တောင်ထောင့်မှာရှိတဲ့ ဝန်ထမ်း အိမ်ရာတွေကို ပြန်ဖျက်ပြီး စောင်းတန်းတွေနဲ့ ကားပါကင် တွေ ဆောင်ရွက်နေပါတယ်။ မဟာမုနိဘုရားကြီး ပရိဝုဏ် ဝင်းအတွင်းမှာ ဝန်ထမ်းအိမ်ရာ ခြောက်နေရာ ရှိခဲ့ပါတယ်။ အဲဒါတွေအားလုံးကို ရွှေ့ပြောင်းစေပြီး ၈၄ လမ်းနဲ့ အမရပူရမြို့သွားတဲ့လမ်း မဟာမုနိဘုရားကြီးပိုင်မြေနေရာမှာ ဝန်ထမ်းအိမ်ရာတွေ အသစ်တည်ဆောက် ပေးခဲ့ပါတယ်။ ဘုရားဖူးတွေ အခမဲ့အသုံးပြုလို့ရမယ့် အဆင့်မြင့်အိမ်သာတွေလည်း တည်ဆောက်ထားပါတယ်။ နောက်ပြီး လျှပ်စစ်မီးနဲ့ပတ်သက်ပြီး အန္တရာယ်ကင်းရှင်း စေဖို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနဲ့တိုင်ပင်ပြီး အားလုံး ပြန်လည်ပြင်ဆင်ကာ မြို့တစ်မြို့ကို မီးပေးတဲ့ စနစ်မျိုး ဆောင်ရွက်နေပါတယ်။ ဒါတွေကတော့ အကြီးစား ပြင်ဆင်မှုတွေပါ။ အသေးစားတွေကတော့ အများကြီးပါပဲ” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ ဂေါပကအဖွဲ့အနေနဲ့ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် အစည်းအဝေးခေါ်ပြီး တိုင်ပင်တယ်၊ ဆုံးဖြတ်တယ်၊ ဘယ်လိုလုပ်မှာလဲ၊ ဘယ်လောက်ကုန် မှာလဲ၊ ကုန်ကျငွေနဲ့ လုပ်တာနဲ့ ပြန်ရတာတန်ရဲ့လား၊ ဒါတွေစစ်ဆေးပါတယ်။ လုပ်ငန်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးတဲ့ Third Party စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး ထောက်ခံချက်တွေရမှ ငွေထုတ်ပေးပါတယ်။ အဓိကကတော့ ပြည်သူလူထုလှူဒါန်းထားတဲ့ငွေတွေနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် အများပြည်သူဝမ်းမြောက်ဝမ်းသာဖြစ်မယ့်၊ စိတ်ချမ်းသာမယ့် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေအားလုံး ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ အကြီးစား ပြင်ဆင်မှုလုပ်ငန်းများတွင် မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီး၊ စောင်းတန်းများ၊ ဇရပ်များ၊ ဥယျာဉ်ငယ်များ၊ ကားပါကင် များ၊ လိပ်ကန်၊ ငါးကန်၊ ဝန်ထမ်းအိမ်ရာတည်ဆောက်မှုများ၊ တခြားအသေးစား ပြင်ဆင်မှုများနှင့် ပြင်ဆင်မှုအတွက် တခြားအလှူခံရရှိမှုများ အပါအဝင် ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော် အကုန်အကျခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •