“မန္တလေး လူသတ်ပွဲကြီး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေး လူသတ်ပွဲကြီး
••••••••••••••••••••••••

 

(၁)

မန္တလေးတွင် ယနေ့ စစ်အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများ ပြစ်ခတ်မှုကြောင့် နှစ်ဦး သေဆုံးပြီး ၄၀ ကျော်ဒဏ် ရာ ရရှိသွားသည်ဟု နယူးယောက်တိုင်းမ် သတင်းစာ က ဖေါ်ပြခဲ့သည်။

လုပ်ငန်းခွင် မဝင်ပဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ရတနာပုံ သင်္ဘောကျင်း လုပ်သားများအား လက်ပါးစေများက ဝင်ရောက် ပြစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သင်္ဘောကျင်း လုပ်သားများက လက်ပါးစေများအား တားဆီး ပိတ်ဆို့ရာမှ ရေပိုက်များ၊ ရော်ဘာကျည်ဆံ၊ လေးဂွများ နှင့် စတင် ပြစ်ခတ်ပြီးနောက် ကျည်အစစ် များ အသုံးပြုလာရာမှ ဆန္ဒပြသူများ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ရခြင်း ဖြစ်သည်။

စနိုက်ပါများမှ ချိန်ရွယ် ပစ်ခတ်နေမှုကြောင့် ဒဏ်ရာရသူများ အား ကယ်ဆယ်ရန် ဆေးဝန်ထမ်းများ အနားသို့ မကပ်နိုင်အောင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

နိုင်ငံတကာ ဥပဒေရေးရာ ဂျာနယ်ကြီး ဖြစ်သည့် Jurist မှ ရရှိသော သတင်းများအရ စစ်တပ်နှင့် ရဲ ပူးပေါင်း အင်အား ၅၀၀ ခန့် မှ သင်္ဘောကျင်းအား ဝင်ရောက်ပြီး ဆန္ဒပြ အလုပ်သမားများကို အလုပ်ဆင်းခိုင်းရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့လက်ချက်ကြောင့်ဒဏ်ရာရသွားသည့် ပြည်သူများကို ကယ်တင်ရန် ရောက် လာသည့် လူနာတင်ယာဉ်ကို ပြစ်ခတ်ခဲ့ကြယုံမျှမက ပရဟိတ ကယ်ဆယ်ရေး အဖွဲ့ဝင်များအားလည်း ခေါင်းမဖေါ်နိုင်အောင် ခြောက်လှန့်ပြစ်ခတ်ခဲ့ကြသည်။ ဒဏ်ရာရသူများကို ကယ်တင်ရန် ကြိုးပမ်းနေသူများကို ချိန်ရွယ်ပြစ်ခတ်ခဲ့ခြင်းသည် ဂျီနီဗာ ကွန်ဗင်းရှင်းအရ အကြီးမားဆုံးသော စစ်ရာဇဝတ်မှုကြီး ပင်ဖြစ်သည်။

ထိုသို့ ဒဏ်ရာရသူကို ကယ်တင်ရန် ကြိုးပမ်းရင်း အသက် ၁၆ နှစ်အရွယ် လူငယ်အမျိုးသားတဦးသည် စနိုက်ပါသမားလက်ချက်ဖြင့် ဦးခေါင်းထိမှန် ကျဆုံးသွာ းခဲ့သည်။

ပြည်သူများက ကျည်ဆံများ ပလူပျံအောင် ပြစ်ခတ်နေသည့်ကြားမှ ၎င်းအားအသက် ကယ်၍ ရလိုရငြား တွန်းလှည်တစီးဖြင့် အတင်းဆွဲခေါ်ထုတ်လာခဲ့ကြသည်။ ကျန်ဒဏ်ရာရရှိနေသူများကို ကယ်တင်ရန် ကြိုးစားနေသူများအားလည်းအဆက်မပြတ် ပြစ်ခတ်ခဲ့ကြပြန်သည်။

အဆိုပါ လူသတ်ပွဲကြီးအား ၃၈ လမ်းနှင့်၄၁ လမ်း အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၃၅ လမ်း နှင့် ၃၈ လမ်းအကြားကိုလည်း ပိတ်ဆို့ခဲ့ကြပြန်သည်။

နောက်ထပ် ဆန္ဒပြ ပြည်သူ အသက် ၃၆ နှစ်ရှိ လက်သမားဆရာ ကိုသက်နိုင်ဝင်းသည်လည်း ရင်ဘတ်တွင် ကျည်ဆံ ထိမှန်ဒဏ်ရာဖြင့် တိုင်းပြည်အတွက် အသက်ပေးလှုသွားခဲ့ရပြန်သည်။ ၎င်းသည် ကိုယ်တိုင် ပဉ္ဇင်းခံရန် နှင့် သားဖြစ်သူကို ရှင်ပြုပေးရန် ဆန္ဒပြင်းပြနေသူ ဖြစ်သည်ဟု သိရပြီး ယခုအခါ သူ၏ ဆန္ဒများ မပြည့်ဝတော့ပဲ မသမာသူများ၏ လက်ချက်ဖြင့် လောကကြီးမှ ထွက်ခွာသွားခဲ့ရပြီ ဖြစ်သည်။

အသက်ဘေးမှ လွတ်ရာလွတ်ကြောင်းကြောက်လန့် တကြား ထွက်ပြေးလာသောပြည်သူများအား မင်းအောင်လှိုင်၏ လက်ပါးစေများက ရော်ဘာကျည်ဆံများ လေးဂွများဖြင့် အလဲလဲ အပြိုပြို ဖြစ်ရန် အညှာတာ ကင်းမဲ့စွာ လိုက်လံ ပြစ်ခတ်ကြသဖြင့် လူပေါင်းများစွာ ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရသူများအား ကူညီရန် ရောက် လာသည့် လူများအားလည်း အဝင်မခံပဲ ပိတ်ဆို့ထားခဲ့ကြပြန်သည်။

ထို့အပြင် ကမ်းနားလမ်း အနီးရှိ စိန်ပန်းရပ်တွင် ကျုးကျော်တဲ ပေါင်း ၂၃၀ အားလည်း ဖျက်ဆီးခဲ့ကြပြန်သဖြင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။

Jurist တွင် ဖေါ်ပြထားသော သတင်းအရမူ လူ ၇ ဦးသေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရရှိသွားသည်ဟု သိရသည်၊ ဒဏ်ရာရသူများသည် ယခုအခါ ဗြမ္မာစိုဆေးရုံ၊ သံဃ ဆေးရုံ နှင့် မင်္ဂလာဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူလျက် ရှိသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ် ပြည်သူများဖက်က ဗီဒီယို ဖြင့် အစအဆုံး မှတ်တမ်းတင်နိုင်ခဲ့ကြသည်။

၎င်းတို့မှ ပြည်သူများမှ အကြမ်းဖက် တုန့်ပြန်လာကြစေရန် စနစ်တကျ အကွက်ဆင်ကျူးလွန်ခဲ့ကြခြင်း ဖြစ်သော်လည်း ပြည်သူများက တာဝန်ရှိသူများကိုသာ သီးခြားလက်တုန့်ပြန်သွားရန် ကြံစည်နေကြသည်ဟုလည်း သိရသည်။

ကိုးကား- https://www.jurist.org/news/2021/02/mandalay-death-toll-rises-after-myanmar-police-soldiers-open-fire-on-protestors/

 

(၂)

ဖေဖေါ်ဝါရီ ၂၀ ရက်နေ့သည်ကား အာဏာသိမ်း သက်တမ်းတလျောက်သွေးထွက်သံယို အများ‌ဆုံး ဖြစ်ခဲ့သည့်နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ မန္တလေး လူသတ်ပွဲကြီးအား စင်္ကာပူ အစိုးရပင် မနေနိုင်အောင် ဖြစ်လာပြီးလက်သင့်ခံနိုင်စရာ အကြောင်းမရှိဟု ပြောလာသည်။ ၎င်း၏ နိုင်ငံသားများအားလည်း အိမ်ထဲက အိမ်ပြင်မထွက်ရန် ပြောလာနေသည်။ ဤသည်ကလည်း စင်္ကာပူသံရုံးရှေ့တွင် ဆန္ဒပြမှုများ အပေါ် ကြောက်ရွံ့တုန်လှုပ်လာခြင်းကြောင့်လည်း ဖြစ်သည်။

အီးယူကလည်း ပြစ်တင် ရှုတ်ချလိုက်ပြီး နိုင်ငံခြားရေး ဝန်ကြီးများမှ ထိုကိစ္စအပေါ် အရေးယူ ဆောင်ရွက်ရန် ဘရပ်ဆဲလ်တွင် တနင်္လာနေ့တွင် တွေ့ဆုံရန်ရှိနေသည်။ အလားတူ အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ်တို့မှလည်း ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ကြသည်။ ဗြိတိန်သည် အာဏာသိမ်းအဖွဲ့ကို ထပ်မံ အရေးယူနိုင်ရန် နည်းလမ်းရှာ‌ ဖွေနေသည်ဟု ဆို
သည်။

ဂူဂဲလ်မှလည်း အာဏာသိမ်းအဖွဲ့အား ထောက်ခံဝါဒဖြန့်နေသည့် ဘလော့ဂ်များ၊ ဝက်ဆိုက်များနှင့် စစ်တပ်၏ ဂျီမေးလ် အကောင့်များ အားလည်း hosting လုပ်ပေးနေခြင်းမှ ရပ်ဆိုင်းလိုက်သည်။

မင်းအောင်လှိုင် နှင့် အဖွဲ့သည် နိုင်ငံတကာမှ ဝိုင်းဝန်း ရှုတ်ချနေမှူများကို စကားအရာနှင့်ပင် မတုန့်ပြန်ရဲသော်လည်း ၎င်းတို့လက်ခုပ်ထဲက ရေပမာ ဖြစ်နေသော ပြည်သူများကိုမူ လက်နက်ဖြင့် အနိုင်ကျင့်နေဆဲ ဖြစ်သည်။

သို့သော် လှုပ်လေ မြုပ်လေ အနေအထားနှင့် ရင်ဆိုင်လာ‌‌နေရပြီဖြစ်သည်၊ မင်းအောင်လှိုင်သည် အခြေအနေ မကောင်းလျှင် နိုင်ငံခြား အစိုးရများ၏ ဝင်ရောက်စေ့စပ်ပေးမှုဖြင့် နိုင်ငံတွင်းမှ အလွယ်တကူ တိမ်းရှောင်သွား
နိုင်သော်လည်း ၈၈ အတိုင်း ဖြစ်လာမည်လားဟု စိတ်ကူးယဉ်ခဲ့ကြသည့် အာဏာရူးအလိုတော်ရိများ အဖို့ ပြည်သူများ၏ ဒဏ်ခတ်ခြင်းကို သားစဉ်မြေးဆက် ခံကြရပေတော့မည် ဆိုသည်ကို သတိမူသင့်ပြီ ဖြစ်သည်။ ထို့အတွက် အချိန်မီ ပြည်သူများနှင့် ပူးပေါင်းရန် စဉ်းစားသင့်ပြီ ဖြစ်သည်။

ပြည်ပနိုင်ငံများမှ အကူအညီပေးရန် ပြည်သူများ၏ တောင်းဆိုမှုများ မြင့်တက်လာနေသည်နှင့်အမျှ နိုင်ငံတကာမှလည်း ထိုကိစ္စအပေါ် မည်သို့မျှ လစ်လျုရှု နေ၍ မရတော့သည်က သေချာသည်ထက် သေချာနေပြီ ဖြစ်သည်။

ပထမ အ‌ဆင့်အနေဖြင့် ပြည်သူ့များက ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့အစည်း ဖြစ်သည့် CRPH ကို တရားဝင် အသိအမှတ် ပြုရန်ပင် ဖြစ်သည်။

ဝန်ထမ်းများကို သေနတ်နှင့် ချိန်ကာ အလုပ် ဆင်းခိုင်းနေရသည့် ဘဝ ရောက် လာ နေပြီ ဖြစ်သော အစိုးရမျိုးအား မည်သည့်နိုင်ငံကကော ယုံယုံကြည်ကြည် နေရာပေး ဆက်ဆံကြပေဦးမည်နည်း။

ပြည်သူများဖက်က ဆက်လက်တောင့်ခံ ထားဖို့သာ လိုတော့သည်။

အရေးတော်ပုံ အောင်တော့မည်¶¶

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •