မန္တလေး သွား တောလား ( ဒင်းနစ် စမစ် ၏ “ကမ္ဘာ့ မျက်နှာစာ မှ အနောက် အုပ်စု ထွက်ခွာပြီ” အက်ဆေးများမှ )

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေး သွား တောလား

 

(ဒင်းနစ် စမစ် ၏ “ကမ္ဘာ့ မျက်နှာစာ မှ အနောက် အုပ်စု ထွက်ခွာပြီ” အက်ဆေးများမှ)

ကမ္ဘာစစ်ကြီး နှစ်ခု အကြားတွင် အနောက်တိုင်းသည် ၎င်းတို့ အချင်းချင်း ကြား ဝိရောဓိများ ဖြစ်လာကြသည်။ ၎င်းတို့သည် နယ်မြေချဲ့ရန် ရည်မှန်းချက် ကြီးမားစွာ ရှိနေဆဲ ဖြစ်သော်လည်း အကွဲအပြဲများက နက်ရှိုင်းလာနေခဲ့သည်။ ဥရောပ ကုန်းမြေကြီး တွင် ပဋိပက္ခ များ ဖြင့် ဖုံးလွှမ်းလာပြီး သွေးရူးသွေးတမ်း ဖြစ်နေချိန်၌ အမေရိကန် ပြည်ထောင်စုသည် ၎င်းတို့ အကြား မဝင်သည့်အပြင် သံခင်းတမန်ခင်းအရပါ ဖာသိဖာသာ နေထိုင်နိုင်ခဲ့သည်။

ထိုသို့ အမေရိကန်တို့က ၎င်းတို့နှင့် မဆိုင်သလို နေ နေချိန်တွင် အင်ပီရီယယ် လန်ဒန် ရွှေမြို့တော်ကြီးကတော့ နာဇီ ဘာလင်၊ ဖက်ဆစ် အီတလီ နှင့် ထိတ်တိုက် တွေ့လာနေပြီး ဆိုဗီယက် မော်စကို သည် ထိုသုံးနိုင်ငံ စလုံး နှင့် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။ ၎င်းတို့အချင်းချင်း ရန်စောင်နေကြချိန်၌ စပိန်တွင် ပြည်တွင်းစစ်ပွဲကြီး ဖြစ်လာခဲ့သည်။ ထိုပြည်တွင်းစစ်ပွဲကြီးသည် ဥရောပရှိ ပြိုင်ဖက်များ အတွက် သွေးတိုးစမ်း ယှဉ်ပြိုင်နိုင်မည့် ခြေစစ်ပွဲ ကျင်းပရာ ကစားကွင်းကြီးလည်း ဖြစ်လာခဲ့ရသည်။

ကမ္ဘာစစ်ကြီး နှစ်ခုအကြား ဗြိတိသျှ အင်ပိုင်ယာကြီးသည် အရာမယွင်း ရှိနေပြီး အနောက်နှင့် ကမ္ဘာကြီး အကြား ဖြန်ဖြေနိုင်စွမ်းရှိသည့် တခုတည်းသော တိုင်တည်ရာ အဖြစ် လူတွင်ကျယ် လုပ်နိုင်နေဆဲပင် ဖြစ်သည်။ ၎င်း၏ အဓိက ပြိုင်ဖက်ကြီးများ ဖြစ်ခဲ့သည့် မော်စကို၊ ဗီယင်နာ၊ ဘာလင် နှင့် ကွန်စတန်တီနိုပဲလ် အင်ပိုင်ယာများက ပြိုလဲသွားခဲ့ပြီလည်း ဖြစ်သည်။ ဗြိတိသျှ အင်ပိုင်ယာကြီးသာ ထီးထီးကြီး ကျန်နေခဲ့ပြီး ပြိုင်ဖက် မရှိ ဖြစ်လာနေမှုနှင့် ၎င်း၏ လက်ငုပ်လက်ရင်းများအကြား လိုက်လျောညီထွေ ဖြစ်ရန် ကြိုးစားလာခဲ့သည်။

ယခု ခေတ်စကားနှင့် ပြောရလျှင် အိန္ဒိယ အင်ပိုင်ယာ ပြည့်ရှင်ကြီးသည် ကမ္ဘာထိပ်တန်းရောက် မြို့ပြ စက်မှု ဒီမိုကရေစီ နိုင်ငံများ၏ အကြီးအကဲ ဘဝ ရောက်လာခဲ့သည်ဟူ၍ပင် ဖြစ်သည်။ ထိုသို့သော ဒီမိုကရေစီ နိုင်ငံများ၏ ခေါင်းကိုင် ကြီးအား ၁၉၁၆ တွင် ဒပ်ဗလင် မြို့သားများ၏ ထကြွ ပုန်ကန်လာမှု နှင့် နောက်ပိုင်း အိုင်ယာလန် သူပုန်ထမှုကြီးများ၏ ဂယက်သည် ဝေးကွာလှသော ဗမာပြည်အထိပင် ပြင်းထန်စွာ ရိုက်ခတ်လာခဲ့ရသည်မှာ အဆန်းတကြယ်တော့ မဟုတ်ပေ။ အောင်ဆန်းစုကြည်၏ ဖခင် ဖြစ်သူ သည်ပင် အိုင်ယာလန် သူပုန်ကြီး အေမွန် ဒဲ ဗယ်လာရာကို သူရဲကောင်းတဦးပမာ လေးစား ကြည်ညို ခဲ့သည် မဟုတ်ပါလား။

ထို့သို့ ဆက်စပ် ထင်ဟပ်နိုင်ခြင်းမျိုး ဖြင့် ကျွနုပ်တို့၏ သူပုန်ကြီး လေးဦး နှင့် ၎င်းတို့ ရင်ဆိုင်ခဲ့ရသည့် အုပ်ချုပ်သူများ အကြောင်းကို နောက်တကြိမ် ပြန်ကျော့ရပေဦးမည်သာ ဖြစ်သည်။

ဆယ့်ကိုးရာစုနှစ် အကုန်ပိုင်းတွင် ဗြိတိသျှ အင်ပိုင်ယာကြီးသည် အိုင်ယာလန်မှ စိမ်ခေါ်မှုကြီးကို သုံးဆ တိုးကာ ရင်ဆိုင်ခဲ့ရသည်။ ယင်းတို့သည်ကား အင်္ဂလိပ် မြို့ကြီးများအား ဖီနီယန် ဂိုဏ်သားများ၏ ဗုံးခွဲတိုက်ခိုက်လာမှုများ၊ ပါလီမန် ထဲတွင် ချားလ် စတီးဝပ် ပါနယ် ဦးဆောင်သော အိုင်းရစ်ချ် ပါလီမန် ပါတီ ၏ ဖျက်လိုဖျက်ဆီး လုပ်ရပ်များ နှင့် ကျွနုပ်တို့၏ သူပုန်ကြီးများထဲတွင် တဦးအပါအဝင် ဖြစ်သော၊ အော်စကာ ဝိုင်း ကဲ့သို့သော၊ ပုဂ္ဂိုလ်များက အုပ်ချုပ်သူ နယ်ချဲ့ သမားများ ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး နှင့် ကိုယ်ကျင့် သိက္ခာပိုင်းဆိုင်ရာ ခံယူချက်များကို မှောက်လှန်ပြစ်ကာ တဖျောင်းဖျောင်း ရိုက်ချိုး လာမှုများပင် ဖြစ်သည်။

ဒုတိယမြောက် စိမ်ခေါ်ခြင်း ခံလာရသည်မှာ ဟစ်တလာ ၏ တတိယ ရိုက်ချ် နိုင်ငံတော်ကြီးပင် ဖြစ်သည်။ နာဇီ တို့သည် ကနဦးက ဗြိတိသျှ အင်ပိုင်ယာကြီးကို ကြည့်ကာ အားကျလာကာ စိတ်ကူးစိတ်သန်းများ ပေါ်လာကြခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ကမ္ဘာရန်သူကြီးများ သဖွယ် ဖြစ်လာခဲ့ကြသည်။ ဩစတီယား ပြည်ပေါက် ဂျူးအနွယ်ဝင် ယန်း အေမရီသည် သူ့ဘဝ သက်တမ်း အတော်များများအား နာဇီ ဆန့်ကျင်ရေး အတွက် မြုပ်နှံခဲ့သူ ဖြစ်သည်။ ထိုသို့ ဆန့်ကျင်ခဲ့မှုကြောင့် နာဇီ တို့၏ သုံံပန်းစခန်းများတွင် ကျောကော့အောင် ခံခဲ့ရသည်။ သူ့အပေါ် နှိပ်စက်ညှင်းပမ်းခဲ့ကြသူများ အပေါ် မကျေမခြမ်းနိုင်ပဲ အညှိုးကြီးစွာ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ကျန် သူပုန်ကြီး နှစ်ယောက်သည်ကား ဗြိတိသျှ တို့ မြေတောင် မြှောက်ပေးခဲ့သည့် လူမှု နိုင်ငံရေး အစည်းအရုံးကြီးတွင် လူအဖြစ် မွေးဖွားလာခဲ့ရခြင်း ဖြစ်သည်။ တယောက်မှာ တောင်အာဖရိက ရှိ ၁၉၄၈ မှ ၁၉၉၄ အထိ ကျင့်သုံးခဲ့သည့် အသားအရောင် ခွဲခြား အုပ်ချုပ်သည့် အပါသိုက် စနစ်အား တွန်းလှန်ဆန့်ကျင်ခဲ့သည့် နယ်လ်ဆန် မင်ဒဲလား ဆိုသူ ဖြစ်လေသည်။ နောက်ဆုံးတယောက်သည် ၁၉၆၂ မှ ၂၀၁၀ အထိ မြန်မာပြည်တွင် ကျင့်သုံးခဲ့သော စစ်အာဏာရှင် စနစ် ကို ဆန့်ကျင်ခဲ့သည့် အောင်ဆန်းစုကြည် ဆိုသူ အမျိုးသမီးကြီးပင် ဖြစ်သည်။ သူမ သည် ၁၉၄၅ တွင် မွေးဖွားခဲ့ပြီး ၁၉၈၈ တွင် ပြည်ပ တွင် နေထိုင်ခဲ့ရာမှ ပြန်လည် ရောက်ရှိလာခဲ့သည်။

အဆိုပါ သူပုန်ကြီး လေးဦးစလုံးသည် ထောင်သွင်း အကျဉ်းချ ခံခဲ့ရသူများသာ ဖြစ်သည်။ အော်စကာ ဝိုင်းသည် ဗြိတိသျှ တို့၏ နရသိန် အကျဉ်းထောင်ကြီးထဲတွင်၎င်း၊ ယန်း အေမရီသည် နာဇီ သုံ့ပန်းစခန်းများ တွင် ၎င်း၊ မင်ဒဲလားသည် တောင်အာဖရိက ကမ်းခြေ အနီးရှိ ကျွန်းတကျွန်း ပေါ်တွင် တကျွန်းစံဘဝဖြင့် ၎င်း၊ အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်တွင် အကျယ်ချုပ် ဘဝဖြင့် ၎င်း၊ အသီးသီး နေထိုင်ခဲ့ကြရသည်။

အော်စကာ ဝိုင်းအား ဗြိတိသျှတို့က မဖွယ်မရာ ပြုမှု (လိင်တူချင်း ပတ်သက်မှု) ပုဒ်မ ၁၁ ဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် နှစ် နှစ် အပြစ်ပေးကာ ထောင်သွင်း အကျဉ်းချခဲ့သဖြင့် ၁၈၉၅ မှ ၁၈၉၇ အတွင်း ဘတ်ရှိုင်းရား အရပ်ရှိ ရီဒင်း အကျဉ်းထောင် ကြီး အတွင်း နေခဲ့ရသည်။ အော်စကာ ဝိုင်းသည် ထိုအကျဉ်းထောင်ကြီး အတွင်းမှပင် De Profundis ဆိုသော နှလုံးသားမှ တမ်းတသံ လွမ်းချင်းရှည်ကြီးကို သူ၏ ချစ်သူ လော့ဒ် အယ်ဖရက် ဒေါက်ဂလပ်စ် ထံ ပေးစာရှည်ကြီး အဖြစ် ရေးဖွဲ့နိုင်ခဲ့သည်။

ယန်း အေမရီ သည် ဘဲလ်ဂျီယံတွင် နာဇီ ဆန့်ကျင်ရေး ဖြင့် စွပ်စွဲခံရပြီး ၁၉၄၃ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် ဘဲလ်ဂျီယံ လျို့ဝှက်စစ်ပုလိပ်အဖွဲ့၏ ညှင်းပမ်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ အေမရီသည် ဂျူးအနွယ်ဝင်မှန်း သိရှိသွားကြသည့်အခါ တွင်တော့ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အော့ချဝစ် သုံ့ပန်းစခန်းကြီးသို့ ပို့လိုက်ကြသည်။ ထို သုံ့ပန်းစခန်းကြီးထဲတွင် ဘဲလ်ဂျီယံ မှ ရောက်လာသူ ဂျူး ၂၃,၀၀၀ အနက် ၃% မျှပင် မရှိသော လူ ၆၁၅ ဦးသာ အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ခဲ့သည်။ ယန်း အေမရီသည် ထို ၆၁၅ ဦးထဲတွင် တဦးအပါအဝင် ဖြစ်ခဲ့သည်။

နယ်ဆင် မန်ဒဲလား ကိုတော့ ၁၉၆၄ ခုနှစ်တွင် ဖေါက်ခွဲဖျက်ဆီးရန် ကြံစည်မှု ဖြင့် အပြစ်ပေးခဲ့ကြသည်။ ထိုအမှု အတွက် နှစ်ပေါင်း နှစ်ဆယ် ခုနှစ်နှစ် ခန့် နိုင်ငံရေး အကျဉ်းသားများသာ ရှိသည့် ရော်ဘင်ကျွန်း အပါအဝင် ထောင်ပေါင်းစုံတွင် လှည့်ပတ် နေထိုင်ခဲ့ရသည်။

အောင်ဆန်းစုကြည်သည် ‘နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အား နှောက်ယှက်လာနိုင်ဖွယ်” ရှိသည့် လုပ်ရပ်များကို ကျူးလွန်သည် ဆိုကာ ‘နိုင်ငံတော်အား အဖျက်သမားများ၏ ရန်မှ ကာကွယ်တားဆီးသည့်’ ပုဒ်မ ၁၀ (က) ဖြင့် အပြစ်ပေးခံခဲ့ရသည်။ သူမသည် အကျဉ်းထောင် ထဲတွင် မပြောပလောက်သော အချိန်လောက်သာ နေခဲ့ရပြီး ရန်ကုန်မြို့ရှိ သူမ၏ မိသားစုအိမ်ကြီးတွင် နှစ်ပေါင်း ဆယ့်ငါးနှစ်မျှ အကျယ်ချုပ်ဘဝ ဖြင့် တကိုယ်တည်း နေခဲ့ရသည်။

(ဆက်လက်တင်ပြပါမည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •