မန္တ​လေး ဈေးချိုတော်နှင့် အဆင့်မြင့်ရတနာပုံဈေးကို COVID-19စည်းကမ်းချက်များနှင့်အညီပြန်လည် ဖွင့်လှစ်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19စည်းကမ်းချက်များနှင့်အညီ ဈေးချိုတော်နှင့် အဆင့်မြင့်ရတနာပုံဈေး ပြန်လည် ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများ စစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခေတ္တပိတ်ထားခဲ့ရသည့် အဆင့်မြင့်စျေးချိူတော်၊ မန်းမြန်မာပလာဇာနှင့် အဆင့်မြင့်ရတနာပုံစျေးများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၆ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့် သားသတ်ဌာန၊ ဒုတိယဌာနမှူး ဦးတင်စိုး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရဲကျော်စွာ၊ မန္တလေး ခရိုင်မီးသတ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းချစ် တို့နှင့် တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စျေးများ ပြန်လည်ဖွင့်လှစ်နိုင်ရာတွင် COVID-19 ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များ၊ Social Distancing နှင့်အညီ ဈေးအတွင်း လျှောက်လမ်းများ ကျယ်ပြန့်စေရေး၊ လေဝင်လေထွက် ကောင်းမွန်စေရေး၊ အလင်းရောင် လုံလောက်စွာ ရရှိစေရေး၊ ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ ထားရှိရေး၊ အများမြင်သာသည့် နေရာများတွင် ရောဂါကာကွယ်ရေး အသိပညာပေး ပိုစတာများ ချိတ်ဆွဲထားရှိရေး၊ လက်ဆေးကန်၊ လက်ဆေးရည်များ ထားရှိမှု၊ Maskနှင့် ကာကွယ်ရေးပစ္စည်းများ စွန့်ပစ်နိုင်ရန် စီမံထားရှိမှု၊ သန့်စင်ခန်းများ ကျန်းမာရေးနှင့် ညီညွတ်စေရန် ပြင်ဆင်ထားရှိမှု၊ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအင်အား သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး စသည့် ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားရှိရေးတို့ကို စစ်ဆေးခဲ့ရာ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း၊ မန်းမြန်မာပလာဇာ ဈေးအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်း တို့နှင့် အဖွဲ့ဝင်များက လိုက်လံရှင်းလင်း ပြသခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် အဆိုပါအဖွဲ့သည် အဆင့်မြင့် ရတနာပုံဈေးသို့ ရောက်ရှိပြီး COVID-19 ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ဈေးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အလားတူ စစ်ဆေးခဲ့ရာ အဆင့်မြင့် ရတနာပုံဈေး အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူနှင့် အဖွဲ့ဝင်များမှ လိုက်လံရှင်းလင်း ပြသခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ဈေးများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •