မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိရေပြင်သို့သယ်ဆောင်မည့် ၈၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်များကွမ်းခြံကုန်းတွင် ဖမ်းမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကွမ်းခြံကုန်းမြို့နယ်တွင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိရေပြင်သို့သယ်ဆောင်မည့် ငွေကျပ် ၇၉.၉၈ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

နေပြည်တော်။ ဩဂုတ် ၁၃

 

နေပြည်တော်။ ဩဂုတ် ၁၃

ဇူလိုင်လ ၃၁ ရက်နေ့ ၂၂၃၀ အချိန် လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာ၊ တံငါလှေဆိပ် အနီးတွင် မသင်္ကာဖွယ်ရပ်တန့်ထားသော NISSAN CARAVAN အမျိုးအစားမော်တော်ယာဉ်ကိုရှာဖွေရာ ရဲဝေလင်း (ခ)အငယ်လေး အားတွေ့ရှိပြီးယာဉ်နောက်ခန်းရှိဆာလာအိတ်များအတွင်းမှ အိုက်စ် ၉၉၉ ဒသမ ၈ ကီလို၊ Speed Boat တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းစစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့မှ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြားရှိရေပြင်သို့ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် လင်းလင်းထိုက်(ခ)လင်းငယ် အား ဩဂုတ်လ ၁ ရက်နေ့ ၁၀၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိဟိုတယ်၌လည်းကောင်း၊ စိုင်းထွန်းလှိုင် အား ဩဂုတ်လ ၃ ရက်နေ့ ၁၇၃၀ အချိန်တွင် ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ရာဒိုစစ်ဆေးရေး ဂိတ်တွင်လည်းကောင်း၊

 

ကျော်ဦး(ခ)တရုတ် အား ဩဂုတ်လ ၄ ရက်နေ့ ၁၁၃၀ အချိန်တွင် တောင်ကြီးမြို့၊ မီးပုံးပျံကွင်းအနီးတွင်လည်းကောင်း၊ မမိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုးနှင့် မမိုးသုကဗျာ တို့အား ဩဂုတ်လ ၄ ရက်နေ့ ၁၃၃၀ အချိန်တွင် ဟိုပုံးမြို့၌လည်းကောင်း၊ သိန်းရာဇာ(ခ)သိန်းကြီးနှင့်ချစ်ပိုပို(ခ)ချစ်ပို တို့အား ဩဂုတ်လ ၉ ရက်နေ့ ၀၉၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဂုံညှင်းနီကျူးကျော်ရပ်ကွက်၊ ခတ္တာလမ်းနေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါတယ်။

 

ရဲဝေလင်း(ခ)အငယ်လေး(၂၇)နှစ်၊ လင်းလင်းထိုက်(ခ) လင်းငယ်(၃၂)နှစ်၊ စိုင်းထွန်းလှိုင်(၃၄)နှစ်၊ ကျော်ဦး(ခ)တရုတ်(၄၈)နှစ်၊ မိုးသူဇာ(ခ)မိုးမိုးသူ(ခ)မိုးမိုး(၄၉)နှစ်၊ မိုးသုကဗျာ(၂၂)နှစ်၊ သိန်းရာဇာ(ခ)သိန်းကြီး(၃၀)နှစ်၊ ချစ်ပိုပို(ခ)ချစ်ပို(၂၂)နှစ်တို့အား Speed Boat တစ်စီး၊ မော်တော်ယာဉ် ၉ စီး၊ နေအိမ် ၃ လုံး တို့နှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ အား ယာယီချိတ်ပိတ်သိမ်းဆည်း၍ ကွင်းဆက်တရားခံများ ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့အရ အရေးယူ နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •