မိုးကုတ်တွင် ငွေကျပ် ၁.၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၁.၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ဒီဇင်ဘာလ ၁၅ ရက်က ငွေကျပ် ၁.၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြိုတင်သတင်းရထားသည့် ယာဉ်အမျိုးအစား/အရောင်/နံပါတ်တို့အရ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့ဘက်သို့ ဆန်းကျော်ဦး မောင်းနှင်လာသည့် ISUZU ၆ ဘီးမော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားပြီး ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူ ၂၇.၃၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများအား မိုင်းရယ်မြို့မှ မိုးကုတ်မြို့သို့ သယ်ဆောင်ရာတွင် တာဝန်ခံသယ်ဆောင် လာသည့် ဆန်းမင်းနိုင် မောင်းနှင်ပြီး စိုင်းမင်းသူ လိုက်ပါလာသည့် AD VAN အမျိုးအစားမော်တော်ယာဉ်ဖြင့် ရှေ့မှမောင်းနှင်သွားကြောင်းသိရသဖြင့် ဆက်လက်စိစစ်ရန် ညနေ ၆ နာရီခန့်တွင် မိုးကုတ်မြို့၊ ကင်းချောင်းရေတံခွန် ရှေ့တွင် ဖမ်းဆီးရမိခဲ့သဖြင့် ဆန်းကျော်ဦး(၄၆)နှစ်၊ ဆန်းမင်းနိုင်(၂၆)နှစ်၊ စိုင်းမင်းသူ(၃၁)နှစ်တို့အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

စိုင်းမင်းသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၀၀၀ ပြားနှင့် ဘိန်းဖြူ ၀.၂ ကီလို ဖမ်းဆီးရမိသည့်အမှုမှ ၎င်းမူးယစ်ဆေးဝါးများသယ်ဆောင်သူ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။

CCDAC
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •