မူဆယ်မြို့၊ နွားကွင်း၌ နွားအကောင်ရေ(၁)သောင်းကျော် သောင်တင်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မူဆယ်             စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်စပ်ဒေသမူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ကျွဲ၊ နွားအရှင် များကို Standard Operating Procedure(SOP)နှင့်အညီ မြန်မာနိုင်ငံ၊ ပြည်တွင်း ကုမ္ပဏီများက တင်ပို့ရောင်းချလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် တရုတ်နိုင်ငံဘက် က နယ်စပ်ဂိတ်များကို ပိုမိုတင်းကြပ်လာပြီး တရုတ်နိုင်ငံ၊ ကျွဲ၊ နွားကုန်သည်များက လာရောက် ဝယ်ယူမှုမရှိသည့်အတွက် မူဆယ်မြို့၊ နွားကွင်း၌ ကျွဲ၊ နွားအရှင်စုစုပေါင်း(၁) သောင်းကျော် သောင်တင် နေကြောင်းသိရသည်။

“အရင်ကိုဗစ်-၁၉ရောဂါမဖြစ်ပွားခင်မှာတော့ တစ်ရက်၊ နှစ်ရက်နဲ့တင်  ကျွဲ၊ နွားအရောင်းအဝယ်တည့်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်ပါတယ်၊ ကိုဗစ်-၁၉ရောဂါစတင်ဖြစ်ပွားတဲ့ အချိန်တုန်းကလည်း တရုတ်နိုင်ငံ ဘက်က ကျွဲ၊ နွားကုန်သည်(၁၀)ဦးခန့်နေ့စဉ်ဝင်ရောက်လာပြီး တစ်ရက်မှာ အကောင်ရေ(၁) ထောင် ကျော်နဲ့ အရောင်းအဝယ်ပုံမှန် နီးပါးအတိုင်းရှိနေပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်တက်လာတာနဲ့အတူ တရုတ်နိုင်ငံပြည်တွင်းဘက်နဲ့ နယ်စပ်ဂိတ်တွေမှာ ပိုမိုတင်းကြပ်လာတဲ့အတွက် တရုတ်နိုင်ငံ ဘက်က ကျွဲ၊ နွားကုန်သည်တွေအနေနဲ့ (လုံးဝ)လာမဝယ်တာ (၁)လကျော်နေပါပြီ၊ ဘယ်အချိန်မှာ ကျွဲ၊ နွားအရောင်းအဝယ်တွေ အရင်လိုပြန်အဆင်ပြေလာမလဲဆိုတာ အခုအချိန်အထိ မသိရသေးပါဘူး”လို့ ကျွဲ၊ နွားကုန်သည်ကိုကြည်ခင်က လက်ရှိကျွဲ၊ နွား အရောင်းအဝယ် ရပ်တန့်ရခြင်းအကြောင်းကို ပြောကြားသည်။

မြန်မာနိုင်ငံဘက်က ကျွဲ၊ နွားအရှင်များကို တရားဝင်တင်ပို့ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံဘက်က တရားဝင်ခွင့်ပြုထားခြင်း မရှိသည့်အတွက် မြန်မာကျွဲ၊ နွားကုန်သည်များအနေဖြင့် တရုတ်နိုင်ငံဘက်သို့ ကိုယ်တိုင်သွားရောက်မတင်ပို့နိုင်သည့်အတွက် တရုတ်နိုင်ငံ၊ ကျွဲ၊ နွားကုန်သည်များက မူဆယ်မြို့၊ နွားကွင်းသို့ ကိုယ်တိုင်လာရောက်ဝယ်ယူမှုစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေသည်။ “မိုးရာသီ ကာလ ဆိုတော့ နွားကွင်းမှာ ရွံ့ဗွတ်တွေနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာလည်း အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရပါတယ်၊ ကိုယ့်ပိုင်တဲ့ ကျွဲ၊ နွားအရှင်တွေကို သေချာဂရုစိုက်စောင့်ရှောက်နေရတယ်၊ တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ရောဂါအခြေအနေအရ လာရောက်ဝယ်ယူမှုမရှိရင် ကျွန်တော်တို့ဘက် ကတော့ ဒုက္ခခံပြီး ဆက်လက်စောင့်ဆိုင်းနေရအုံးမှာပဲ၊ စောင့်ဆိုင်းနေရင်း စားစရိတ်၊ နေစရိတ်အပြင် ကျွဲ၊ နွားကျွေးမွေးစောင့်ရှောက်ခစရိတ်တွေနဲ့ အရမ်းနစ်နာနေပြီ”လို့ ကျွဲ၊ နွားများသောင်တင် ခြင်းကြောင့် အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရကြောင်းကို ကုန်သည်ဦးစိုင်းထွန်းက ပြောကြားသည်။

နယ်စပ်ဒေသမူဆယ်မြို့၊ နွားကွင်းအထိ ကျွဲ၊ နွားအရှင်(၁)ကောင်လျှင် ငွေကျပ်(၆)သိန်းကျော် ကုန်ကျခဲ့ပြီး မူဆယ်မြို့၊ နွားကွင်း၌ ကျွဲ၊ နွား(၁)ကောင်၏ ကျွေးမွေးစရိတ်သည် တစ်ရက်လျှင် ကျပ်ငွေ(၃)ထောင်မှ (၄)ထောင်ကြားအထိ ကုန်ကျခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့က အကောင်(၁)ရာပြည့်ရင် လိုင်စင်ရပြီ၊ နယ်စပ်ဒေသမူဆယ်မှာ ကျွဲ၊ နွားအရောင်း အဝယ်ပျက် နေပေမယ့် လိုင်စင်သက်တမ်းက(၁၀)ရက်ပဲခွင့်ပြုထားတယ်ဆိုတော့ ပြည်တွင်းက ရောက်လာသမျှ ကျွဲ၊ နွားတွေက အစုလိုက် ဒီမှာပဲသောင်တင် နေတာဖြစ်တယ်”လို့ ကုန်သည်ဦးစိုင်းထွန်း က ဆက်လက်ပြောသည်။

တရုတ်နိုင်ငံဘက်မှ ကျွဲ၊ နွားအရှင်များကို ဝယ်ယူရာ၌ ကျင်စနစ်နဲ့ ဝယ်ယူလျက်ရှိရာ ယခင်ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားခင်ကာလတွင် တစ်ကျင်လျှင်(၁၄)ကျပ်၊ (မြန်မာကျပ်ငွေ(၂၅)သိန်း)ဖြင့် အရောင်းအဝယ်ရှိနေပြီး ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီးနောက် တစ်ကျင်လျှင် (၁၂)ကျပ်ခွဲ (မြန်မာကျပ်ငွေ(၂၁)သိန်း) အထိ အရောင်းအဝယ် ကျဆင်းလာခဲ့ကြောင်းလည်းသိရသည်။ မြန်မာ-တရုတ်နှစ်နိုင်ငံကျွဲ၊ နွားအရောင်းအဝယ်ပြုရာ၌ ကျင်၊ ကီလိုဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ကျွဲ၊ နွားအရှင်၏ ကိုယ်လုံးအကြီး/အသေးအပေါ်မူတည်၍ ဈေးနှုန်းကွာခြားသတ်မှတ်ထားသည်။

“သူတို့နိုင်ငံမှာ ကန့်သတ်ချက်တွေနဲ့အတူ တင်ကြပ်လာတဲ့အတွက် ဒီဘက်ကို မလာရဲဘူး၊ ဒီဘက်လာမယ်ဆိုရင် လည်း(Lock Down)  မိသွားမှာကို စိုးရိမ်တာရယ်၊ မြန်မာနိုင်ငံဘက်မှာ ကိုဗစ်-၁၉ရောဂါကူးစက်မှုတွေ မြင့်တက်လာတဲ့အတွက် လာရောက် မဝယ်နိုင်တာလို့လည်း ကြားသိရပါ တယ်”လို့ ကျွဲ၊ နွားကုန်သည် ကိုကြည်ခင်က ပြောကြားသည်။

မူဆယ်မြို့၊ နွားကွင်း၌ တစ်သောင်းကျော်သောင်တင်နေသည့် ကျွဲ၊ နွားအရှင်များကို မူဆယ်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျွဲ၊ နွားစုစုပေါင်း(၃)ထောင်ခန့်ကို ပြုစုစောင့်ရှောက် ပေးနိုင်ပြီဖြစ်ကြောင်းသိရပြီး ကျန်ရှိနေသေးသည့် ကျွဲ၊ နွားများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •