အမေရိကန်သမ္မတရွေးကောက်ပွဲအကြိုစကားရည်လုပွဲပေါ်အမြင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇸 အမေရိကန်သမ္မတရွေးကောက်ပွဲအကြိုစကားရည်လုပွဲပေါ်အမြင်။

သမ္မတလောင်းစကားရည်လုပွဲနဲ့မတူပဲ ကလေးနှစ်ယောက်ငြင်းခုံပွဲနဲ့တူသွားပါတယ်။

ကျနော့်အမြင်က နှစ်ဖက်စလုံး ဘယ်သူမှမနိုင်ဘူးလို့မြင်တယ်။

ရီဘာပလစ်ကင်ပါတီဘက်က လက်ရှိသမ္မတထရမ့်က #စကားရည်လုပွဲစည်းကမ်းကိုမလိုက်နာပဲ ဒီမိုကရက်တစ်ဘက်က ဒုသမ္မတဟောင်းဂျိုးဘိုင်ဒင်အလှည့်မှာ စကားကိုရေပက်မဝင်အောင် ဝင်ဝင်ပြောတယ်။

သူ့အလှည့်မဟုတ်ပဲ ကရားရေလွှတ်ဆိုတာထက် ကောင်းဘွိုင်စတိုင်တဒိုင်းဒိုင်း စကားလုံးတွေနဲ့ စွတ်ပစ်နေတဲ့ လူကြမ်းကြီးနဲ့တူတယ်။

ပြီးတော့ ထရမ့်က ပါဆင်နယ်တိုက်ခိုက်မှုတွေပါလုပ်သွားပါတယ်။

ဂျိုးဘိုင်ဒင်ကလူကြီးလူကောင်းစတိုင်နဲ့ပြန်ပြီးပြောတယ်။ ခက်တာက ထရမ့်ရဲ့အကြမ်းအရမ်းကလေးဆိုးကြီးလို သူ့အလှည့်မဟုတ်ပဲ သူများစကားကိုဝင်ငြင်းနေတာကို #ဂျိုးဘိုင်ဒင်ကအကွက်လှလှနဲ့ပြန်မတွယ်နိုင်ခဲ့ဘူး။

အမေရိကန်သမ္မတဖြစ်မယ့်သူတစ်ယောက်ဟာ ပျော့ညံ့တဲ့ပုံ မထွက်သင့်ပါဘူး။

၁၉၈၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အဲ့လိုမျိုး မဟုတ်တာရောဟုတ်တာရော ဖိပြောတဲ့ပြိုင်ဖက် လက်ရှိသမ္မတကာတာကို သမ္မတလောင်းရော်နယ်ရီဂင်က #ကောင်းကောင်းအရူးလုပ်ပြနိုင်ခဲ့တယ်။

ထရမ့်ဆိုတာ မဟုတ်တာတွေရော၊ ဟုတ်တာရောအကုန် ပစ်သွင်းတာ။ သူမဲအလိမ်ခံနေရတယ့်ပုံမျိုးချိုးတာ။

ကျနော်ပြောချင်တာက ကျနော်တို့ဘဝမှာ ပိတ်ပြီးတရပ်စပ်ငြင်းတဲ့ကောင်တွေကို ဘယ်လိုပြန်ကိုင်တွယ်မလဲဆိုတာ သိထားဖို့လိုတယ်။

တကမ္ဘာလုံး TV မှာ live ကြည့်နေသူတွေက ထရမ့်ဘာတွေလိမ်နေသလဲ မသိတဲ့သူတွေအများကြီး။ ထရမ့်ကစကားရည်လုပွဲမှာ အသားကုန်ဖိငြင်းနေတာပဲတွေ့ရတယ်။

လူတွေကအမှန်အမှားမသိတော့ ထရမ့်သာတယ်လို့ ထင်မယ့်သူတွေမနည်းဘူး။

ကျနော်တို့အပြင်လောကမှာလည်း စကားများရင် တကယ်မှန်တဲ့ဘက်ကထက် စကားများများဖိပြောတဲ့သူဘက်ကမှန်တယ်ထင်တတ်တယ်။

ဟုတ်ဟုတ်မဟုတ်ဟုတ် အငြင်းသန်တဲ့ဘက်ကနိုင်တယ်ထင်ရတတ်တယ်။

ဘေးကရပ်ကြည့်နေတဲ့သူအတော်များများက အတွေးအခေါ်အားနည်းသူတွေရော၊ ဘယ်သူမှန်မှန်းတကယ်မသိသူတွေရောရှိတယ်။

အခုအမေရိကန်သမ္မတရွေးကောက်ပွဲစကားရည်လုပွဲကို ဟာသအဖြစ်လူတွေပြောနေကြတယ်။

TV host တယောက်ကဘာပြောသလဲဆိုရင် အခုပွဲဟာ နှစ်ဖက်ကစကားရည်လုတာထက် လမ်းဘေးမှာစကားများသလို နှစ်ဖက်တပြိုင်နက်ပြောနေကြတဲ့အတွက် COVID-19 test ကို နှာခေါင်းပေါက်နှစ်ပေါက်လုံးက swab ပြိုင်တူယူသလိုခံစားရပါတယ်တဲ့။

ကျနော်ကတော့ “The Daily Show” က Trevor Noah ပြောသွားတာကိုသဘောကျတယ်။

ထရမ်းစည်းကမ်းဖောက်ပြီးအသားကုန်ငြင်းတာကို ဘယ်သူမှမတားနိုင်ခဲ့ဘူး။

ဒိုင်ကနေ “သမ္မတကြီးခင်ဗျာ” “သမ္မတကြီးခင်ဗျာ” နဲ့သတိပေးနေတာကို ထရမ့်ကရှိတယ်လို့တောင်မထင်ဘူး။

Trevor Noah ကဘာပြောသလဲဆိုရင် ထရမ့်ဝင်ဝင်ငြင်းရင် “သမ္မတကြီးခင်ဗျာ” နဲ့သတိပေးမနေနဲ့ ဟိုက နှစ်နှစ်သားကလေးအပေါက်ချိုးနေတာ။

အဲ့ဒါမျိုးကလက်ကိုရိုက်သတိပေးရတယ်။ ဒါ့ကြောင့် ဟိုတလောကသတင်းထဲမှာ သူ့မိန်းမ Melania က ထရမ့်လက်ကိုရိုက်လိုက်တာနေမှာတဲ့။

ထရမ့်ကိုကိုင်တွယ်ရင် ကလေးကိုကိုင်သလိုကိုင်မှရတယ်တဲ့။

နောက်တနည်းက စပရေးဘူးယူထား။

ထရမ်းစည်းကမ်းဖောက်ပြီးစကားဝင်ပြောရင် ဆံပင်ကိုစပရေးနဲ့ဖျန်း၊ ဖျန်းပါများရင် ထရမ့်ဆံပင်တွေထောင်ပြီး မှင်စာရုပ်ပေါက်သွားလိမ့်မယ်တဲ့။

နောက်တစ်နည်းက ထရမ့်ကိုပြော ဂျိုးဘိုင်ဒင်အလှည့်မှာ ဝင်မငြင်းရင် ဒေါ်လာ ၁၀၀ ပေးမယ်လို့ပြော။

သိတဲ့အတိုင်း ထရမ့်ကပိုက်ဆံမက်တော့ အဲ့ဒီနည်းကအလုပ်ဖြစ်လောက်သတဲ့။ ပြီးတော့ထရမ့်ရဲ့ ဝင်ငွေခွန်ပြချက်အရသူက လူမွဲလိုပြထားတော့ ငွေလိုမှာသေချာပါသတဲ့။

ဒါမှမဟုတ်လည်း အဲ့ဒီအဖိုးကြီးနှစ်ယောက်ကို စကားနဲ့မတိုက်ခိုက်ခိုင်းပဲ ပေးနပမ်းလုံးခိုင်းလိုက်ရင် ပိုကြည့်ကောင်းပါမယ်တဲ့။

ကျနော့်အမြင်ပြောရရင် ထရမ့်ဟာ သူရှုံးခဲ့ရင်တောင် လွယ်လွယ်နဲ့ဆင်းပေးမယ့်ပုံမရပါ။

အခုတောင် ရှုံးခဲ့ရင်ရလဒ်ကိုလက်ခံမလားဆိုတဲ့မေးခွန်းကို သူမဲအလိမ်ခံနေရတဲ့ပုံမျိုးပြောသွားပါတယ်။

ထရမ့်ပြန်နိုင်ခြေရှိနေတုန်းပါ။ #အမျိုးသားရေးနဲ့ခြောက်လိုက်ရင် အမေရိကားမှာလည်း အလုပ်ဖြစ်နေသေးပါတယ်။

ပြီးတော့ တလောကအကြီးအကျယ်ဖြစ်ခဲ့တဲ့အရေးအခင်းဟာ လက်ဝဲတွေကြောင့်ဖြစ်ရတယ်လို့ချည်းပြောသွားပါတယ်။

ကျနော်တို့ကြားနေကြအသံမျိုးပါ။

ထရမ့်က သူ့ဘက်တော်သားတွေကို “Proud boys stand back and stand by” လို့ပြောသွားတာလည်း အရေးဆိုရင်လက်မနှေးကြနဲ့ဟေ့လို့ အချက်ပေးသွားသလိုပါပဲ။

ကျုပ်ရှုံးရင်မလွယ်ဘူးလို့ပြောသွားသလိုပါပဲ။

ထရမ့်ရှုံးခဲ့ရင် ဘာပြဿနာတွေဖြစ်မလဲနဲ့
ထရမ့်နိုင်ခဲ့ရင် သူဘာတွေလုပ်မလဲဟာ အတော့်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် နောက်ထပ် စကားရည်လုပွဲနှစ်ကြိမ်ကျန်ပါသေးတယ်။

Richard Myo Thant
1-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •