မော်လမြိုင်မြို့က လူနာ(၃၀၀)ဆံ့သည့် ယာယီဆေးရုံအောက်တိုဘာ ပထမပတ် အပြီးတည်ဆောက်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မော်လမြိုင်မြို့က လူနာ(၃၀၀)ဆံ့သည့် ယာယီဆေးရုံအောက်တိုဘာ ပထမပတ် အပြီးတည်ဆောက်နေ

ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများထားရှိရန်အတွက် မော်လမြိုင်မြို့တွင် လူနာ(၃၀၀)နီးပါးဆံ့သည့် ယာယီဆေးရုံတစ်လုံးကို အ.ထ.က(၁)ကျောင်းဘောလုံးကွင်းအတွင်းမှာ ဆောက်လုပ်နေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာတွေ ထားရှိရန် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းအိမ်ရာတို့ကို အသုံးပြုနေပြီး လတ်တလော ကူးစက်မှုများလာ‌သော အခြေအနေတွင် အတည်ပြု လူနာများ ထားရှိရန် နေရာအခက်အခဲရှိလာသည့်အတွက် ယာယီဆေးရုံကို ဆောက်လုပ်တာ ဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောကြားခဲ့သည်။

အဆိုပါယာယီဆေးရုံကို ပေ ၈၀၊ ပေ ၃၂၀ Steel Structure အမျိုးအစားဖြစ်ပြီး မော်လမြိုင်မြို့မှ ဒေသခံ အလှူရှင် တစ်ဦးက ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်သည်။

ယင်းအလှူရှင်သည် မူလက ပေ (၆၀) x ပေ (၁၂၀) အရွယ်အစားရှိတဲ့ ယာယီဆေးရုံ (၃)လုံးကို လှူဒါန်း ဆောက်လုပ်ပေးသော်လည်း ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကြောင့် အဆောက်အဦးတစ်လုံးကိုသာ ဆောက်လုပ်‌နေတယ်လို့ ဝန်ကြီးကပြောကြားခဲ့သည်။

ယာယီဆေးရုံကို စက်တင်ဘာလ ၂၅ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ပြီး ၂ ပတ်အတွင်းပြီးစီးအောင် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယာယီဆေးရုံတွင် လူနာများ စစ်ဆေးမည့်နေရာ၊ လူနာများ နေထိုင်ရန် အခန်းများ၊ PPE ဝတ်စုံ ဝတ်ဆင်ခန်း၊ ဆရာဝန်နှင့် သူနာပြုများ နားနေခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ Toilet၊ လူနာကြိုပို့ယာဉ်ထားရှိမည့်နေရာနှင့် CCTV ကင်မရာတို့ကအစ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၂၆၆ ဦးအပါအဝင် သေဆုံးသူ ၃ ဦးရှိကြောင်း သိရသည်။

ကိုဟိန်း(ပေါင်)


Spread the love
  •  
  •  
  •  
  •  
  •  
  •