မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်ရဲ့ အမေစုအတွက် မွေးနေ့ဆုမွန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမကြီးတော့ အမိအရာအတွက်မွေးနေ့ဆုမွန်”

Happy Birthday ပါ အမ။

အမကြီးတော့ အမိအရာပါ။အမ။

တကယ်တော့
ကျမတို့ကိုယ်တိုင်
အမေအရွယ်ရောက်နေပြီမို့
အသက်၁၆နှစ်သာ ကွာတော့တဲ့
ကျမတို့ လည်း
အမ‌ေနာက်တရက်ပြီးတရက်လိုက်ရင်း
အမေအရွယ်တွေရောက်နေကြပြီလေ။

ကျမတို့ဟာ
သားသမီးအရွယ်တွေ
မဟုတ်ကြတော့ ဘူး။

အသက်အရွယ်ကြီးလာတာနဲ့အမျှ
ကျမတို့ အားလုံး
တကယ့်
အမေအရွယ်ရဲ့အမေအသိတွေ
ရှိသင့်ကြပြီလို့ထင်ပါတယ်။

သားသမီးတွေ
အရွယ်မရောက်သရွေ့
မိဘတွေ
အထူးသဖြင့် *အမေတွေ *
ပင်ပန်းကြစမြဲပါဘဲ။

အမေ
အမေနဲ့
တစာစာခေါ်ရင်း
ပခက်တွင်း မဆင်းကြဘဲ
နို့ဆာတိုင်း
အူဝဲ‌ငိုနေကြတော့
အိုမင်းလာနေတဲ့အမေ တွေဟာ
လက်မောင်းရင်းပြုတ်အောင်
ပုခက်လွှဲနေရစမြဲပါဘဲ။

ကျမရဲ့
မွေးသမိခင်အမေကတော့
ပြသနာဖြစ်လာတိုင်း
လာဖြေရှင်းမပေးတတ်သလို
ငိုတိုင်း လည်း
အလိုမဖြည့်ပေးခဲ့ဘူးအမ။

ငယ်စဉ်ကထဲက
ကိုယ်နိုင်သလောက်တာဝန်
ကိုယ်ယူခိုင်းခဲ့ပါတယ်။

အရာရာပြီးပြည့်စုံအောင်
နေရာတကာ
အလျှံပါယ်လိုက်ဖြည့်ပေးနိုင်တဲ့
မိဘမျိုးမဟုတ်သလို

သားသမီးကို မျက်ကန်းအချစ်မျိုးနဲ့
တောင်းသမျှ ဖြည့်ပေးတတ်တဲ့
မိဘမျိုးလည်းမဟုတ်ခဲ့ပါဘူး။

အဓိကနဲ့သာမညကိုခွဲခြားစိစစ်ပြီး
အမှန်တကယ် လိုအပ်တာကိုသာ
လိုအပ်သလောက်
ဖြည့်ဆည်းပေးတတ်သလို
ဖြုန်းတီးခြင်းနှင့် ပြုန်းတီးခြင်း ကို လည်း
ခွင့်မပြု့ခဲ့ပါဘူး။

မလုပ်ခင်ကထဲက
သိသင့်သိထိုက်
လုပ်သင့်လုပ်ထိုက်
ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာတွေကို
ထောင့်စေ့အောင်‌
စိတ်ရှည်လက်ရှည်ပြောပြတတ်သလို

ပြောပြထားရက်နဲ့
တစုံတခု လိုအပ်မှုကြောင့်
လွဲချော်မှုမှားယွင်းမှုဖြစ်ခဲ့ရင်လည်း
တာဝန်ယူ ‌ရင်ဆိုင်ဖြေရှင်းစေခဲ့တာ
အသက်ရှစ်နှစ်အရွယ်ထဲကပါဘဲ။

မိဘနှစ်ယောက်လုံးက
နိုင်ငံရေးသမားစစ်စစ်မို့
ပိုင်ဆိုင်မှုနည်းစွာ
ရောင့်ရဲနိုင်ကြပြီး
လက်ညှိုးထောင်ခေါင်းညိတ်
လက်ကိုင်တုတ်သမားတွေအဖြစ်လက်ခံဘို့
ဟိုခေတ်အခါ က
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဗဟိုကော်မတီဝင်များကိုယ်တိုင်
အိမ်တိုင်ရာရောက်လာပြီး
ရာထူးအာဏာနဲ့ မက်လုံးပေးစည်းရုံးကြပေမယ့်
တဝမ်းတခါးရိုးရိုးသားသားနေထိုင်ကြဘို့
ပြတ်သားကြတာမို့
လက်လျှော့ပြန်သွားကြရပါတယ်။

ကျမအသက်ဆယ်နှစ်သမီးအရွယ်မှာ
ကိုကိုးကျွန်းကပြန်လာတဲ့
အဖေဆုံးတော့
အမေဟာ
ဆယ်နှစ်ဘဲရှိသေးတဲ့ကျမကို
*သူသေရင် ဘယ်လိုအသက်ရှင်‌နေထိုင်မလဲ*
ဆိုတဲ့မေးခွန်းတွေကို
သွေးတိုးစမ်းမေလေ့ရှိပါတယ်။

မေးပြီး ဝမ်းနည်းတာမြင်တဲ့အခါ
စိတ်ဓာတ်ခိုင်မာစေတဲ့ အတွေးတွေ
အလေ့အကျင့်တွေ
ပြသနာဖြေရှင်းနည်းတွေကို

သူကိုယ်တိုင်
တက္ကသိုလ်မရောက်ခဲ့ပေမယ့်
သူမ ဖတ်ရှူလေ့ လာခဲ့တဲ့ ဗဟုသုတစာပေအမျိုးမျိုးနဲ့
သူမ ကျင်လည်ခဲ့တဲ့နိုင်ငံရေးအတွေ့အကြုံတွေထဲက
ဘ၀တက္ကသိုလ် သင်ရိုးတွေနဲ့
နေ့စဉ်ညတိုင်းအိပ်ရာဝင်တိုင်း
ပြောပြခဲ့ပါတယ်။

အထူးသဖြင့်
*သူတပါးကိုမှီခိုတဲ့စိတ်
*အကြောင်းမဲ့ကြောက်ရွံ့တဲ့စိတ်
*သူတပါးကိုမတရား ပြုချင်တဲ့စိတ်
*မထိုက်တန်ဘဲ အလကားလိုချင်စိတ်
*လုပ်သင့်တာမလုပ်ဘဲအချောင်ခိုတဲ့စိတ်
*တာဝန်ရှိရက်နဲ့တာဝန်မယူချင်တဲ့ခေါင်းရှောင်စိတ်တွေကို
ရှက်စရာရွံ့စရာအဖြစ်
တင်းတင်းကြပ်ကြပ်အသိပေးခဲ့ပြီး

*မှန်မှန်ကန်ကန်ရိုးရိုးသားသားနဲ့ အသက်မွေးနိုင်တဲ့စိတ်
*အမှန်တရားကိုပြောရဲတဲ့စိတ်
*ခဲယဉ်းပေမယ့်အကောင်းဆုံးလုပ်ဘို့ကြိုးစားတဲ့စိတ်

*မတရားပြုလာရင်ရှက်ကြောက်မနေဘဲငုံ့မခံတဲ့စိတ်
*အခက်အခဲရှိရင်ဖြတ်လမ်းကမလိုက်ဘဲကြံ့ကြံ့ခံပြီး
ရင်ဆိုင်တဲ့စိတ်
*တရားမျှတမှုကို မြတ်နိုးတဲ့စိတ်
*တာဝန်ရှိလို့ဆုံးဖြတ်ပြီးရင်‌အပြီးတိုင်တာဝန်ယူတဲ့စိတ်တွေကို
သေဆုံးချိန်အထိ မရပ်မနား
သင်ကြားလမ်းညွှန်ပေးခဲ့ပါတယ်။

အမရဲ့ “ဒီစကား “တွေလိုပါဘဲ။

ရှေ့လဆို
အမေဆုံးခဲ့တာ
ကိုးနှစ်ကျော်ဆယ်စုနှစ်ထဲရောက်ခဲ့ပါပြီ။

ဒါပေမယ့်
သူသင်ရိုးညွှန်းတန်းတွေက
နေ့စဉ်အသုံးဝင်နေတုံး
အစွမ်းထက်နေတုံး
‌အပြောင်မြောက်ဆုံး
အရဲရင့်ဆုံးသတ္တိနဲ့အင်အားတွေဖြစ်နေတုံးပါဘဲ။

ကျမအမေမရှိတော့ပေမယ့်
အမတို့လို
အမေတွေအားလုံးရဲ့
အမေစိတ်စွမ်းအင်‌တွေဟာ
အတူတူဘဲလို့
မြင်ပါတယ်။

အမေ‌တွေဟာအရာရာမှာ
ပြီးပြည့်စုံတဲ့သူ မဖြစ်သည်တိုင်
နည်းလမ်းမျိုးစုံ ပုံသဏ္ဍန်မျိုးစုံနဲ့

*သားသမီးတွေအတွက်‌တော့သူရဲကောင်းတွေဘဲ*
ဆိုတဲ့အကြွင်းမဲ့ အသိဟာ

အမ ရဲ့ရပ်တည်ချက်
အမရဲ့ သွန်သင်ဆုံးမချက်
အမရဲ့ တာဝန်ယူချက်တွေကိုကြည့်ပြီး
လေ့လာရင်း
အသိပညာတိုးပွားလာစေပါတယ်။

ကျမရဲ့
အမေတယောက်ပီပီသသဖြစ်ဘို့ ခံယူချက်ကို
ပိုပြီးခိုင်မာစေပါတယ်။
ပိုပြီးရဲရင့်စေပါတယ်။

လွန်ခဲ့တဲ့နှစ်‌တွေထဲက
အမကိုစာနာစွာ
ပြောပြချင်တဲ့စကားတွေထဲက
အချို့ကို
ပြောပြခွင့်ပြုခဲ့
အချိန်ပေးနား‌ထောင်ပေးခဲ့တာကြောင့်

ကျန်းမာရေးလောကရဲ့
မပီပြင်ဝိုးဝါး စမ်းတဝါးဝါး
အက်ကြောင်းများကို
အထိုက်အလျောက်ဖွင့်ပြခွင့်ရလို့
‌ဝမ်းသာကျေးဇူးတင်ရသလို

အမရဲ့ဒီမိုက‌ရေစီနှမ်းခင်းထဲက
နှမ်းတလုံးအဖြစ်ကနေ ဆီစစ်စစ်တစက်ဖြစ်ခဲ့ရလို့
ကျေနပ်ပီတိဖြစ်မိပါတယ်။

အမရဲ့မွေးနေ့မှာ
အမရဲ့ သီလသမာဓိပညာများ ကို
နေ့စဉ် ခံစားကျင့်သုံးရင်း
မရှိတော့ပြီဖြစ်တဲ့ ကျမအမေ့နည်းတူ
အမေတယောက်ကဲ့သို့ သတိတယ
နှုတ်ဆက်စကားဆိုပါရစေ။

မြတ်နိုးလေးစားချစ်ကြည်စွာဖြင့်
အမ စိတ်မပျက်ရသော
သားသမီးတဦး
ညီမငယ်တဦးအဖြစ်
မိမိတာဝန်များကို အတတ်နိုင်ဆုံးဆက်လက်ထမ်းဆောင်ရင်း
ထပ်ချပ်လိုက်ပါနေပါကြောင်း
မွေးနေ့စကားသစ္စာဖြင့်
ဆန္ဒပြုအပ်ပါသည်။

ချစ်ခြင်းအားဖြင့်
မြင့်မြင့်စိန်


Spread the love
  •  
  •  
  •  
  •  
  •  
  •