မဲပေးကြပါ (ဗန်းမော်သိန်းဖေ)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

#မဲပေးကြပါ

၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တွေကို ပြောတဲ့ စကားပါ။ လူကြီးတွေလည်း ဖတ်လို့ရပါတယ်။ ငါ မင်းတို့ဆိုတဲ့ အသုံးအနှုန်းတွေကို လူကြီးတွေ ခွင့်လွှတ်စေချင်ပါတယ်။

မင်းတို့ ယနေ့ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာကို မကျေနပ်ကြဘူးလား။ ‘ကျွန်တော်တို့ မကျေနပ်ကြပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘာများတတ်နိုင်မှာလဲ’လို့ ပြောလာရင် လက်ခံပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာ (စီးပွားရေး အဆင်မပြေတာ၊ အလုပ်မရှိတာ၊ သူများနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အောက်ကျလွန်းနေတာ)တွေကို မကျေနပ်ကြဘူးလား။ ‘ကျွန်တော်တို့ မကျေနပ်ကြပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘာများတတ်နိုင်မှာလဲ’လို့ ပြောလာရင်တော့ အဲဒါကို ငါ လက်မခံနိုင်ပါဘူး။ ငါ ဘာကြောင့်အဲဒီလို ပြောရသလဲဆိုတော့ မင်းတို့မှာ မကျေနပ်တာကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားကြီးရှိနေလို့ပါ။ ဘယ်လိုစွမ်းအားကြီးလဲဆိုတာ အောက်မှာ ရှင်းပြပေးပါမယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတစ်ရပ်ကို မကျေနပ်ရင် ဘယ်လိုနည်းနဲ့ ပြောင်းလဲနိုင်သလဲ။ လမ်းပေါ်ထွက် ဆန္ဒပြလို့ရတယ်။ အစိုးရကို တော်လှန်လို့ရတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ခြင်းဟာ အလွန်အန္တရာယ်များသလို အောင်မြင်မယ်လို့လည်း မသေချာပါဘူး။ အသက်အန္တရာယ်မရှိဘဲ သေချာပေါက် အောင်မြင်မယ့် အေးအေးချမ်းချမ်းလုပ်လို့ရတဲ့ နည်းရှိပါတယ်။ မင်းတို့ကြိုက်တဲ့ အစိုးရ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အဖက်ဖက်ကနေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလိုက်နိုင်အောင် လုပ်ပေးမယ့် အစိုးရကို ရွေးချယ်တင်မြှောက်ပေးလို့ ရပါတယ်။ ဘယ်လို ရွေးချယ်တင်မြှောက်လို့ ရပါသလဲ။ မကြာခင် နိုဝင်ဘာလထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပေးရုံပါပဲ။

မင်းတို့ အခု ကြားနေ၊ တွေ့နေကြမှာပါ။ No Vote (မဲမထည့်နဲ့)၊ ပယ်မဲဖြစ်အောင် လုပ်ကြဆိုတာတွေဟာ မင်းတို့လူငယ်တွေကို အသိဉာဏ်နည်းသူတွေလို့ ယူဆပြီး သေချာမစဉ်းစားဘဲ လုပ်အောင် ဆွယ်နေကြတာပါ။ တချို့က တွေးကြမယ်။ ငါတို့ မဲမထည့်လို့ ဘာမှဖြစ်မသွားပါဘူးတဲ့။ မှန်ပါတယ်။ မဲပေးနိုင်သူ သန်းပေါင်းများစွာထဲမှာ မင်းလို လူမျိုး ၁ ယောက် ၂ ယောက်လောက်က အဲဒီလို တွေးပြီး မဲမထည့်ဘူးဆိုရင် ၅ နှစ်မှာ တစ်ကြိမ်ပဲ ရတဲ့ မဲပေးခွင့်ကို ဆုံးရှုံးသွားတာပဲ ရှိပါတယ်။ ပြဿနာကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို တွေးပြီး မဲမထည့်သူတွေဟာ လူတစ်သိန်း၊ လူတစ်သန်းဖြစ်နေတယ်ဆိုရင်တော့ ပြဿနာအကြီးကြီး ဖြစ်သွားပါပြီ။ ဘယ်လို ပြဿနာလဲ။ မင်းတို့ မကြိုက်တဲ့ ပါတီက အစိုးရဖွဲ့ခွင့်ရသွားမယ်။ အဲဒီအစိုးရက ဘာလုပ်နေနေ မင်းတို့ကြိုက်ကြိုက် မကြိုက်ကြိုက် နောက် ၅ နှစ်လုံးလုံး ထိုင်ကြည့်နေရတော့မယ်။ တိုင်းပြည် ဆင်းရဲစုတ်ပြတ်သွားရင်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘဲ လက်မှိုင်ချကြည့်နေရုံပါပဲ။ အစိုးရအသုံးမကျလို မင်းတို့ သားသမီးတွေ လူမွေးလူတောင်မပြောင်၊ ဆင်းရဲနွံထဲ နစ်နေတော့မှ နောင်တရမနေကြပါနဲ့။ ဘယ်သူမပြု မိမိမှုပါ။

မဲပေးခွင့်ရှိပါလျက်၊ မဲပေးနိုင်ပါလျက်နဲ့ မဲမပေးကြတဲ့ အကြောင်းတွေ အများကြီးရှိနိုင်ပါတယ်။ စောစောက ပြောသလို ငါ မဲမထည့်လည်း ဘာမှဖြစ်မသွားပါဘူးလို့တွေးပြီး မဲမပေးသူတွေရှိကြမယ်။ မဲသွားထည့်ရတာ အလုပ်ရှုပ်တယ်၊ မအားဘူးကွာဆိုသူတွေလည်းရှိကြမယ်။ မဲပေးဖို့ တန်းမစီချင်ဘူးကွာဆိုသူတွေရှိကြမယ်။ ဒါပေမဲ့ နိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်မယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ တစ်နေ့တာ အချိန်လေးကိုတောင် မပေးနိုင်ဘူးလားဆိုတာ သေသေချချာ စဉ်းစားကြည့်စေချင်ပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်လျက်နဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ကို မင်းတို့ လုပ်ကြမှာ မဟုတ်ဘူးလို့ ငါ အသေအချာ ယုံကြည်ပါတယ်။

ဒါကြောင့် လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကြီးမှာ မင်းတို့အားလုံး မပျက်မကွက် မဲသွားပေးကြပါလို့ နိူးဆော်တိုက်တွန်းလိုက်ပါတယ်

ငါကတော့ဖြင့် ဘယ်ပါတီကိုပဲ မဲပေးမယ်၊ မင်းတို့လည်း ဘယ်ပါတီကို မဲပေးကြပါလို့ မပြောဘူးနော်။ မင်းတို့ (ကြိုက်တဲ့ ပါတီကို) မဲပေးကြပါ။ အဓိက,က မိမိရဲ့ မဲပေးခွင့်ရှိတဲ့ နိုင်ငံသားအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံကြပါနဲ့လို့ မှာချင်ပါတယ်။

ငါ ဘာကြောင့်ဒီစာကို ရေးတာလဲ။ ဘယ်သူမှ တိုက်တွန်းလို့ မဟုတ်ဘူး။ စင်္ကာပူနိုင်ငံမှာ အနှစ်အစိပ်လောက် အလုပ်လုပ်ရင်း နေထိုင်ခဲ့ဖူးတယ်။ စင်္ကာပူနိုင်ငံရဲ့ ၅ နှစ်မှာတစ်ကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲတိုင်းမှာ စင်္ကာပူနိုင်ငံသားတွေဟာ တက်တက်ကြွကြွ မပျက်မကွက် မဲပေးကြတာကို မြင်တွေ့နေခဲ့ရတိုင်း ငါတို့နိုင်ငံမှာလည်း အဲဒီလို ဖြစ်စေချင်တဲ့ဆန္ဒ အမြဲရှိနေခဲ့လို့ပါ။

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို လူငယ်တွေကိုယ်တိုင် ဖန်တီးစေချင်တယ်။ ဖန်တီးခွင့်ကိုလည်း လာမယ့် နိုဝင်ဘာလထဲမှာ ရကြပါတော့မယ်။

ဗန်းမော်သိန်းဖေ
၀၉-၀၈-၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •