“မဲပေးကြမည် ဘားကောင်စီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မဲပေးကြမည် ဘားကောင်စီ

 

ကိုဖြူ ။ (၁၇.၃.၂၀၂၀)နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ တရားလွှတ်တော် ရှေ့နေများကောင်စီက ရွေးကောက်ခံမယ့် ကောင်စီ၀င်လောင်း (၁၁၀)ဦးရဲ့ အမည်စာရင်း အသိပေးကြညာထားတာတွေ့တယ်ဆရာ။ ဘယ်သူတွေက ဘာလုပ်ကြမှာလဲဆိုတာ ရှင်းပြပေးပါဆရာ။

ယူတီကေ ။ ဒီနိုင်ငံမှာ တရားလွှတ်တော်ရှေ့နေ Advocates (၁၇၀၀၀)ရှိတယ်။ သူတို့ထဲက (ကိုယ်စားလှယ်) Bar Councillors ဘားကောင်စီ၀င် (၁၁)ဦးကို (၂.၈.၂၀၂၀)နေ့ မှာ မဲဆန္ဒပေးပြီးရွေးချယ်ကြမယ်ဗျ။

ကိုဖြူ ။ မဲပေးမယ့်သူတွေက ဘယ်လိုစာရင်းပေးပြီး မဲပေးကြရသလဲ။
ယူတီကေ ။ မဲပေးလိုတဲ့ တရားလွှတ်တော်ရှေ့နေ Advocates တွေဟာ မိမိမဲပေးလိုတဲ့ အကြောင်းကို မိမိဆန္ဒမဲပေးလိုတဲ့ မဲဆန္ဒနယ်မှာ အမည်စာရင်းတင်သွင်း ခဲ့ကြရတယ်ဗျ။ မဲပေးခွင့်ရသူ (၄၀၀၀)လောက်ရှိတယ်။

ကိုဖြူ ။ မဲဆန္ဒနယ်မြေကို ဘယ်လိုသတ်မှတ် ထားသလဲဆရာ။
ယူတီကေ ။ မဲဆန္ဒယ်မြေပေါင်း (၃၅)ခု သတ်မှတ်ထားပါတယ်။ ကောင်စီ၀င်လောင်း (၁၁၀)ဟာလည်း ကောင်စီ၀င်လောင်း အဆိုပြုလွှာတင်ခဲ့ကြရတယ်။ ဒါ့ကြောင့် ဒီကောင်စီ၀င်လောင်း (၁၁၀)ရဲ့အမည်စာရင်းကို တရားလွှတ်တော်ရှေ့နေများ ကောင်စီကအသိပေးကြညာတာပါ။

ကိုဖြူ ။ မဲပေးကြမဲ့ တရားလွှတ်တော်ရှေ့နေတွေ ဘယ်လိုမဲပေးရသလဲ။ ဘာတွေလိုအပ် သလဲ။
ယူတီကေ ။ ၁။ (၂.၈.၂၀၂၀)နေ့ (9am -4pm)မှာ မိမိအမည်ပါရှိတဲ့ မဲဆန္ဒနယ်မှာ သွားရောက်မဲ ပေးရမယ်။
၂။ မဲပေးရမယ့်သူကိုယ်တိုင် မဲရုံကိုလာရမယ်။ ကိုယ်စားလှယ်နဲ့ ဆန္ဒမဲပေးလို့ မရဘူး။
၃။ မဲပေးရမယ့်သူရဲ့ Advocate လိုင်စင်ဖြစ်စေ၊ အသိအမှတ်ပြုကတ်ပြားဖြစ်စေ၊ ယူဆောင် လာရမယ်ဗျ။

ကိုဖြူ ။ ဘယ်လိုပုဂ္ဂိုလ်တွေကို တရားလွှတ်တော်ရှေ့နေ ကောင်စီ၀င် အဖြစ်ရွေးချယ်သင့် ပါသလဲ။
ယူတီကေ ။ Advocates တွေက Bar Councillors တွေကိုဘာကြောင့် ရွေးချယ်ကြရသလဲ ဆိုတာ အနည်းငယ်တင်ပြပါမယ်။ ၁၉၂၆က ၁၉၈၉မတိုင်မီအထိ ကျင်းပခဲ့တဲ့ ဘားကောင်စီ ရွေးချယ်ပွဲတွေကို Advocates တွေက မဲဆန္ဒပေးပြီး ရွေးချယ်ခွင့်ရခဲ့ကြတယ်။ (Elected members) နောက်ဆုံးရွေးကောက်ပွဲဟာ ၁၉၈၆ ခုနှစ်ကလို့သိရတယ်။ ဒါပေမဲ့ ၁၉၈၉ ခုနှစ်မှာ Bar Council Act, 1926 ကိုပြင်ဆင်လိုက်တယ်။ ဘားကောင်စီ၀င်တွေကို အာဏာပိုင်အဖွဲ့အစည်းက တိုက်ရိုက်ရွေးချယ်ခန့်ထား လာခဲ့တယ်။ (Appointed) အခု ၂၀၁၉ ခုနှစ်မှာ ဥပဒေကို ပြင်ဆင်ခဲ့တယ်။ ကောင်စီ၀င် (၁၁)ဦးကို တရားလွှတ်တော်ရှေ့နေများ Advocates က ရွေးချယ် (elect) ရမယ်လို့ပါရှိတယ်။ ဒါ့ကြောင့်ရွေးကောက်ပွဲလုပ်ပေးရတာပါ။ (ပထမဦးဆုံး အကြိမ်ရွေးကောက်ပွဲပါ)

ကိုဖြူ ။ ဘားကောင်စီ၀င်တွေက ဘယ်လိုတာ၀န်တွေလုပ်ရတဲ့ ပုဂ္ဂိုလ်တွေလဲခင်ဗျ။
ယူတီကေ ။ ဘားကောင်စီ၀င်တွေက ရှေ့နေရှေ့ရပ်အားလုံးရဲ့ တာ၀န်၊ ရပိုင်ခွင့်၊ ကျင့်၀တ်သိက္ခာ၊ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အကျိုးဆောင်ပေးရတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ Advocates များဟာ မိမိတို့ လောကသားများဖြစ်တဲ့ ရှေ့နေရှေ့ရပ်များ အကျိုးစီးပွားတိုးတက်မြင့်မားရေးအတွက် မိမိတို့ကိုယ်စားဦးစီး ဦးဆောင်ပြုလုပ်ပေးမဲ့ ကိုယ်စားလှယ်၊ ခေါင်းဆောင်တွေကို ရွေးချယ်ရတာဖြစ်ပါတယ်။ ယခင်ကာလ တစ်ခုမှာတော့ မိမိတို့ခေါင်းဆောင်တို့ ရွေးချယ်ခွင့် မရခဲ့ကြဘူးဗျ။ (၃၄)နှစ်ကျော်ကြာ ခဲ့တယ်။

ကိုဖြူ ။ မိမိရဲ့ကိုယ်စားလှယ်၊ ခေါင်းဆောင်ကိုရွေးချယ်ခွင့်ရတာ (၃၄)နှစ်ကြာပြီဆိုတော့ ဒီဘက်ခေတ် Advocates တွေမဲပေး၊ ရွေးချယ်ရတဲ့ အတွေ့အကြုံရှိကြမှာမဟုတ်ဘူး ဆရာ။ အကြံပြုပေးပါ။
ယူတီကေ ။ ရှေ့နေရှေ့ရပ်လုပ်ငန်းဟာ ပညာရှင်တို့ရဲ့ အသက်မွေး၀မ်းကျောင်းလုပ်ငန်း (Learned Profession) လို့ပြောကြပါတယ်။ မွန်မြတ်တဲ့ အသက်မွေးကြောင်း လုပ်ငန်း (Noble Profession) ကြီကျယ်ခမ်းနားတဲ့ အသက်မွေးကြောင်းလုပ်ငန်း (Great Profession) လို့လည်းပြောကြပါတယ်။ ရှေ့နေရှေ့ရပ်များဟာ အခြားပုဂ္ဂိုလ်များ (အမှု့သည်များ)ရဲ့ အကျိုးစီးပွားကိုကာကွယ်၊ တောင်းဆိုပေးရတဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ ဒါ့ကြောင့် မိမိတို့ ရှေ့နေလောကရဲ့ အကျိုးကို ဖန်တီးပေးမယ့် မိမိတို့ ဂုဏ်သတင်းကို မြှင့်တင်ပေးမယ့် ခေါင်းဆောင်တွေကို အသိဉာဏ်သုံးပြီး ရွေးချယ်နိုင်ကြလိမ့်မယ်မျှော်လင့်ပါတယ်။

ကိုဖြူ ။ ရွေးချယ်ရင်ဘယ်အချက်တွေ စဉ်းစားသင့်ပါသလဲ။
ယူတီကေ ။ ဆန္ဒမဲပေးပြီး (ကြိုက်/မကြိုက်) ရွေးချယ်ရတဲ့ မဲဆန္ဒရှင်ပုဂ္ဂိုလ်များရဲ့ ကျင့်စဉ်ကို (Practice) တင်ပြပါမယ်။
၁။ မိမိက ဘာကိုရွေးချယ်ရမှာလဲ။ (စာအုပ်/ဥပဒေ)ကို ကြိုက်မကြိုက်လား။ လူပုဂ္ဂိုလ်ကို (ကြိုက်/မကြိုက်လား)
၂။ (ကြိုက်/မကြိုက်) ဆန္ဒဖော်ပြဖို့ ကိစ္စမှာ အဆိုပြုထားတဲ့ (စာအုပ်/ဥပဒေ/ လူပုဂ္ဂိုလ်) အကြောင်း မိမိသိရှိပါသလား။ (ဥပဒေ/စာအုပ်ကို မသိဘဲ၊ မကြိုက်ဘဲ၊ ဖတ်မကြည့်ဘူးဘဲ၊ သိရှိခွင့်မရဘဲ) ပယောဂတစ်ခုခုကြောင့် ထောက်ခံဆန္ဒမဲပေးခဲ့ကြ ရတဲ့ အတွေ့အကြုံ ပြည်သူတွေမှာ ရှိခဲ့ဖူးတယ်။ နောင်မှာ (အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုပ်ထိုး) ထက်ဆိုးတဲ့ (ပြင်မရ/ဖျက်မရ) ဝေဒနာခံစားနေကြရတဲ့ အတွေ့အကြုံကို သတိထားသင့်တယ်။
၃။ ဒါ့ကြောင့် ဘားကောင်စီ၀င် ရွေးချယ်ပွဲမှာ ရွေးချယ်ခံတဲ့ ဘားကောင်စီ၀င် (၁၁၀)ဦး အကြောင်း မဲဆန္ဒရှင်တွေက သိရှိထားသင့်ပါတယ်။ (To Know) ကိုယ်ရွေးချယ်မယ့် ကောင်စီ၀င်ရဲ့ အရည်အသွေး၊ လုပ်ရည်ကိုင်ရည်ကို နားလည်အောင်စုံစမ်းမေးမြန်းသင့်ပါတယ်။ (To understand) မိမိမသိ သေးရင် လိုက်လံမေးမြန်းကြရပါမယ်။ အဲဒီလို သိရှိနားလည်ခြင်း (Khowledge & understanding) ရလာတဲ့အခါမှ ဘယ်သူကိုဖြင့် ကောင်စီ၀င်အဖြစ် ရွေးမယ်။ ဘယ်သူကိုဖြင့် မရွေးဘူးဆိုတဲ့ ဆုံးဖြတ်ချက် (Decision) လုပ်ရပါမယ်။ ဒါမှ မိမိရွေးချယ်မှု့ဟာ အမှား နည်းမယ်။ အမှားကင်းစင်နိုင်ပါမယ်။

ကိုဖြူ ။ ရွေးချယ်ခံမဲ့ ကောင်စီ၀င် လောင်းထဲက တစ်ဦးမှ ကိုယ်မသိရင် ဘာလုပ်ရမလဲဆရာ။
ယူတီကေ ။ မသိရင် ဘယ်သူမှ မဲမပေးပါနဲ့။
ကိုဖြူ ။ မဲဆန္ဒပေးပြီးရွေးချယ်တဲ့အခါမှာ ရှေ့နေတွေ အမြဲပြောဆိုဝေဖန်နေတဲ့ (ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ (ချစ်၊ မုန်း၊ ကြောက်၊ တုံး)အဂတိတရားတွေ ကင်းစင်သင့်တယ် မဟုတ်လား ဆရာ။
ယူတီကေ ။ မဟုတ်ဘူး။ ကိုယ်နဲ့သိမှ ခင်မှ၊ ချစ်မှ၊ လုပ်ရပ်ကို သဘောကျမှ ရွေးတတ်ကြ တယ်ဗျ။ မိမိကိုယ်တိုင် (တရားသူကြီးလို) ပုဂ္ဂိုလ်ဖြစ်လာတော့ မှန်မှန်ကန်ကန် ရွေးချယ်ဆုံးဖြတ်သင့်တာပေါ့။
၁။ ဒါ့ကြောင့်မိမိရွေးချယ်ရမယ့်ကောင်စီ၀င်လောင်း အကြောင်းသိအောင်၊ သတင်း စာတွေမှာ ကြေညာထားတဲ့ ကောင်စီ၀င်လောင်း(၁၁၀)ဦးရဲ့ အမည်စာရင်းကို မိတ္တူကူးပြီးလက်ထဲရှိ ထားသင့်တယ်ဗျ။ ရှေ့နေအသင်း တွေကလည်း ဝေငှပေးထားပါမှာဗျာ။
၂။ စာရင်းရလာတဲ့အခါမှာ မိမိ (ယုံကြည်ရာ၊ ကြိုက်နှစ်သက်ရာ၊ သင့်တော်ရာ) ပုဂ္ဂိုလ် (၁၁)ဦးကို မှတ်ထား၊ ရေးချထားဖို့လိုပါတယ်။ ဒီပုဂ္ဂိုလ်တွေရဲ့ အမှတ်စဉ် (———-)ကို စာရွက်တိုလေးနဲ့ မှတ်ထားသင့်တယ်။ မေ့မသွားအောင်လို့။
၃။ ဒီပုဂ္ဂိုလ်အရေအတွက်ဟာ (၁၁)ဦးထက်မပိုရဘူး။ (၁၁)ဦးထက်ပိုပြီး မဲပေးလို့ မရဘူး။ (ပယ်မဲဖြစ်မယ်) (၁၁)ဦးလျော့နည်းပြီး (၃-၄-၅)ဦး မဲပေးလို့ တော့ရတယ်။
၄။ ဒါ့ကြောင့် (မေး/ရွေး/ပေး) လုပ်တတ်ရမယ်။
၅။ မြန်မာအိုင်ဒေါတုန်းက သားငယ်နံပါတ်ကို VOTE သလိုပေါ့။

ကိုဖြူ ။ ရှေ့နေလောကမှာ ဘားကောင်စီ၀င်လောင်း ဘယ်သူကို မဲပေးပါစသည်ဖြင့် အကြံပြု၊ ဖိတ်ခေါ်နေတာတွေတွေ့ရတယ်ဆရာ။
ယူတီကေ ။ ဘယ်အချက်တွေဟာ ဘားကောင်စီ၀င်ရွေးရာမှာ စဉ်းစားထိုက်တဲ့ အရည်အချင်း ဖြစ်တယ်။ ဘယ်အချက်တွေဟာ မဆိုင်ဘူးဆိုတာကို ပညာရှိ ရှေ့နေ Advocates များချင့်ချိန်နိုင်ကြမှာပါ။ သက်သေခံအက်ဥပဒေကို သင်ယူ၊ လက်တွေ့အသုံးချနေတဲ့ ရှေ့နေကြီးများအနေနဲ့ (ဒီလူ့ကို ရွေးသင့်/မသင့်) စဉ်းစားရာမှာ စပ်ဆိုင်ခြင်း (Relevant) မစပ်ဆိုင်ခြင်း (not relevant) ဆိုတာကို ခွဲခြားတတ်ကြပါတယ်။ ဘားကောင်စီ၀င်ဟာ (အမှု့များများရသူ)(နိုင်အောင်လုပ်သူ) (၀င်ငွေရှာကောင်းသူ) (နာမည်ကြီးအောင် လုပ်တတ်သူ) (ဥပဒေတတ်၊ စီရင်ထုံးရှာတတ်သူ) (အောင်မြင် ကျော်ကြား လူကြိုက်များ အောင်လုပ်တတ်သူ ရှေ့နေမျိုး) မှာ ရှိရမဲ့အရည်အချင်း မျိုးနဲ့ မတူဘူး။ (မတူဘူး)

ကိုဖြူ ။ ဘားကောင်စီ၀င် နေရာကို ရောက်ရှိသင့်တဲ့ ပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေ ပြောကြပါဆရာ။

ယူတီကေ ။ အောက်ပါအချက်များဟာ ဘားကောင်စီ၀င် ရွေးချယ်ရာမှာ စပ်ဆိုင်မှု့ (Relevancy) ရှိပါသလား။
၁။ အမျိုးသား ရှေ့နေ၊ အမျိုးသမီးရှေ့နေ (Gay, Lesbian)
၂။ ဘယ်ဘာသာကိုးကွယ်သူဖြစ်ရမည်။ ဘယ်ဘာသာ၀င်မဖြစ်ရ။
၃။ ဘယ်လူမျိုးသာဖြစ်ရမယ်။ ဘယ်ဒေသကပုဂ္ဂိုလ်ဖြစ်ရမည်။
၄။ ဘယ်လိုဘွဲ့၊ ဥပဒေဘွဲ့၊ ဒီပလိုမာတွေရသူဖြစ်ရမည်။ ဘွဲ့များရမည်။
၅။ အသက်အရွယ်ကြီးသူဖြစ်ရမည်။ ငယ်ရွယ်သူဖြစ်ရမည်။ (ရှေ့နေဆိုပျိုမှ)
၆။ ရှေ့နေဘ၀ကို တက္ကသိုလ်ဘွဲ့ရပြီး စတင်ရောက်လာသူ (ငယ်ဖြူ)၊
(တရားသူကြီး/ဥပဒေအရာရှိ) လုပ်ခဲ့ပြီးမှ ရှေ့နေဘ၀ ကူးပြောင်းလာသူ (တောထွက်)
၇။ ရှေ့နေလုပ်သက်ရင့်သူ (ဝါရင့်) ရှေ့နေကြီး၊ Advocate စဉ်နံပါတ်စောသူ။
၈။ (၈၈)အရေးအခင်းပါခဲ့သူ၊ ထောင်ကျဖူးသူ (နိုင်ကျဉ်း) တော်လှန်ရေးသမား
၉။ မည်သည့်ပါတီ၀င် (အသင်းအဖွဲ့၊ ကွန်ယက်) ၀င်။
၁၀။ အောင်မြင်/ကျော်ကြား/လူကြိုက်များ/ ၀င်ငွေကောင်း/ ချမ်းသာ/ ကျွေးမွေးပေး ကမ်းနိုင်သူ။
၁၁။ အာဏာပိုင်အဆက်ဆက်နဲ့ ရင်းနှီးသူ (ဆွေမျိုးတော်စပ်သူ၊ အသိုင်းအဝိုင်း ကြီးသူ။
၁၂။ ရှေ့နေ (သတင်းမွှေး) (စစ်စစ်) (ကောင်း) (တော်) (ထက်မြက်) (သွက်လက်) (လန်းဆန်း) (လူအေး) (ခေါင်းဖြူ)
၁၃။ ရှေ့နေ (သတင်းဆိုး) (အတု) (လူဆိုး) (ခပ်ညံ့ညံ့) (တုံးတုံး) (ပျော့ညံ့) (ဂျပု) (လေးကန်) (ပြဿနာရှာ) (ပြူးကြောင်)
၁၄။ (အသပြာ/ ကလချာ/ယမကာ/ ဘာလာလာ /စွာတာတာ/အပလာ/ ငါမှငါ/ ဦးစိတ်တို၊ ရန်လို) ရှေ့နေ။ (အူကြောင်ကြားရှေ့နေ ငမြောက်ငခြောက်) ရှေ့နေ။
၁၅။ နိုင်ငံရေးအရောင်အမျိုးမျိုးပြောင်းတတ်သူ။ ညှိနှိုင်းဆွေးနွေးရခက်သူ၊ ရန်လိုသူ။
၁၆။ စိတ်ရင်းကောင်းသူ၊ ရှေ့နေအကျိုးစီးပွား ဆောင်ရွက်နိုင်သူ၊ ကျန်းမာရေး ကောင်းသူ၊ ဆက်ဆံရေးပြေပြစ်သူ။
၁၇။ (ရုပ်ချော၊ သီချင်းဆိုကောင်း၊ စာရေးတတ်၊ စာသင်တတ်၊ ဂေါက်ရိုက်တတ်၊ အဟောအပြောကောင်း၊ နှုတ်ခမ်းမွှေးရှိသူ)

ကိုဖြူ ။ ဆရာ UTK ရော ဘားကောင်စီ၀င် မဖြစ်ချင်ဘူးလား။
ယူတီကေ ။ ဖြစ်ချင်တာပေါ့ဗျာ။ လာမဲ့ စတုတ္ထအကြိမ် ရွေးပွဲလောက်ကျရင် ၀င်ပြီး အရွေးခံမယ်ဗျာ။

 

ယူတီကေ(စိတ်၊ လိပ်၊ ဥ၊ တု)


Spread the love
  •  
  •  
  •  
  •  
  •  
  •