မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဂုဏ်ပြု ကြိုဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဂုဏ်ပြု ကြိုဆို

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ကြောင်း အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ ဂျပန်နိုင်ငံနှင့် ဥရောပသမဂ္ဂ စသည့် နိုင်ငံတကာ အသိုင်းအဝိုင်းများက ဂုဏ်ပြုကြိုဆိုကြသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့သော ဂျပန်အစိုးရ ကိုယ်စားလှယ် မစ္စတာ ယိုဟီ ဆာဆာကာဝ က မြန်မာအစိုးရသည် ရွေးကောက်ပွဲကို တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိစွာ ကျင်းပခဲ့သည်ဟု ပြောဆိုသည်။

ရန်ကုန်ရှိ ဆွစ်ဇာလန်နိုင်ငံ သံရုံးက မြန်မာပြည်သူများ အနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပခဲ့ခြင်းနှင့် အတူ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် နောက်ထပ် အရေးကြီးသော မှတ်တိုင် တစ်ခု ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံသံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ရေးသား ဖေါ်ပြထားသည်။

“အစိုးရ၏ ပူးပေါင်း အားထုတ်မှု၊ ထောင်နှင့်ချီသော မဲရုံ ဝန်ထမ်းများ၊ စေတနာ့၀န်ထမ်းများနှင့် မဲဆန္ဒရှင်များ၏ ပံ့ပိုးကူညီခြင်းမှ တစ်ဆင့် ရွေးကောက်ပွဲများသည် စနစ်တကျ ကျင်းပခဲ့ကြသည်။ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေချိန် ဖြစ်သော်လည်း မဲဆန္ဒရှင်များ အနေဖြင့် များပြားစွာ လာရောက် မဲပေးခဲ့ကြပြီး မြန်မာလူထု၏ ဒီမိုကရေစီအပေါ် တန်ဖိုးထားရှိမှုကို ပြသခဲ့ကြသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဥရောပသမဂ္ဂ မှလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်စဉ်ကို နှစ်ပေါင်းများစွာ ထောက်ခံ အားပေးခဲ့ပြီး Coronavirus ဖြစ်ပွားမှုကြောင့် စိန်ခေါ်မှုများစွာ ရှိသော်လည်း ငြိမ်းချမ်းစွာ မဲပေးခြင်းတို့တွင် ပြည်သူများ၏ အစွမ်းကုန် ပါဝင်မှုကို ချီးကျူး ဂုဏ်ပြုထားသည်။

ဥရောပသမဂ္ဂ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရေရှည် တည်တံ့ခိုင်မြဲသည့် အားလုံးပါ ၀င်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး လက်ခံနိုင်မည့် အရပ်သား အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီ အုပ်ချုပ်မှု အပြည့်အဝ ရရှိရေးအတွက် အစိုးရနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ထုတ်ပြန် ထားသည်။

ဓာတ်ပုံ-ရွှေအင်းသားခင်မောင်ဝင်း
#Peacock
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •