မြန်မာနိုင်ငံတွင် Covid -19 လူနာများအား သွေးရည်ကြည်ဖြင့် စမ်းသပ်ကုသမှုအောင်မြင်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံတွင် ပြင်းထန် Covid -19 လူနာများအား သွေးရည်ကြည်ဖြင့် စမ်းသပ်ကုသမှုအောင်မြင်ဟု ဆေးသုတေသနဦးစီးဌာနကထုတ်ပြန်
=================================

မြန်မာနိုင်ငံတွင် ပြင်းထန် Covid -19 များအား သွေးရည်ကြည်ဖြင့် စမ်းသပ်ကုသခဲ့ရာ အောင်မြင်ခဲ့ကြောင်း ၂၀ -၈ – ၂၀၂၀ ရက်နေ့က ရန်ကုန်မြို့၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးတွင်ပြုလုပ်ခဲ့သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်။

၂၅- ၅- ၂၀၂၀ နေ့တွင် ပထမဆုံး ပြင်းထန် ကိုဗစ်လူနာအား သွေးရည်ကြည်ဖြင့် စတင်စမ်းသပ်ကုသခဲ့ပြီး ယနေ့အထိ အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာ ၈ ဦးအားကုသခဲ့ရာ အားလုံးရောဂါပျောက်ကင်းသွားပြီဖြစ်ကြောင်းသိရပါတယ်။

ထိုလူနာ ၈ ဦးမှာ အသက် ၇၀ အထက် ၁ ဦး၊ အသက် ၆၀ အထက် ၆ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၁ ဦးတို့ဖြစ်ပြီး အချို့မှာ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောစသည့်အခံရောဂါရှိသူ၊ အချို့မှာ ကိုယ်အင်္ဂါအစားထိုးထားသူစသည်ဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့်သူများဖြစ်ကြောင်းသိရပါတယ်။

 

လောလောဆယ်တွင် လူနာ (၄) ဦးမှာ လုံးဝပျောက်ကင်းသွားပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ပေးလိုက်ပြီး ကျန် (၄) မှာမူ ရောဂါပိုးမရှိတော့သော်လည်း အခြားအခံရောဂါများအားကုသပေးနေသေးကြောင်းသိရပါတယ်။

” ဒီသွေးရည်ကြည်က လူတိုင်းစီကယူလို့မရပါဘူး။ Covid-19 ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ပြန်ကောင်းလာတဲ့သူဆီကမှယူလို့ရတာပါ။ Covid-19 ကိုအောင်မြင်စွာတိုက်ထုတ်ထားတဲ့ ပဋိပစ္စည်းထွက်ရှိထားတဲ့သူဆီက သွေးရည်ကြည်ကိုသာ ယူရတာပါ။ဒါမှထိရောက်မှာပါ” ဟု သွေးရည်ကြည်ဖြင့် Covid -19 လူနာများအားကုသရေး Ad-hoc အကြံပေးအဖွဲ့ဥက္ကဌ ပါမောက္ခဒေါက်တာရဲမြက ပြောပြခဲ့ပါတယ်။

နိုင်ငံတကာတွင် Covid-19 လူနာအချို့အား သွေးရည်ကြည်ဖြင့်ကုသခဲ့ရာ ပျောက်ကင်းသွားခဲ့ကြောင်း အစီရင်ခံစာများအရ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က
၁၆-၄-၂၀၂၀ ရက်နေ့တွင် သွေးရည်ကြည်ဖြင့် Covid -19 လူနာများအားကုသရေး Ad-hoc အကြံပေးအဖွဲ့ ကို အဖွဲ့ဝင် (၁၂) ဦး ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံတွင် ယခုအချိန်အထိ Covid-19 လူနာ (၆) ဦး သေဆုံးခဲ့ပြီး ဝန်ကြီးဌါနမှ အဆိုပါအဖွဲ့ ဖွဲ့စည်းရန် အမိန့်ထုတ်သောအချိန်တွင် (၅) ဦးသေဆုံးထားပြီး အဖွဲ့မှ ကုသရေးလုပ်ငန်းများမစတင်မှီတွင် (၁) ဦးထပ်မံသေဆုံးခဲ့ကြောင်းသိရပါတယ်။

“ဒီသွေးရည်ကြည်နဲ့ကုသမှုကို Covid ဖြစ်တဲ့သူတိုင်းကို ကုသမပေးပါဘူး။ Covid ရဲ့ပြင်းထန်
လက္ခဏာတွေများတဲ့သူတွေ၊ ဥပမာ- အောက်စီဂျင်က ၉၃/၉၄ အောက်​ဖြစ်နေမယ်၊ အသက်ရှုနှုန်းက ၃၀ ထက်များနေမယ်၊ အဆုတ်ပျက်စီးနှုန်းက ၅၀ %ရှိနေမယ်၊ သွေးဖြူဥကောင်ရေ စသည်ဖြင့်သတ်မှတ်ချက်တွေနဲ့ ညီတဲ့သူတွေပဲ ကုသပေးမှာပါ”ဟုလည်း ပါမောက္ခဒေါက်တာရဲမြက ပြောပြခဲ့ပါတယ်။

ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌါနမှ Antibody တိုင်းသည့်စက်ဝယ်ပေးလိုက်ပြီဖြစ်ရာ နောက်ပိုင်းတွင် Covid-19 ပျောက်ကင်းသွားသူများထံမှ သွေးများကို စစ်ဆေးသွားမှာဖြစ်ပြီး covid-19 ပိုးအား ခုခံသည့်ပဋိပစ္စည်း (Antibody) ကောင်းသောသူများထံမှ သွေးများကို အလှူခံသွားမှာဖြစ်ကြောင်းသိရပါတယ်။

ယခုလောလောဆယ်တွင် ပြင်းထန် Covid -19 လူနာ (၁၁) ဦးစာအတွက် သွေးရည်ကြည်အဆင်သင့်ရှိထားကြောင်းလည်း သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •