မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တု MMSATS-1 (လောကနတ်-၁) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တု MMSATS-1 (လောကနတ်-၁) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မည်

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ် (Hokkaido University)နှင့် တိုဟိုကိုတက္ကသိုလ် (Tohoko University) တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစား ဂြိုဟ်တု MMSATS-1 (မြန်မာအမည် “လောကနတ်-၁”) ဂြိုဟ်တုကို အောင်မြင်စွာ တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အာကာသအတွင်း လွှတ်တင်နိုင်ရန် ဟော့ကိုင်းဒိုးတက္ကသိုလ်မှ ဂျပန်အာကာသအေဂျင်စီသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တု စီမံကိန်း သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ ငါးနှစ်စီမံကိန်းဖြစ်၍ စီမံကိန်းတန်ဖိုးမှာ ဂျပန်ယန်း သန်း ၁၆၈၀ ရှိပြီး စီမံကိန်းတွင် ကီလိုဂရမ် ၅၀ အလေးချိန်ရှိ Micro-satellite ဂြိုဟ်တု နှစ်လုံး၊ မြေပြင်အသေးစား ဂြိုဟ်တုထိန်းချုပ်ရေးစခန်းနှင့် Micro-satellite ဂြိုဟ်တုတည်ဆောက်နိုင်မည့် ဂြိုဟ်တုလက်တွေ့တည်ဆောက်စမ်းသပ်ခန်းတို့အပြင် နည်းပညာ လွှဲပြောင်းပေးရေးအစီအစဉ်အရ သင်တန်းသား ၁၄ ဦး၊ လုပ်ငန်းခွင်လက်တွေ့သင်တန်းအဖြစ် ဆရာ ဆရာမ ခုနစ် ဦးတို့အား လေ့ကျင့်ပေးမှုတို့ပါဝင်သည်။

MMSATS-1 (လောကနတ်-၁) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး မတ်လတွင် ဂြိုဟ်ပတ်လမ်း အတွင်းသို့ ထည့်သွင်းမည်ဖြစ်သည်။ ဒုတိယအနိမ့်ပျံ အသေးစားဂြိုဟ်တု (လောကနတ်-၂) ကိုလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယခုတည်ဆောက်ပြီးစီးသော အနိမ့်ပျံအသေးစားဂြိုဟ်တု MMSATS-1 (လောကနတ်-၁) အနေဖြင့် မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးဆိုင်ရာ၊ သစ်တောဆိုင်ရာ၊ မြို့ရွာစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ၊ ပင်လယ်ရေကြောင်းနှင့် သမုဒ္ဒရာပညာရပ်ဆိုင်ရာ၊ မြေဆီလွှာ၊ တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တု ရှာဖွေခြင်းဆိုင်ရာ၊ မိုးလေဝသနှင့် ရေအရင်းအမြစ်ဆိုင်ရာ နှင့် သဘာဝဘေးစီမံခန့်ခွဲခြင်းဆိုင်ရာ စသည့်နယ်ပယ်များအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင်လည်း မြေပြင်အသေးစား ဂြိုဟ်တု ထိန်းချုပ်ရေးစခန်း၊ အသေးစားဂြိုဟ်တုလက်တွေ့စမ်းသပ်ခန်းတို့ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပထမအသုတ် ဆရာ၊ ဆရာမ ခုနစ်ဦးနှင့် သင်တန်းသား ခုနစ်ဦးကို ဂြိုဟ်တုတည်ဆောက်ခြင်း လက်တွေ့လုပ်ငန်း ခွင်သင်တန်းနှင့် ဂြိုဟ်တုနည်းပညာနှင့် အာကာသနည်းပညာ အသုံးပြုမှုများဆိုင်ရာ အွန်လိုင်းသင်တန်းများပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •