မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စောစီးစွာ ရရှိရေး တရုတ်နိုင်ငံသို့ မေတ္တာရပ်ခံထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စောစီးစွာ ရရှိရေး တရုတ်နိုင်ငံသို့ မေတ္တာရပ်ခံထား

နေပြည်တော်၊ စက်တင်ဘာ ၂၈

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဈေးနှုန်း ချိုသာစွာဖြင့် စောစီးစွာ ရရှိရေးအတွက် တရုတ်နိုင်ငံအား မေတ္တာရပ်ခံထားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးအား ကမ္ဘာ့ပြည်သူများ အသုံးပြုနိုင်မည့် ကာကွယ်ဆေး အဖြစ် ဖြန့်ဝေမည့် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်အား ကြိုဆိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က စက်တင်ဘာ ၂၆ ရက်နေ့၊ ဗွီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အဆင့်မြင့် အစည်းအဝေး မိန့်ခွန်း ပြောကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ ကြုံတွေ့နေရသော ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ တုံ့ပြန်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပုံစံမျိုးစုံကို တိုက်ဖျက်ရေးတွင် အရင်းအမြစ် အကန့်အသတ်များ ကြားမှ လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစည်းအဝေးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ (၁၃) နိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Ms. Amina Mohammed၊ တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်မှု အစီအမံများကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အကြား နယ်စပ်နှင့် ပုံမှန် ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှု ကွင်းဆက် လွယ်ကူ ချောမွေ့စေရေးကို မထိခိုက်စေဘဲ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •