မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင် ဂြိုလ်တုကို ဂျပန် နည်းပညာ အကူအညီဖြင့် ၂၀၂၁ တွင် လွှတ်တင်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင် ဂြိုလ်တုကို ဂျပန် နည်းပညာ အကူအညီဖြင့် ၂၀၂၁ တွင် လွှတ်တင်မည်

တိုကျို၊ မေ ၁၂

ဂျပန်နည်းပညာ အကူအညီ အသုံးပြုကာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဂြိုဟ်တုကို ၂၀၂၁ ခုနှစ်တွင် လွှတ်တင် အသုံးပြုရန် စီစဉ်နေကြောင်း ဂျပန်အခြေစိုက် နီကီ သတင်းဌာနက ရေးသားဖေါ်ပြသည်။

 

ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများနှင့် သုတေသီများသည် မြန်မာနိုင်ငံအတွက် အနိမ့်ပျံ ဂြိုလ်တု တစ်စင်းကို တည်ဆောက်လျက် ရှိပြီး Japan Orokokido တက္ကသိုလ်နှင့် Tohoku တက္ကသိုလ်တို့၏ အကူအညီဖြင့် ဂျပန်နိုင်ငံဖက်မှ လွှတ်တင်သွားမည် ဖြစ်သည်။

အဆိုပါ ဂြိုဟ်တုသည် မြေပြင်လေ့လာရေး ဂြိုဟ်တု ဖြစ်ပြီး စိုက်ပျိုးရေး၊ ကုန်ထုတ်စွမ်းအား တိုးမြှင့်ခြင်း၊ သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု စောင့်ကြည့်ရာတွင် အသုံးပြုနိုင်မည်ဟု ဆိုသည်။

 

ယခင်က နိုင်ငံတကာ ဂြိုလ်တုများမှ အခကြေးငွေ ပေး၍ အသုံးပြုနေရသော သတင်းအချက် အလက် နည်းပညာများကို ကိုယ်ပိုင် အသုံးပြုနိုင်သည့် အကျိုးကျေးဇူး ရရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံ တက္ကသိုလ်တစ်ခု ဖြစ်သော Myanmar Aerospace Engineering University မှ ဘွဲ့ရ ကျောင်းသားများသည် ဂျပန်သို့ လာရောက်ကာ ဂြိုလ်တု နည်းပညာ ဖွံ့ဖြိုးမှုများ အတူတကွ လုပ်ဆောင်နေကြောင်း ဟော်ကိုင်းဒိုး တက္ကသိုလ်မှ မစ္စတာ ယူကီဟီရို တာကာဟရှိက NIKKEI သတင်းဌာနသို့ ပြောဆိုထားသည်။

 

ဂြိုဟ်တု တည်ဆောက်ခြင်းနှင့် လွှတ်တင်ခြင်း စရိတ် အပါအ၀င် စုစုပေါင်း ယန်း ၁.၇ ဘီလီယံ (ဒေါ်လာ ၁၆ သန်း) ကို မြန်မာအစိုးရ၏ ငွေကြေး ထောက်ပံ့မှုဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။

ယခု စီမံကိန်းသည် နိုင်ငံ၏ ကိုယ်ပိုင် ဂြိုဟ်တုစနစ် တည်ဆောက်ရန် ရည်ရွယ်သည့် မြန်မာအစိုးရ၏ အစီအစဉ်တစ်ခု ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အစိုးရက မြန်မာ့ ဂြိုဟ်တုစနစ် တည်ထောင်ရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။

၂၀၁၉ ခုနှစ် သြဂုတ်လတွင် ဆက်သွယ်ရေး ဂြိုဟ်တု Intelsat ၃၉ ကို ပြင်သစ်နိုင်ငံ ဂီယာနာမှ လွှတ်တင်ခဲ့ပြီး ဂြိုဟ်တု၏ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းကို မြန်မာနိုင်ငံမှ ငှားရမ်း အသုံးပြုခွင့် ရရှိခဲ့သည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာ ကျောင်းသားများ အနေဖြင့် မည်သည့် ဂြိုဟ်တုများ အသုံးပြုသင့်သည်၊ လိုအပ်သည့် ဂြိုဟ်တု ဒီဇိုင်းများကို မည်သို့ ထုတ်လုပ်ရမည် ဆိုသည့် အချက်များကို လေ့လာလိမ့်မည်ဟု မစ္စတာ တာကာဟရှိက ဆိုသည်။

 

၂၀၁၆ ခုနှစ်တွင် အာရှ Micro-Satellite Consortium အား Hokkaido တက္ကသိုလ်၏ Space Mission Center မှ စတင်ခဲ့ပြီး အဆိုပါ ပူးပေါင်းအဖွဲ့အား မြန်မာနိုင်ငံနှင့် ဂျပန် အပါအ၀င် ဖွံ့ဖြိုးစ အာရှနိုင်ငံများမှ တက္ကသိုလ် ၁၆ ခုနှင့် အာကာသ အေဂျင်စီများ ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“အာကာသမှာ နယ်နိမိတ် မရှိဘူး။ အမေရိကန်နဲ့ တရုတ်လို စူပါပါဝါ နိုင်ငံတွေနဲ့ အဓိက အိုင်တီ ကုမ္ပဏီတွေရဲ့ ထိန်းချုပ်ခြင်း မရှိတဲ့၊ ဖွံ့ဖြိုးစ နိုင်ငံများ အသိုက်အဝန်းက အာကာသကို အကျိုးရှိစွာ အသုံးပြုမဲ့ ပတ်ဝန်းကျင်ကို ဖန်တီးချင်တာပါ” ဟု မစ္စတာ တာကာဟရှိက ပြောဆိုသည်။

Photo : NIKKEI Asian

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •