“မြန်မာနိုင်ငံ၏ ပါတီစုံရွေးကောက်ပွဲများအကြောင်း တစေ့တစောင်း” (ဒေါက်တာဇော်မြင့်မောင်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“မြန်မာနိုင်ငံ၏ ပါတီစုံရွေးကောက်ပွဲများအကြောင်း တစေ့တစောင်း”

ဒေါက်တာဇော်မြင့်မောင်

ပါတီရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်အတွက် အလွန်အရေးပါလှပါသည်။ ရွေးကောက်ပွဲရှိနေခြင်းဟာ ပြည်သူတွေရဲ့ မွေးရာပါအခွင့်အရေး (သို့မဟုတ်) ရပိုင်ခွင့်တစ်ခု ရနေခြင်းကို သက်သေပြနေတာပါ။ နိုင်ငံရေးအရဆိုရင်တော့ နိုင်ငံတော်အာဏာဟာ ပြည်သူထံက သက်ဆင်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အချုပ်ပြောရရင် ပြည်သူသာ သခင်၊ ပြည်သူသာ အဖ၊ ပြည်သူသာအမိလို့ ပြောနိုင်မယ်ထင်ပါတယ်။ ဒါကြောင့်လည်း ပါတီစုံရွေးကောက်ပွဲတွေရဲ့အကြောင်းကို ပြည်သူတွေ အခြေခံအချက်တွေကို သိထားသင့်တယ်လို့ ယူဆမိပါတယ်။ နောက်တစ်ချက်က ဒီနှစ်ဟာ မြန်မာနိုင်ငံရဲ့ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရှိတယ်လေ။ အလွန့်အလွန် အရေးကြီးပါတယ်။ အာဆီယံမှာတောင် အလွန်နောက်ကျနေတဲ့ နိုင်ငံ၊ နိုင်ငံတကာဖိအားတွေ အလွန်များနေတဲ့အချိန် ပြည်သူတွေ ဆုံးဖြတ်ရမှာပါ။ ရှင်သန်စ၊ ဖွံ့ဖြိုးစ ဒီမိုကရေစီကို ပြုစုပျိုးထောင်မှာလား၊ ညှိုးနွမ်းသွားအောင် ပြုလုပ်မှာလားဆိုတာကို အရင်ဦးစွာ ဖြေရမှာပါ။ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးစေချင်ရင်တော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ ဘယ်လို နည်းနဲ့မှ ဖြစ်မှာမဟုတ်ဘူး။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးကို ဘယ်ပါတီက ဖောက်ခဲ့တာလဲ၊ ဘယ်လောက် အားစိုက်ထုတ်ခဲ့ရသလဲ၊ ဘယ်လောက် ပေးဆပ်ခဲ့ရသလဲ၊ ဘယ်လောက် ကြာမြင့်ခဲ့ရသလဲဆိုတာတွေကို မဲဆန္ဒရှင်အသစ်တွေ သိထားဖို့ လိုပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲကို သက္ကရာဇ် ၂ဝဝဝ မှ မွေးဖွားခဲ့သူတွေ သူတို့ဘဝမှာ ပထမဆုံးအကြိမ် မဲပေးကြရမှာမို့ ပါတီစုံရွေးကောက်ပွဲတွေအကြောင်း တီးမိခေါက်မိစေချင်တဲ့ စေတနာနဲ့ ဒီဆောင်းပါးကို ရေးဖြစ်တာပါ။

‘ရွေးကောက်ပွဲတွေ ဘာကြောင့် အရေးကြီးတာလဲ’

ဒီမိုကရေစီစနစ်မှာလည်း ဒီမိုကရေစီ အမျိုးအစားတွေ ခွဲခြားထားတာရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပင် ခွဲခြားထားပါစေ ဒီမိုကရေစီစနစ်မှာ အဓိက အရေးကြီးတဲ့အချက် ‘လေး’ ချက်ရှိပါတယ်။

၁။ လွတ်လပ်၍ တရားမျှတသော ပါတီစုံ ရွေးကောက်ပွဲများမှတစ်ဆင့် အုပ်ချုပ်မည့်အစိုးရကို ပြည်သူက ရွေးချယ်ခြင်း။

၂။ နိုင်ငံသားများ ရပိုင်ခွင့် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးခြင်း။

၃။ နိုင်ငံသားများကို နိုင်ငံရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ခွင့်ရရှိစေခြင်း။

၄။ နိုင်ငံသားများအားလုံး ဥပဒေ၏ စောင့်ရှောက်မှုကို တန်းတူရရှိစေခြင်းတို့ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်သူလူထု (အသက်၁၈နှစ်ပြည့်ပြီး နိုင်ငံသားအားလုံး) ရွေးကောက်ပွဲတွေမှာ မဲဆန္ဒပေးခြင်းဟာ နိုင်ငံသားတာဝန်လို့ သတ်မှတ်ယူဆ၍ မရနိုင်ပါ။ နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်သာ ဖြစ်တယ်လို့ နားလည်ထားရမှာပါ။ တစ်ခုတော့ ရှိပါတယ်။ ဒီရပိုင်ခွင့်ကို ဆင်ခြင်တွေးတောဆုံးဖြတ်ပြီး ကိုယ့်အစိုးရ ကိုယ်ရွေးခြင်းဟာ ”ငါတာဝန်ကျေတယ်ဆိုတဲ့ခံစားမှု” လည်း ဖြစ်ပေါ်စေမှာပါ။

ပါတီစုံရွေးကောက်ပွဲတွေနဲ့ ပတ်သက်လာရင် ပြောနိုင်တာ နောက်တစ်ချက်ရှိပါသေးတယ်။ ရွေး ကောက်ခံရပြီး အုပ်ချုပ်ရေးမဏ္ဍိုင်ရောက်သွားသူတွေ၊ ဥပဒေပြုမဏ္ဍိုင်ရောက်သွားသူတွေနဲ့ မဲဆန္ဒရှင်တို့ကို ”စည်းနှောင်ထားတဲ့” စည်းနှောင်ကြိုး(Bond)လည်း ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ကာလသက်တမ်းအတွင်းမှာ ယင်းပုဂ္ဂိုလ်တွေ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့နေရမှာပါ။ ရွေးကောက်ပွဲကျမှ မဲသွားတောင်းလို့ မဖြစ်ပါဘူး။ ပြည်သူ့အသံနားထောင်ပါမှ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်မှာပါ။

‘ပါတီစုံရွေးကောက်ပွဲတစ်ခုရဲ့ လိုအပ်ချက်များ’

ရွေးကောက်ပွဲတစ်ခု လွတ်လပ်ပြီး တရားမျှတဖို့ဆိုရင် အရေးကြီးတဲ့အချက်တွေရှိတယ်။ ဗဟိုရွေး ကောက်ပွဲကော်မရှင်မှသည် အဆင့်ဆင့်သော ရွေး ကောက်ပွဲကော်မရှင်များ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ဗဟိုရွေးကောက်ပွဲကော်မရှင်ကို ၂ဝ၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့က ပြဋ္ဌာန်းတဲ့ ဥပဒေနှင့်အညီ အစိုးရက ခန့်ထားရပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောတော့ပါဘူး။ အဓိကကျတာကတော့ ထင် ပေါ်ကျော်ကြားပြီး အတွေ့အကြုံရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ ရိုးသားဖြောင့်မတ်သူလို့ အစိုးရက ယုံကြည်ခြင်း (သမ္မတက ခန့်တာပါ) ဆိုတဲ့ အချက်ဖြစ်ပါတယ်။ နိုင်ငံရေးပါတီဝင်လည်း မဖြစ်ရပါဘူး။

ရွေးကောက်ပွဲကော်မရှင်များအပြင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ပြဋ္ဌာန်းရခြင်း၊ အခြေခံဥပဒေနှင့်အညီ မည်သူတွေ မဲပေးပိုင်ခွင့်ရှိခြင်း၊ မရှိခြင်း။ မည်သူတွေ ရွေးကောက်ပိုင်ခွင့် ရှိခြင်း၊ မရှိခြင်း။ မဲဆန္ဒ နယ်များ သတ်မှတ်ရခြင်း၊ မဲရုံအရေအတွက် သတ်မှတ်ရခြင်း၊ ရွေးကောက်ပွဲနေ့ သတ်မှတ်ရခြင်း၊ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းသတ်မှတ်ရခြင်း စသည်တို့ ဖြစ်ပါတယ်။ အဓိကကျတဲ့ အချက် တစ်ခု ရှိပါသေးတယ်။ အောင်နိုင်ရေးအတွက် ကိုယ်စားလှယ် လောင်းတစ်ဦးက ငွေကြေးမည်မျှ သုံးစွဲပိုင်ခွင့် ရှိသလဲ ဆိုတာပါ။ ဘဏ္ဍာရေးစည်းမျဉ်းပါ။ ဘဏ္ဍာရေးစည်းမျဉ်းနှင့်မညီလျှင် အနိုင်ရကိုယ်စားလှယ် ကန့်ကွက်ခံရပြီး ရှုံးနိမ့်သွားနိုင်ပါတယ်။ နောက်အရေးကြီးတဲ့အချက်တစ်ခုကတော့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နယ်မြေ အေးချမ်းတည်ငြိမ်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးက အရေးကြီးတာကို ပြောချင်တာပါ။ နယ်မြေမတည်ငြိမ်ရင် လွတ်လပ်ပြီး တရားမျှတဖို့ ခဲယဉ်းပါတယ်။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးခဲ့တာ သုံးကြိမ်ရှိပါပြီ။ ၁၉၉ဝ ခုနှစ်၊ ၂ဝ၁ဝ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ်တို့ ဖြစ်ပါတယ်။ ၁၉၆ဝ ခုနှစ်နောက်ပိုင်း တပ်မတော် အာဏာသိမ်းပြီးကာလမှ ၁၉၉ဝ ခုနှစ်ကျမှ ပါတီစုံရွေးကောက်ပွဲတွေ ကျင်းပနိုင်တာပါ။ ပါတီစုံအထွေထွေ ရွေးကောက်ပွဲနည်းတူ နိုင်ငံနဲ့ နိုင်ငံတကာ စိတ်ဝင်စားခဲ့တဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ စာရေးသူ နောက်ထပ် တင်ပြချင်တာကတော့ တိုက်ဆိုင်မှုတွေပါ။ ၁၉၆ဝ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ဗိုလ်ချုပ်နေဝင်းကို ကြားဖြတ်အာဏာလွှဲခဲ့တဲ့ အနေအထားကနေ အာဏာပြန်လည်ရယူဖို့ ကျင်းပခဲ့တာပါ။ ၁၉၉ဝ ခုနှစ် NLD ရဲ့ အနိုင်ရလဒ်ဟာ အသိအမှတ်အပြုမခံခဲ့ရပါဘူး။ NLD ရဲ့ တောင်ပြိုကမ်းပြိုနိုင်ပြီးမှ ဒီရွေးကောက်ပွဲဟာ အခြေခံဥပဒေ ရေးဆွဲဖို့ တာဝန်သာရှိတယ်လို့ ကျင်းပပေးခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ကဆိုပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းခဲ့တာပါ။ နိုင်ငံတကာရဲ့ ဝေဖန်မှုအားလုံးကိုလည်း လစ်လျူရှုခဲ့ကြတယ်။ ယခု ၂ဝ၂ဝ ရွေးကောက်ပွဲဟာ ၁၉၉ဝ ခုနှစ်က ရေတွက်ရင် နှစ်(၃ဝ)တိတိပါပဲ။ ဒါကြောင့် ၁၉၉ဝ ခုနှစ်မှာ ပြည်သူတွေဟာ အာဏာရှင်စနစ်ကို မလိုလားလို့ ဒီမိုကရေစီဘက်တော်သားစစ်စစ် NLD ကို မဲပေးခဲ့ကြတယ်။ ဂရုဏာမဲပဲပြောပြော အာဏာရှင်ကို မကြိုက်တာကတော့ သေချာပါတယ်။ အလှည့်အပြောင်းကာလ၊ အလှည့်အပြောင်းဖြစ်စေတဲ့ ရွေးကောက်ပွဲပါ။ ၂ဝ၂ဝ ရွေးကောက်ပွဲဟာလည်း ပန်းတိုင်ကိုရောက်ဖို့အတွက် အရေးပါလှပါတယ်။ ဒီမိုကရေစီစံနှုန်းတွေနဲ့ မပြည့်ဝတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ရှင်သန်စ၊ ဖွံ့ဖြိုးစ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဒီမိုကရေစီခရီးကြမ်းလမ်းဖောက်ခဲ့တဲ့ ပါတီ၊ ပေးဆပ်ခဲ့တဲ့ ပါတီ၊ ဘဝပျက်ခဲ့ရတဲ့ ပါတီဝင်တွေရှိတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ပါမယ်လို့ ပိုင်းဖြတ်ထားတဲ့ ပါတီကိုသာ မဲပေးဖို့ စဉ်းစားရမှာပါ။ (စာရေးသူ၏ယုံကြည်မှု) ”ကျားသေကို အသက်ပြန်သွင်းရင် ကျားကိုက်ခံရမှာပါ”။

‘မျိုးဆက်များရဲ့ ကံကြမ္မာနဲ့ ရွေးကောက်ပွဲ’

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၄ ခုနှစ်နှင့် ၁၉၆၄ ခုနှစ်အတွင်း မွေးဖွားသူတွေကို Baby Boomers လို့ ခေါ်ပါတယ်။ စာရေးသူတို့ အရွယ်တွေပါ။ အခုအချိန်မှာ သူတို့ ၅၅နှစ်ကနေ ၇၅ နှစ်အရွယ် ရှိနေကြပါပြီ။ ရွေးကောက်ပွဲအားလုံး ၁၉၉ဝ၊ ၂ဝ၁ဝ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂ဝ၁၅တွေမှာ မဲပေးခဲ့သူများ ဖြစ်ကြပါတယ်။ အလွန်ရှည်လျားလှတဲ့ အာဏာရှင်အောက်မှာ နိုင်ငံဖိနှိပ်မှုတွေ တွေ့ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံရေးအကြောင်း နားချေးခါးအူမမကျန် သိသူများ ဖြစ်ပါတယ်။

Generation X ဆိုတာကတော့ ၁၉၆၅ ခုနှစ် မှ ၁၉၇၉ ခုနှစ်အတွင်း မွေးဖွားသူများ ဖြစ်ကြပါတယ်။ ယခုဆိုရင် ၄ဝနှစ်ကနေ ၅၄ နှစ်အရွယ် ရှိနေပါပြီ။ ဒီ Generation Xထဲက ၁၉၇ဝ ခုနှစ်ထိ မွေးဖွားခဲ့သူများလည်း ရွေးကောက်ပွဲအားလုံးကို မဲပေးခဲ့သူများ ဖြစ်ပါတယ်။ နိုင်ငံရေးဖိနှိပ်မှုတွေ ကြုံခဲ့ရတဲ့၊ နိုင်ငံရေး ရုန်းကန်မှုတွေ လုပ်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဒီမျိုးဆက်ထဲကပဲ ဖြစ်ကြပါတယ်။ တစ်နည်း နိုင်ငံရေးဝမ်းစာပြည့်ခဲ့သူများ ဖြစ်ကြပါတယ်။ ပြည်သူ့အရေး တော်ပုံ(၈၈၈၈) ကို ခေါင်းဆောင်ပိုင်းက ဖြတ်သန်းခဲ့ သူများလည်း ဒီမျိုးဆက်ကပါပဲ။

၁၉၈ဝခုနှစ်မှ ၁၉၉၄ ခုနှစ်အတွင်း မွေးဖွားသူများကတော့ Generation Y လို့ ခေါ်ပါတယ်။ ၁၉၈ဝ-၁၉၈၈ ခုနှစ်အတွင်း မွေးဖွားသူတွေသာ ၂ဝ၁ဝ ရွေးကောက်ပွဲကနေစပြီး မဲပေးနိုင်ခဲ့ကြတာပါ။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ၊ ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံအကြောင်း ဂဃနဏ မသိခဲ့ကြပါဘူး။ ၂ဝ၁ဝ၊ ၂ဝ၁၂၊ ၂ဝ၁၅ ရွေးကောက်ပွဲ မဲပေးတဲ့ အတွေ့အကြုံရှိသူတွေ ဖြစ်ကြပါတယ်။

၁၉၉ဝ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း မွေးဖွားသူများကိုတော့ Generation Z လို့ ခေါ်ပါတယ်။ နည်းပညာဖွံ့ဖြိုးတဲ့ခေတ်ကို ခံစားရသူများ ဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် ရာစုသစ်အပြောင်း မွေးဖွားခဲ့သူများ အခု ၂ဝ၂ဝ ရွေးကောက်ပွဲကို ပထမဆုံးအကြိမ် မဲပေးကြမှာပါ။ ဦးရေအားဖြင့် (၅)သန်းခန့် ရှိတယ်လို့ အကြမ်းအားဖြင့် သိရပါတယ်။ သူတို့ရဲ့ ဆန္ဒမဲဟာ အရေးပါမှာပါ။ ဒါကြောင့်လည်း မဲဆန္ဒရှင် အသစ်များနဲ့ တွေ့ဆုံပွဲ၊ လူငယ်များနဲ့ တွေ့ဆုံပွဲတွေကို ကျင်းပနေကြတာပေါ့။ နိုင်ငံရေးဖိအားတွေ သိပ်မကြုံရဘဲ လွတ်လပ်မှုအချို့ ရခဲ့ကြတဲ့ မျိုးဆက်များ ဖြစ်ကြပါတယ်။ ဘယ်လိုမျိုးဆက် ဖြစ်ဖြစ်ပါ။ မဲဆန္ဒပေးခြင်းဟာ နိုင်ငံ့ကံကြမ္မာနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ဆောင်ရွက်ခြင်းသာ ဖြစ်တယ်ဆိုတာ မှတ်သားယုံကြည်ကြဖို့ အဓိကပါ။

‘မြန်မာနိုင်ငံ၏ အတိတ်က ရွေးကောက်ပွဲများ’

ပါတီစုံအထွေထွေ ရွေးကောက်ပွဲများမှာ အောင်နိုင်ရေးကာလမှာ အပြိုင်အဆိုင် စည်းရုံးကြတာပါပဲ။ အရေးကြီးတာက ရွေးကောက်ပွဲဥပဒေနှင့်အညီ စည်းရုံးကြဖို့ပါပဲ။ တစ်ပါတီနဲ့တစ်ပါတီ၊ တစ်ဦးနဲ့တစ်ဦး မပုတ်ခတ်ကြဘဲ ကိုယ့်နိုင်ငံရေး ရည်မှန်းချက်တွေ ချပြကြဖို့ပါပဲ။ ဘာသာရေးကို နိုင်ငံရေးနဲ့ မရောယှက်ဖို့လည်း အရေးကြီးတာပါပဲ။ ဒါပေမယ့် ရွေးကောက်ပွဲတိုင်းဟာ ဥပဒေ၊ နည်းဥပဒေနဲ့ မညီကြပါဘူး။ ပုတ်ခတ်ပြောဆိုမှုတွေကတော့ ကြားနေရတာပါ။ ခြိမ်းခြောက်မှုတွေလည်း ရှိပါတယ်။ အဆုံးစွန်အားဖြင့် လုပ်ကြံမှုတွေ ရှိခဲ့တယ်လို့ ကြားခဲ့ဖူးပါတယ်။ ဖဆပလရွေး ကောက်ပွဲတုန်းကပါ။ စာရေးသူ’၉’နှစ်သားမှာ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲကို မီလိုက်ပါတယ်။ မြင်လိုက်ရပါတယ်။ စာရေးသူတို့အိမ်ရှေ့မှာ ‘နော်မံကွင်း’ ဆိုတာ ရှိတယ်။ အဲဒီမှာ မဲရုံတွေ ရှိပါတယ်။ အောင်နိုင်ရေးကာလမှာ အမျိုးသမီးတွေ အရေးကြီးတယ်ဆိုတာ အဲဒီကတည်းက တွေ့ခဲ့ သိခဲ့ရတာပါ။ အောင်နိုင်ရေးအဖွဲ့တွေက ဆင်တူဝတ်စုံတွေ (ရွှေဝါရောင်တွေ၊ အနီရောင်တွေ)၊ အိုးစည် ဒိုးပတ်တွေနဲ့ လှည့်လည်စည်းရုံး မဲဆွဲခဲ့ကြတာပါ။ သန့်ရှင်းဖဆပလနဲ့ တည်မြဲဖဆပလတို့ရဲ့ အားပြိုင်ပွဲပါ။ ဖဆပလ အကွဲအပြဲ၊ ဗိုလ်ချုပ်နေဝင်းကို အိမ်စောင့်အစိုးရအဖြစ် ယာယီလွှဲခဲ့တာတွေက ၁၉၆၂ ခုနှစ်ရောက်တော့ တိုင်းပြည်ဟာ တပ်မတော်ရဲ့ အာဏာသိမ်းခံရမှုနဲ့ ဇာတ်သိမ်းပြီး စာရေးသူတို့ တံခါးပိတ်ဝါဒနဲ့ အမှောင်ကာလကို ဖြတ်သန်းပြီး (၂၆)နှစ်တာကာလ ဒုက္ခမျိုးစုံ၊ ရုန်းကန်မှုမျိုးစုံ၊ လှုပ်ရှားမှုမျိုးစုံကို ကြားခဲ့၊ မြင်ခဲ့ရတာပါ။ နောက်ပိုင်းရွေးကောက်ပွဲတွေကတော့ ကိုယ်တိုင်လည်း မဲဆန္ဒရှင်၊ ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ခဲ့လို့ မှတ်မှတ်သားသား ပြက်ပြက်ထင်ထင်လည်း ရှိခဲ့ရပါတယ်။

‘ငုနဲ့ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ခမောက် မေမှာနိုင်သည်’

၁၉၉ဝ ခုနှစ် မေလ ၂၇ရက်နေ့မှာ ၁၉၆ဝ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲပါ။ အစိုးရအဖြစ် ဖွဲ့နိုင်တဲ့ ပါတီကြီး ‘၃’ခုရဲ့ ယှဉ်ပြိုင်ပွဲပါပဲ။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကို အမည်ပြောင်းထားတဲ့ တစည(တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ)နဲ့ ဦးအောင်ကြီး ပါတီတို့ဖြစ်ကြပါတယ်။ ရွေးကောက်ပွဲ ကျင်းပပေးတဲ့ တပ်မတော်အစိုးရ က တစညပဲ နိုင်လိမ့်မယ်လို့ တွက်ထားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဆလမှာ ပါတီဝင်ပေါင်း သန်းနဲ့ချီ ရှိနေလို့ပါပဲ၊ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က (၄၉၂) နေရာရှိတဲ့အနက် (၃၉၂) နေရာနဲ့ တောင်ပြိုကမ်းပြို နိုင်လိုက်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်က မကြေညာဘဲ ရွေးကောက်ပွဲပြီးမှ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဟာ လွှတ်တော်ခေါ်ယူဖို့ မဟုတ်ဘူး။ အခြေခံဥပဒေ ရေးဆွဲရေးအဖို့သာ ဖြစ်တယ်ဆိုပြီး အမိန့်ကြေညာချက်တွေ ထွက်လာတာပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရဲ့ ရွေးချယ်ခံ အမတ်တွေဟာ ပြည်ပမှာ အစိုးရ ဖွဲ့သူကဖွဲ့၊ ပြည်တွင်းမှာ အဖမ်းခံရသူက အဖမ်းခံရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဟာ ဖိနှိပ်မှုမျိုးစုံ ခံခဲ့ရတာပါ။ ရုံးတွေ ပိတ်ခံရ၊ အဖွဲ့ဝင်လူငယ်၊ အမျိုးသမီးတွေ အဖမ်းခံရ အစရှိတဲ့ ဖိနှိပ်မှုတွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကျော်လွှားနိုင်ခဲ့တာပါ။ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ဆက်လက်ရှင်သန်စေခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် ပါတီပေါင်း (၉၃)ပါတီ ပြိုင်ခဲ့ပါတယ်။ တိုင်းရင်းသားပါတီ (၁၉)ခုလည်း ပါပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က (၃၉၂)နေရာ၊ SNLD(ရှမ်း)က (၂၃)နေရာ၊ ALD(ရခိုင်)က (၁၁)နေရာနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက (၁ဝ)နေရာသာ အနိုင်ရရှိခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရဲ့ အရေးကြီးတဲ့ ကြေညာချက်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ရဲ့ ၁/၉ဝ အမိန့်ပါ။ ပါတီတွေ မလိုက်နာရင် ပုဒ်မအကြီးကြီးနဲ့ တရားစွဲခံရမှာပါပဲ။ ဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နိုင်မှ ထွက်လာတဲ့ အမိန့်ပါ။ အာဏာလွှဲပြောင်းဖို့ မဟုတ်ဘူး။ အခြေခံဥပဒေ ရေးဆွဲဖို့ပဲဆိုတဲ့ အနှစ်သာရကို အကောင်အထည်ဖော်ပြီး (၂ဝ၁ဝ) ထိ တပ်မတော်အစိုးရအဖြစ် အုပ်ချုပ်ခဲ့တာပါ။ (၁၉၉ဝ) ခုနှစ် ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရဲ့ အမှတ်တံဆိပ်က ခမောက်ပါ။ စုနဲ့ခမောက် မေမှာနိုင်တာ လွမ်းမောစရာအဖြစ် ကျန်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) စည်းရုံးရေးအဖွဲ့ဝင်များရဲ့ ခမောက် တစ်ပြည်လုံး လွှမ်းသွားပါတယ်။ မဲပေးသူဦးရေ(၇၂ဒသမ ၆ရာခိုင်နှုန်း)ရှိခဲ့တာဟာလည်း အလွန်အားရစရာ ကောင်းပါတယ်။

‘ပြိုင်ဘက်ကောင်းမရှိတဲ့ (၂ဝ၁ဝ) ရွေးကောက်ပွဲ’

ဆယ့်သုံးနှစ်လောက်ကြာအောင် ရေးဆွဲပြီး ထွက်ပေါ်လာခဲ့တဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်အစိုးရဟာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ (၇)ရက်မှာ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) ကနေ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) အဖြစ် ပြောင်းသွားပါပြီ။ အုပ်ချုပ်နေစဉ်ကာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းလို့ဆိုပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ပြ၊ အသင်းဝင်တွေ စုဆောင်းပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းပြီး (၂ဝ၁ဝ) ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်စေခဲ့ပါတယ်။ တစ်နည်းပြောရရင် (၂ဝ၁ဝ)ကတည်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစိုးရရဲ့ ထောက်ခံမှုရနေတာပါ။ ဒီရွေးကောက်ပွဲမှာ (၁၉၉ဝ)ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီက ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်ခွင့်မရ၊ နေအိမ်အကျယ်ချုပ် အချုပ်ခံထားရတဲ့ အခြေအနေ၊ ရွေးကောက်ပွဲဥပဒေအပေါ် ယုံကြည်မှုနည်းလို့ ယှဉ်ပြိုင် အရွေးခံဖို့ မရွေးချယ်ခဲ့ပါဘူး။ (၂ဝ၁ဝ) ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မယှဉ်ပြိုင်တဲ့အတွက် နိုင်ငံတကာမှာ (၂ဝ၁ဝ) ရွေးကောက်ပွဲအပေါ် ဝေဖန်သံတွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရဲ့ ဗဟိုအလုပ်အမှုဆောင် အချို့ ပါတီက ခွဲထွက်ပြီး ပါတီသစ်ထောင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် (၂)နေရာစလုံးမှာရှိတဲ့ စုစုပေါင်းနေရာရဲ့ (၈ဝ ရာခိုင်နှုန်း)အထိ အနိုင်ရရှိခဲ့ပြီး ဦးသိန်းစိန် သမ္မတဖြစ်လာခဲ့ပါတယ်။ ကုလသမဂ္ဂကတော့ ရွေးကောက်ပွဲနဲ့ တရားမျှတမှုအပေါ် စိုးရိမ်ပူပန်တယ်လို့ ပြောခဲ့ပါတယ်။ အနောက်နိုင်ငံများကတော့ (၂ဝ၁ဝ) ရွေးကောက်ပွဲကို အတုအယောင်ပဲလို့ ဝေဖန်ခဲ့တယ်။ သေချာတာတစ် ခုကတော့ ”တစ်ကောင်ထဲပြေးပြီး ပန်းဝင်သွားသလိုပါပဲ”။ ပြိုင်ဘက်ကောင်းမပါတဲ့ ရွေးကောက်ပွဲဆိုတာက တော့ သေချာပါတယ်။

‘(၂ဝ၁၂) ကြားဖြတ်ရွေးကောက်ပွဲ (သို့မဟုတ်) အားစမ်းပွဲ’

(၂ဝ၁၂) ဧပြီ(၁)ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ လစ်လပ်မဲဆန္ဒနယ် နေရာအရေအတွက်က (၄၈)နေရာဖြစ်သော်လည်း ကချင်ပြည်နယ်ဒေသက မဲဆန္ဒနယ်(၃)နယ်အတွက် တော့ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဟာ (၂ဝ၁၁) ဒီဇင်ဘာ (၁၃)ရက်မှာ ဗဟိုကော်မရှင်ထံသွားပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတာ အကြောင်းကြားခဲ့ပါတယ်။ (၄၅)နေရာ လစ်လပ်မှုရှိတဲ့ အထဲက (၄၄)နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်ပြိုင်ခဲ့ပါတယ်။ (၄၃) နေရာမှာ အနိုင်ရခဲ့ပြီး (၁)နေရာ ရှုံးနိမ့်ရခြင်းဟာ အဲဒီနေရာက ကိုယ်စားလှယ် အပယ်ခံရလို့ပါ။ ရာနှုန်းပြည့်အနိုင်ရခဲ့သလို ဖြစ်သွားပါတယ်။ ပြည်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပေါ်မှာ ယုံကြည်မှုရှိနေတုန်းပဲဆိုတာ လက်တွေ့ ပြခဲ့တာပါ။ ဒီ အားစမ်းပွဲဟာ USDP အတွက်လည်း သတိထားစရာဖြစ်စေခဲ့ပါတယ်။ (၄၃)ယောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်သွားတော့ အတိုက်အခံပါတီအဖြစ်နဲ့ လွှတ်တော်က ပိုပြီး ပီပြင်လာစေပါတယ်။ နိုင်ငံတကာကလည်း (၂ဝ၁၂) ကြားဖြတ်ရွေးကောက်ပွဲကို အာရုံစိုက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမဲဆန္ဒနယ်ကနေ ဝင်ပြိုင်ပြီး လွှတ်တော်ထဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဟာ လွှတ်တော်ထဲမှာ အတိုက်အခံပါတီအဖြစ် ဂုဏ်ရှိရှိ ရပ်တည်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကို နိုင်ငံရေးအရ ဖိနှိပ်သူများနဲ့ လွှတ်တော်ထဲမှာ ပြန်ဆုံတွေ့ကြပါတယ်။ ဘာပြဿနာမှမရှိပါဘူး။ အေးအေးချမ်းချမ်းပဲ ရှိပါတယ်။ NLD ရဲ့ နိုင်ငံရေး သဘောထားကြီးမှုက စံပြဖြစ်ပါတယ်။

‘(၂ဝ၁ဝ) ရွေးကောက်ပွဲအတွက် စိန်ခေါ်မကျေပွဲ ဖြစ်သည့် (၂ဝ၁၅) ရွေးကောက်ပွဲ’

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဟာ (၂ဝ၁၂) ကြားဖြတ်အရှိန်နဲ့ (၂ဝ၁၅)ခုနှစ် ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့ပြီး ချန်ပီယံဘွဲ့ကို ပြန်လည်လုယူခဲ့ပါတယ်။ (၂ဝ၁၅) ကြားဖြတ်ရွေးကောက်ပွဲကို အကျယ်ချဲ့ မရေးတော့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဟာ ပြည်သူ့လွှတ်တော်မှာ (၂၃၅) နေရာ၊ အမျိုးသားလွှတ်တော်မှာ (၁၃၅) နေရာ စုစုပေါင်း (၃၇ဝ) နေရာ (နေရာအားလုံး၏ ၈၆ရာခိုင်နှုန်း) တိတိ အနိုင်ရပြီး အရပ်သားအစိုးရစစ်စစ် ပေါ်ထွက် လာခဲ့ပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေကို တော်တော်များများလည်း သိနေကြပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်တာက ပြည်သူတွေ သိပြီးပါပြီ။ (၂ဝ၁၅)ခုနှစ် ရွေးကောက်ပွဲကတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ယှဉ်ပြိုင်ခဲ့တာပါ။ ပြောင်းလဲခြင်းကို အဟန့်အတားဖြစ်နေတဲ့ ဥပဒေတွေ ပြောင်းလဲခြင်းကို မလိုလားတဲ့သူတွေ ရှိနေသေးတာလည်း အသေအချာပါ။

‘ရွှေမှန်ကင်းကို ထင်းမဖြစ်စေချင်ပါ’

(၂ဝ၂ဝ) ရွေးကောက်ပွဲဟာ အလွန့်အလွန် အရေးပါလှပါတယ်။ အစိုးရဖွဲ့နိုင်တာကလည်း ပါတီ ကြီး(၂)ခုပဲ ရှိပါတယ်။ (၁)ခုကတော့ အရပ်သားစစ်စစ် အစိုးရကို ဖွဲ့စည်းနိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါ။ ဒီမိုကရေစီခရီးကို ဖောက်ခဲ့ပြီး ဒီမိုကရေစီလမ်းကို မမောမပန်း လျှောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါ။ မိုးကျရွှေကိုယ်တွေ မပါသလောက်ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါ။ ဒီမိုကရေစီ အပင်စိုက်ပြီး ရေလောင်းပေါင်းသင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါ။ အသီးအပွင့်တွေ ဝေဆာဖို့ကတော့ (၂ဝ၂ဝ)ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရမှသာလျှင် ဖြစ်နိုင်မှာပါ။ ပြည်သူတွေ နိုင်ငံရေးအသိအမြင်တွေကျယ်ပါမှ နိုင်ငံရေး စဉ်းစားဆင်ခြင်မှုတွေ ကြီးပါမှ တော်ရုံကျမှာပါ။ ဒီရွေးကောက်ပွဲက ပြင်းထန်မယ်။ ပြိုင်ဆိုင်မှု ကြီးမားမယ်။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မှာ အသေအချာပါပဲ။ ဒီမိုကရေစီ လိုလားသူတွေနဲ့ ဒီမိုကရေစီ မလိုလားသူတွေရဲ့ပြိုင်ပွဲ။ ပြောင်းလဲချင်သူတွေနဲ့ အပြောင်းအလဲ မလိုချင်သူတွေ ပြိုင်ပွဲ။ တိုင်းပြည်နဲ့ ပြည်ထောင်စုကြီးရဲ့ အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်မယ့် (၂ဝ၂ဝ) ရွေးကောက်ပွဲမှာ ပြည်သူတွေ နိုင်ငံရေး နားမယောင်ဖို့၊ သတင်းမှားတွေ အပေါ်မှာ စဉ်းစားဆင်ခြင်ကြဖို့၊ အတွေ့ အကြုံရှိသူတွေကို မေးမြန်းကြဖို့၊ မျက်စိကြီးကြီးဖွင့်၊ နားကျယ်ကျယ်စွင့်ပြီး (၂ဝ၂ဝ) ရွေးကောက်ပွဲမှာ မဲပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်အစိုးရ ကိုယ်ရွေးချယ်ခြင်းဟာ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ရွေးချယ်ခြင်းဖြစ်လို့ မဲရုံတွေဆီသွား မဲပေးဖို့ လိုအပ်ပါတယ်။ မဲပေးသူ ရာခိုင်နှုန်းများပါမှ ရွေးကောက်ပွဲရဲ့ အင်္ဂါရပ်ပြည့်စုံမှာပါ။ မဲအသာရသူ အနိုင်ရတဲ့ စာရေးသူတို့ရဲ့ ရွေးကောက်ပွဲ စနစ်ဟာ မဲရေတွက်ချိန်မှာ အလွန်အရေးကြီးလှပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ လက်ထဲက မဲတစ်ပြားဟာ ပြည်ထောင်စုကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတဲ့ အသိကို လက်ခံပြီး (၂ဝ၂ဝ) ရွေးကောက်ပွဲအတွက် နိုင်ငံသားတာဝန်ကိုလည်း ထမ်းဆောင်တယ်ဆိုတဲ့ ပြယုဂ်တစ်ခုကို ပြကြပါစို့လို့ ဆန္ဒပြုလိုက်ပါတယ်။
🔹🔹🔹
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •