မြန်မာပြည်မှ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် 

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာပြည်မှ နိုင်ငံရေးပါတီများနှင့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

 

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ်(၂၁) တွင် –
(၁) နိုင်ငံသားတိုင်းသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန်အတွက်လည်းကောင်း၊မဲပေးရန်အတွက်လည်းကောင်း၊
အခွင့်အရေးရှိပြီး နိုင်ငံတွင်း၌ အစိုးရအဖွဲ့တွင်ပါဝင်ဆောင်ရွက်နိုင်သောအခွင့်အရေးရှိသည်၊
(၂) နိုင်ငံသားတိုင်းသည် ၎င်း၏နိုင်ငံတွင် ပြည်သူ့ရေးရာများညီတူညီမျှ ဝင်ရောက်ဆောင်ရွက်နိုင်သည်၊
(၃) အစိုးရအဖွဲ့၏လုပ်ပိုင်ခွင့်သည် ပြည်သူတို့၏ဆန္ဒပေါ်တွင်အခြေခံထားရမည်၊

သို့ကြောင့် စစ်မှန်သောရွေးကောက်ပွဲနှင့်အခါအားလျော်စွာ ပြည်သူ့ဆန္ဒများကိုထုတ်ဖေါ်ခွင့်ရှိစေရမည်၊
တူညီသောအခွင့်အရေးများဖြင့်မဲပေးခွင့်နှင့် အပြည်ပြည်ဆိုင်ရာစံနူန်းအတိုင်းဖြစ်စေရမည်၊
လျို့ဝှက်မဲပေးစနစ်အရလည်းကောင်း၊တပြေးညီလွတ်လပ်စွာ မဲပေးနိုင်ခွင့်ရှိသော စီမံချက်အရလည်းကောင်း ကျင်းပရမည်၊
အစိုးရ၏လုပ်ပိုင်ခွင့်သည် နိုင်ငံတဝှမ်းလုံးရှိ ပြည်သူအားလုံးတို့၏ ဆန္ဒကိုအခြေပြုရမည်၊
ဆိုသည်ကို စစ်မှန်သောရွေးကောက်ပွဲကျင်းပပြီးဆန္ဒထုတ်ဖော်ခွင့်ရှိရမည်ဟူသော အဓိကကျသည့် ပြည်သူတစ်ဦးချင်းမှ မိမိတို့၏ ဆန္ဒမဲပြားကို ပွင့်လင်းလွတ်လပ်သော အစီအမံများအောက်တွင် လျို့ဝှက် မဲပေးစနစ်ဖြင့် မိမိတို့လိုချင်သော အစိုးရနှင့် အုပ်ချုပ်ရေးစနစ်အတွက် လွတ်လပ် လုံခြုံစွာ ဆန္ဒမဲပေးကြရမှာဖြစ်ပါတယ်၊
ရွေးကောက်ပွဲဖြစ်စဉ်များတွင် ရှင်းလင်းတိကျပြီး ထင်သာမြင်သာရှိမူနဲ့ ယုံကြည်ကိုးစားမူမြင့်မားလာစေရန်လည်း ဆောင်ရွက်ရပါမယ်၊
ဤသို့ဆောင်ရွက်မူသည် အစိုးရနှင့်
ရွေးကောက်ပွဲကြီးကြပ် ထိန်းကြောင်းသူ ကော်မရှင်သည်တွင်သာမက ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများနှင့် လွတ်တော်ကိုယ်စားလှယ်လောင်းများထံ၌လည်း တာဝန်ရှိပါတယ်၊
ရွေးကောက်ပွဲဝင်ပါတီများသည် ပြည်သူများအားတွေ့ဆုံစည်းရုံးရာ၌ ကန့်သတ် နှောက်ယှက်ခြင်း၊ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်းမရှိပဲဆောင်ရွက်နိုင်ခွင့်ရှိစေရမည်၊
ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများ၊
မဲဆွယ်သူများနှင့်မဲဆန္ဒရှင်များအား အကြမ်းဖက်မူနှင့်ချိန်းခြောက်မူမရှိစေရ၊
ရွေးကောက်ပွဲမဲဆွယ်ရန်အတွက် စာရွက်စာတမ်းများ ဝေငှခြင်း၊ထောက်ခံသူလူပုဂ္ဂိုလ်များ ရှာဖွေစည်းရုံးခြင်း၊စသည်တို့လုပ်ဆောင်ရန်အတွက် လွတ်လပ်စွာ သွားလာ စည်းရုံးခွင့်ကိုအာမခံရမည်၊

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြောညာစာတမ်း –
အပိုဒ်(၂၉) ခွဲ(၂) မိမိအခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာလည်းကောင်း၊
ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင်
ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့်ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း၊
ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မူများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။

ဒီမိုကရေစီကိုကျင့်သုံးသည့်နိုင်ငံတိုင်းမှာ လွတ်လပ်ပြီးကောင်းမွန်မျှတသည့် ဥပဒေများဖြင့်ထိန်းကြောင်းနိုင်မှသာ ဥပဒေစိုးမိုးပြီး ဒီမိုကရေစီကလည်း ချောမွှေ့ အားကောင်းလာမှာဖြစ်ပါတယ်။
လိုက်နာကျင့်သုံးကြစေရန်လည်း လိုအပ်ပါတယ်၊

ဆိုလိုတာက ယခုမိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတာဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံက သတ်မှတ်သည့် ရွေးကောက်ပွဲသက်တမ်းစံနူန်းအတိုင်း (၅)နှစ်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲကျင်းပကာ လွတ်တော်ကိုယ်စားလှယ်များကို ပြည်သူများမှ
မဲပေးရွေးချယ်ပြီး၊ ရွေးချယ်ခံပြည်သူ့အစိုးရတစ်ရပ်ကိုဖြစ်လာစေရပါတယ်၊
နိုင်ငံတစ်ခု၏ အရေးကြီးလှသည့် ရွေးကောက်ပွဲဆိုသည်မှာ တောရိုင်းဥပဒေများဖြင့်သွား၍မရပါ၊(ကိုယ်စိတ်တိုင်းကျ ပြောဆိုရေးသားသောအခင်းအကျင်း)၊

တိကျ ခိုင်ခန့်ပြီး တာဝန်ယူရမည့် လွတ်လပ်သည့်
ရွေးကောက်ပွဲကော်မရှင်နဲ့အတူ လွတ်လပ်တည်ငြိမ်စေမည့် ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများရှိရပါမယ်၊
နိုင်ငံရေးပါတီထူထောင်ခွင့်ဥပဒေ၊
နိုင်ငံရေးပါတီတစ်ရပ်သည်၊
မှတ်ပုံတင်ခွင့်ပြု ခြင်း၊ ခွင့်မပြုနိုင်ခြင်း၊
ခွင့်ပြုထားပြီးသား ပါတီများ၏ လုပ်ဆောင်မူများသည် ပြဌာန်းထားသော ဥပဒေများနှင့် ထူထောင်စဉ်ကာလတွင် စောင့်ထိန်းလိုက်နာမည့် ကျင့်ဝတ်များကို လိုက်နာပါမည်ဟု ဝန်ခံဂတိပြုမူအချက်အလက်များကို လိုက်နာမူရှိခြင်းမရှိခြင်းသည် ထိုနိုင်ငံအတွက်အရေးပါလိုအပ်ပါတယ်၊
ကော်မရှင်နှင့် နိုင်ငံရေးပါတီဆိုသည်မှာ အမြဲတစ်စေ ပြောဆို ငြင်းနေကြသည်ကလည်း
သဘာဝတစ်ခုပင်ဖြစ်ပါတယ်၊
ဒါကြောင့်လည်း ဥပဒေအချက်အလက်များကိုပြဌာန်းထားပြီး နိုင်ငံရေးပါတီတို့၏ အဖြစ်အပျက်အခြေအနေများကို ထိန်းညှိရသည့် လွတ်လပ်သည့်
ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ
နှင့်အညီ ဖွဲ့စည်းပေးရတာဖြစ်ပါတယ်၊

နိုင်ငံရေးပါတီတစ်ရပ်သည် မိမိနိုင်ငံ၏ မြေပြင်
အခြေအနေကို ဖွင့်ဟပြောဆို ရေးသားရာတွင် ဒီမိုကရေစီဘဲ၊လွတ်လွတ် လပ်လပ်၊
မိမိပြောလိုတာကို ရေးသားပြောဆိုမယ်၊
ဟူ၍ မတွေးအပ်ပေ၊
မိမိရေးသားပြောဆိုမူကြောင့် မိမိတိုင်းပြည် အရှက်ရစေမှာလား၊
ဂုဏ်သိက္ခာ ကျဆင်းစေမှာလား၊
ပြည်သူအများ ဂနာမငြိမ်မူများဖြစ်သွားမှာလား၊
စသည်တို့အားအရင်ဦးစွာ စဉ်းစား ဆင်ခြင်နိုင်ရပါမယ်၊
မိမိပါတီက ပြောဆို ရေးသားမူများသည် တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်လာပြီး၊
ဘေးထွက်ဆိုးကျိုးများနည်း နေစေရပါမယ်၊

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ –
ပုဒ်မ(၄) ပါတီတည်ထောင်လိုသူများသည်အောက်ပါအချက်များနှင့်ကိုက်ညီရမည်၊
(င) ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း၊
(ဆ) မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့်ဆိုင်ရာဥပဒေပါပြစ်မူနှင့်ငြိစွန်းသူမဟုတ်ခြင်း၊
(ဇ) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ်ခံယူထားသူမဟုတ်ခြင်း၊
(စ) နိုင်ငံတော်အားလက်နက်ကိုင် ဆန့်ကျင်နေသောသောင်းကျန်းသူအဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကိုကျုးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသောအဖွဲ့အစည်းဝင်နှင့်ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ်ကြေညာခြင်းခံရသောအဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့်တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊သို့မဟုတ် အားပေးကူညီခြင်းပြုသည့်အဖွဲ့အစည်းဝင်မဟုတ်ခြင်း၊

ဆက်လက်ရပ်တည်ခွင့်မရှိခြင်း –
ပုဒ္မ(၁၂)
ပုဒ်မခွဲ(၄) ပုဒ်မ(၆)ပါဝန်ခံချက်တစ်ရပ်ရပ်ကိုစောင့်ထိန်းလိုက်နာရန်ပျက်ကွက်ခြင်း၊
ပုဒ်မခွဲ(၆) ပုဒ်မ(၁၀) ပါအချက်တစ်ရပ်ရပ်နှင့်ကိုက်ညီခြင်းမရှိသောသူများကိုပါတီဝင်
အဖြစ်မှထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိန်ချန်ထားခြင်း၊
ပုဒ်မ(၆)(စ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ပစ္စည်း၊အခြားအထောက်အပံ့ကိုတိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊သို့မဟုတ် ယင်းတို့၏ဘြဇာခံယူခြင်းမပြုရေး၊
စသည်ဖြင့် ပုဒ်မခွဲငယ်(၆) ခုရှိပါတယ်၊

ပုဒ်မ(၁၀)(စ/ဆ/င) တို့၏ ပြဌာန်းမူသည်
အပေါ်စာပိုဒ်တွင်ရေးသားထားသော
ပုဒ်မ(၄)(ဆ/ဇ/စ) ဖွင့်ဆိုချက်များနှင့်အတူတူပင်ဖြစ်ပါတယ်၊

အခန်း(၄)
ရန်ပုံငွေနှင့်ပစ္စည်းများစုဆောင်းခြင်း၊ထိန်းသိမ်းခြင်း၊သုံးစွဲခြင်း၊စစ်ဆေးခြင်းနှင့်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊
ပုဒ်မ(၁၅)(က) ပါတီရန်ပုံငွေကိုအောက်ပါအတိုင်းကောက်ခံစုစည်း၍စာရင်းပြုစုထားရမည်၊
(၁) ပါတီဝင်ကြေးနှင့်ပါတီလစဉ်ကြေး၊
(၂) ပြည်တွင်းရှိနိုင်ငံသားတစ်ဦးခြင်းကဖြစ်စေ၊အဖွဲ့အစည်းလိုက်ဖြစ်စေ၊နိုင်ငံသားပိုင်ကုမ္ပဏီ သို့မဟုတ် အစုအဖွဲ့ကဖြစ်စေ၊
၎င်းတို့တရားဝင် (တရားဝင်) ရရှိထားသော
ငွေကြေး၊ပစ္စည်းများထဲမှပါတီသို့လှူဒါန်းထည့်ဝင်သည့်ငွေကြေး သို့မဟုတ် ပစ္စည်း၊
(၃) ပါတီပိုင်စီးပွားရေးလုပ်ငန်းများမှ
တရားဝင် (တရားဝင်) ရရှိသောငွေနှင့်အမြတ်အစွန်း၊
ပုဒ်မ(၁၅(ခ) ပုဒ်မခွဲ(က)ပုဒ်မခွဲငယ်(၁)နှင့်(၂) တို့အရရရှိသောငွေကြေး၊ပစ္စည်းများအပေါ်တွင်ထမ်းဆောင်ရမည့်အခွန်အခများကိုကင်းလွတ်ခွင့်ပြုသည်။

အခန်း(၅) အထွေထွေ –
ပုဒ်မ(၂၀) ဤဥပဒေပါပြဌာန်းချက်များကိုဘအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ –
(က) ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်၊
(ခ) မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုခွင့်မရှိစေရ။

ပုဒ်မ(၂၄) (ခ) ပါတီတစ်ခု၏ပါတီတွင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တစ်ဦးဦးက ကော်မရှင်သို့တင်ပြ တိုင်ကြားလာပါက ကော်မရှင်သည် စုံစမ်း စစ်ဆေး၍လိုအပ်လျှင် နိုင်ငံတော်အကျိုးငှာ၊ ထိုပါတီအားလိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်ကာလသတ်မှတ်၍ ညွန်ကြားနိုင်သည်၊
အကယ်၍မလိုက်နာပါက မှတ်ပုံတင်ထားခြင်းကို သုံးနှစ်အထိယာယီရပ်ဆိုင်းနိုင်ခြင်း၊
မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်းဖျက်သိမ်းရမည်ဖြစ်သည်။

နည်းဥပဒေ –
ပ်ုဒ်မ(၂၃) ပါတီ၏ စာရင်းများကိုစစ်ဆေးရန်လိုအပ်လျှင်ကော်မရှင်က သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့က စစ်ဆေးနိုင်သည်၊ ယင်းသို့စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရဌာန၊အဖွဲ့အစည်းများထံမှ အကူအညီရယူနိုင်သည်၊

ပုဒ်မ(၂၀) (က) ပါတီတစ်ခုသည် မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ၊ ဤဥပဒေအရမှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ခံရလျှင်ဖြစ်စေ၊ ပါတီပိုင် ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသည့် အဖွဲ့အစည်းသို့ သတ်မှတ်သည့်နည်းလမ်းအတိုင်းအပ်နှံရမည်။

ပုဒ်မ(၁၅) ပါတီတစ်ခုသည်အောက်ပါအချက်တစ်ရပ်ရပ်နှင့်ငြိစွန်းကြောင်းကော်မရှင်ကတွေ့ရှိလျှင် မှတ်ပုံတင်ပြုခဲ့ခြင်းကိုပယ်ဖျက်ရမည်၊
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကိုလေးစားလိုက်နာမူမရှိခြင်း၊
(စ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ပစ္စည်း၊အခြားအထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ၊ရယူသုံးစွဲခြင်း၊
သို့မဟုတ် ယင်းတို့၏ဘြဇာခံယူခြင်းပြုသည့်အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရှိခြင်း၊
ပုဒ်မခွဲ(က) မှ (ည) အထိ(၁၀) ခုပြဌာန်းထားပါတယ်။

ယခုတစ်လော ဖြစ်ပေါ်နေသော နိုင်ငံရေးပါတီတစ်ခု၏ ပြသာနာအရေးသည် အဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးက တည်ဆဲဥပဒေကိုချိုးဖောက်ကျုးလွန်ခဲ့မူတစ်ရပ်ဖြစ်သည့်အပြင်၊
ထိုကျုးလွန်ခဲ့သူအား အဖွဲ့အစည်းမှ အခရာကျသောရာထူးတာဝန်ပေးထားခြင်းသည် ထိန်ချန်မူ တစ်ခုဖြစ်ပါတယ်၊
ကာလစည်းကမ်းသတ်ဥပဒေတွင် အစိုးရကဖြစ်စေ၊အစိုးရအတွက်ဖြစ်စေ စွဲဆိုသည့်အမူသည် ကန့်သတ်ကာလနှစ်ပေါင်း(၆၀) ဖြစ်ပြီး၊
ပုဒ်မ(၂၂၄) သည်တရားစီရင်ရေးကိုဆန့်ကျင်သောပြစ်မူမြောက်ပါတယ်ဟုအဓိပ္ပါဖွင့်ဆိုထားတာကိုတွေ့ရသည့်အပြင်၊
ပြစ်ဒဏ်သည် စွဲဆိုရင်းပြစ်မူအတွက်ဖြစ်စေ၊
ပြစ်မူထင်ရှားစီရင်ရင်း ပြစ်မူအတွက်ဖြစ်စေ၊ဖမ်းဆီးခံရမည့်သူ ခံထိုက်သော၊သို့တည်းမဟုတ် အချုပ်ခံနေရသူ၊ခံထိုက်သောပြစ်ဒဏ်အပြင် အပိုခံရမည့်ပြစ်ဒဏ်ဖြစ်သည်။

နဂိုချမှတ်ထားသော ပြစ်ဒဏ်အပြင်
နှစ်နှစ်အထိထောင်ဒဏ်ချမှတ်နိုင်ပါတယ်၊

သို့ဖြစ်ပါသောကြောင့်အထက်ပါတွင်ရေးသားမူများသည် နိုင်ငံရေးပါတီတစ်ရပ်၏ ဥပဒေနဲ့အညီ ရပ်တည်ပိုင်ခွင့်အပြင် တည်ဆဲဥပဒေများကိုချိုးဖောက်မိလျှင်လည်းဥပဒေအရ ရပ်တည်ပိုင်ခွင့်မရှိနိုင်တော့ပေ၊
ပါတီ၏ သုံးစွဲသည့်ငွေကြေးများ၏ လာရာကိုလည်း မှန်မှန် ကန်ကန် တိတိကျကျ ဖော်ထုတ် နိုင်ဖို့အပြင် (၂၀၁၃) ခုနှစ်တွင်ထောင်ပြေး ရာဇဝတ်သားတစ်ယောက်ကို မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိစေရန် အတွက် ပြန်လည်ဝင်ခွင့်ရရေးအား ဆောင်ရွက်ပေးလိုက်သည့် ယခင်အစိုးရမှ တာဝန်ယူခဲ့သော၊တာဝန်ရှိခဲ့သူ လူကြီးမင်းများကို ဥပဒေအရ ပြန်လည်ခေါ်ယူမေးမြန်းစစ်ဆေးရမှာဖြစ်ပါတယ်၊
ထိုလူကြီးမင်းများသည် ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ပုဒ်မ(၄၄၅) ပါ ပြဌာန်းချက်နှင့်ဆက်စပ် အကျိုးခံစားခွင့် လုံးဝ(လုံးဝ) မရှိပါဆိုသည်ကိုလည်း တာဝန်ရှိသူများမှ သိထားကြဘို့ လိုပါကြောင်း၊
ရေးသားတင်ပြလိုက်ရပါတယ်။

အလေးထားစွာဖြင့် . ကိုသိန်းဌေး ၈၈ ပဲခူး၊
… (6.9.2020).. နံနက်(၂)နာရီ (၃၁) မိနစ်၊


Spread the love
  •  
  •  
  •  
  •  
  •  
  •