မြန်မာဘင်္ဂလားဒေ့ရ်ှနှစ်နိုင်ငံ အငြင်းပွားတာက ရေပိုင်နက်မျဉ်းကိစ္စသာဖြစ်ပြီး ကုန်းမြေပိုင်ဆိုင်မှု မပါဝင်ခဲ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာဘင်္ဂလားဒေ့ရ်ှနှစ်နိုင်ငံ အငြင်းပွားတာက ရေပိုင်နက်မျဉ်းကိစ္စသာဖြစ်ပြီး ကုန်းမြေပိုင်ဆိုင်မှု မပါဝင်ခဲ့

 

ရှင်မဖြူကျွန်းပဲခေါ်ခေါ်၊ အုန်းကျွန်းပဲပြောပြော၊ စိန့်မာတင်ပဲအမည်တပ်တပ်၊ နတ်မြစ်အဝနဲ့ မနီးမဝေးမှာတည်ရှိပြီး မြန်မာဘက် သိသိသာသာကြီး စွန်းထွက်နေတဲ့ အဲဒီ့ကျွန်းဟာ မြန်မာပိုင်မဟုတ်ဘူး။
မြန်မာဘင်္ဂလားဒေ့ရ်ှနှစ်နိုင်ငံ အငြင်းပွားတာက ရေပိုင်နက်မျဉ်းကိစ္စပါ။ အငြင်းပွားတဲ့အကြောင်းအရာမှာ ကုန်းမြေပိုင်ဆိုင်မှု မပါဝင်ခဲ့ပါဘူး။ မြန်မာနဲ့ဘင်္ဂလားရေပိုင်နက်အငြင်းပွားတယ်ပဲကြားဖူးပါတယ်။ မြန်မာနဲ့ဘင်္ဂလား
ကျွန်းပိုင်ဆိုင်မှုပြသနာဆိုတာ တစ်ခါမှမကြားဖူးဘူး။
ရေပိုင်နက်ဆိုတာလည်း ကုန်းမြေပိုင်ဆိုင်မှုကို အခြေတည်ပြီး
ဆွဲရတာလေ။ ရေပိုင်နက်အငြင်းပွားလို့ ကျွန်းပေးလိုက်ရတယ်လို့မှ မရှိတာ။ ကျွန်းပိုင်ဆိုင်မှု အငြင်းပွားလို့ အဲဒီ့ကျွန်းကိုလက်ဝယ်ပိုင်ပိုင်ရသူက ကျွန်းနဲ့ဆက်စပ်ပြီးရေပိုင်နက်တွေ ဆွဲခွင့်ရမှာလေ။ နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က International Tribunal for the Law of the Sea ကနေ တရား‌ရေးရာဆုံးဖြတ်ခဲ့တယ်။
ရာဇဝင်မှာ အဲဒီကျွန်းကို ရခိုင်ဘုရင်အဆက်ဆက်က ပိုင်ဆိုင်ကောင်းပိုင်ဆိုင်ခဲ့မယ်။
၁၇၈၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရခိုင်ဘုရင်အပေါ် စစ်အောင်နိုင်ခဲ့တဲ့ ဘိုးတော်ဘုရား ဦးဝိုင်းလက်ထက်မှာ ဆက်လက်ပြီး မြန်မာပိုင် ဖြစ်ကောင်းဖြစ်ခဲ့မယ်။
ဒါပေသိ အဲဒီ့ကျွန်းကို သူပိုင်ငါပိုင် အငြင်းပွားရင်း ၁၈၂၄ ပထမမြန်မာအင်္ဂလိပ် ပထမစစ်ဖြစ်ခဲ့တယ်လို့ဆိုရင်လည်း ၁၈၂၆ ရန္တပိုစာချုပ်နဲ့စစ်ပြေငြိမ်းပြီး ရခိုင်နဲ့တနင်္သာရီကို ဗြိတိသျှတွေလက်ထဲ ထဲ့လိုက်ရကတည်းက မြန်မာပိုင်အဖြစ်ကနေမရှိတော့ဘူး။
အိန္ဒိယနဲ့တွဲရေးခွဲရေးကစလို့ လွတ်လပ်ရေးပြန်ရလိုက်တဲ့အခါ
ဗြိတိသျှတွေက ဒီကျွန်းကို မြန်မာတွေ ပိုင်ဆိုင်ဖူးခဲ့တာမို့ ပြန်ယူပါဆိုပြီး မြန်မာပြည်ကို ပြန်ပေးခဲ့တယ်ထင်နေပါလား။
ပြန်ပေးခဲ့တယ်လို့သာယူဆရင် သူတို့ဟာသမိုင်းမှာ အမှားကျူးလွန်ခဲ့ကြောင်း ဝန်ခံခြင်းမျိုးကို ဆိုက်ရောက်သွားမှာပဲ။
ဗြိတိသျှတွေ ခင်ဗျားတို့တွေးကြည့်သလို ခပ်တုန်းတုန်း ခပ်ကြောင်ကြောင် လုပ်ခဲ့မှာ မဟုတ်ဘူး။
မြန်မာနဲ့ အိန္ဒိယနယ်ခြားမှာ သာသာထိုးထိုးနဲ့ မြန်မာဘက်မှာရှိတဲ့ စိန့်မာတင်ကျွန်းကို အင်္ဂလိပ်က လွတ်လပ်ရေးပေးတဲ့အချိန်မှာ သူ့တပြည့်အရင်းဖြစ်တဲ့ ဘာဘူကြီးအိန္ဒိယဘက်မှာ ထားပြီး ရေးဆွဲပေးထားခဲ့မှာက အသေခြာပါ။
ပါကစ္စတန်ခွဲထွက်တော့ အရှေ့ပါကစ္စတန်ထဲပါသွားတယ်။
နောက်တော့ဘင်္ဂလားဒေ့ရ်ှအဖြစ် ခွဲထွက်ပြန်တော့လည်း သူတို့ဘက်မှာပဲ အဲဒီ့ကျွန်းကရှိနေခဲ့တာပါ။
အာဂျင်တီးနားနဲ့ ကပ်လျှက်မှာရှိတဲ့ ဖောက်ကလန်ကျွန်းကို အင်္ဂလန်ကပိုင်ပါတယ်။ ဖောက်ကလန်ကျွန်းဟာ အင်္ဂလန်နဲ့ မိုင်ထောင်ချီဝေးပါတယ်။ ကျွန်းပိုင်ဆိုင်မှုအကြောင်းပြုပြီး နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ရဖူးပါတယ်။ တရားရုံး ‌မရောက်ခဲ့ဘူး။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခါနီးမှ ရုရှားကသိမ်းယူခြင်းခံရတဲ့ ကူရိုင်းကျွန်းစုတွေကို ဂျပန်ကအခုအထိ သူပိုင်ဆိုင်ကြောင်းတောင်းဆိုနေရဆဲပါ။ ကျွန်းပိုင်ဆိုင်မှုသာ တရားစွဲလို့ရရင် ဂျပန်တွေ ရုရှားကိုတရားစွဲတာကြာလှပေါ့။
ဆိုလိုချင်တာက ကုန်းမြေပိုင်ဆိုင်မှုဆိုတာ တရားရုံးမှာဆုံးဖြတ်ခံတာထက် လက်နက်နဲ့ အရင်ရှင်းကြရတာများပါတယ်။
တောင်တရုတ်ပင်လယ်ထဲ ရေတက်ရေကျနဲ့ ပေါ်ချည်မြုတ်ချည် လူသူလေးပါး ဘာမှမရှိတဲ့ကျွန်းမှာ တရုတ်ကလူလုပ်ကျွန်းဖန်တီးတယ်။ ကျွန်းအပိုင်ဖြစ်မှ ရေပိုင်နက်သတ်မှတ်ဖို့ အတွက် အားသာမယ်။
Lloyd’s Maritime Atlas of world ports and shipping places 2001 ထဲမှာ နတ်မြစ်ဝက (စိန့်မာတင်ကို ဝိုက်ဆွဲထားတဲ့) ဘင်္ဂလားဒေ့ရှ်မြန်မာ ရေပိုင်နက်မျဉ်း၊ အိန္ဒိယမြန်မာ (အန်ဒမန်ကျွန်းစုတွေနဲ့ ကိုကိုးကျွန်းစုကို ပိုင်းခြားထားတဲ့) ရေပိုင်နက်မျဉ်း၊ ဘုရင့်နောင်အငူက(ဇာဒက်ကြီးနဲ့ သံကျွန်းတို့ကို ဝိုက်ပတ်ဆွဲထားတဲ့) ထိုင်းမြန်မာ ရေပိုင်နက်မျဉ်းတွေကို ပုံနိပ်ဖြန့်ချီထားတာတွေ့ရတယ်။
တနင်္သာရီကတိုင်းဒေသကြီးက ဇာဒက်ကြီးကျွန်း၊ သံကျွန်းတို့ဆိုရင်သာသာထိုးထိုး သိသိသာသာကြီး ယိုးဒယား ပင်မကုန်းမြေဘက်ကို စွန်းထွက်နေတာတောင် အင်္ဂလိပ်ကသူ့ရဲ့ကိုလိုနီဖြစ်တဲ့ မြန်မာဘက်ကို မရောက်‌ရောက်အောင်ဆွဲထားပေးတယ်။
စိန့်မာတင်ကျွန်းက မြန်မာဘက်နီးလို့ မြန်မာကို ပေးသင့်တယ်ဆိုရင် ဇာဒက်ကြီး၊ သံကျွန်းနဲ့ ကျွန်းသေးကလေးများစွာ ထိုင်းဘက်ကို ရောက်နေလို့ ထိုင်းတွေကတောင်းဆိုရင်ရော ပေးလိုက်မလားဆိုတာ တွေးတောစရာပါ။
မြန်မာပြည်မြောက်ပိုင်းမှာဆို ဧရာဝတီရဲ့ရေဝေကြောကမြစ်တွေကို တရုံမြစ်ဖျားပိုင်းကလွဲလို့ မြန်မာဘက်ရောက်အောင် မြန်မာတရုတ်နယ်နိမိတ်မျဉ်းကို ဗြိတိသျှတို့က အသာစီးယူခဲ့တယ်။ ဧရာဝတီရဲ့ ရေဝေကြောတွေဖြစ်တဲ့ ခါကာဘိုရာဇီ၊ ဂမ်လမ်ရာဇီ၊ ဖုန်ကန်ရာဇီ စတဲ့ရေခဲတောင်တွေ အဝေးကလှမ်းတိုင်းတာ တွက်ချက်ပြီး မြန်မာ့ပိုင်နက်အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ခါကာဘိုရာဇီတောင်ထိပ်ပေါ်ကို ဂျပန်လူမျိုးတောင်တက်သမားတစ်ဦးနဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးတို့ ၁၉၉၆ စက်တင်ဘာ ၁၅ ရက်နေ့မှာမှ လူသားတို့အနေနဲ့ ခြေချအောင်မြင်ခဲ့တယ်။ ဗြိတိသျှတွေ မြန်မာနိုင်ငံကို သူတို့အင်ပါရာအတွင်း သွတ်သွင်းခဲ့တဲ့နေရာမှာ အရာရာကို စံနစ်တကျနဲ့ တိုင်းထွာရေးဆွဲပြီး ကြေငြာခဲ့ကြတာပါ။
ဒါတွေအားလုံးဟာ သမိုင်းရဲ့မပြောင်းလဲနိုင်တော့တဲ့ အမွေတွေလို့ပဲ သဘောထားရမှာပါ။
စိန့်မာတင်ကျွန်းဓမ္မသတ်ထုံးကို ထိုင်းနဲ့မြန်မာရေပိုင်နက်အပြီးသတ်‌သဘောတူ ရေးဆွဲတဲ့အခါ ပြန်ပြီးတော့ ကိုးကားနိုင်မှာပါ။ တရားရုံးက တရားမျှမျှတတ ဆုံးဖြတ်ပေးခဲ့တာကို ဘင်္ဂလားအရာရှိတွေက မီဒီယာကိုအသုံးချပြီး သူတို့နိုင်ငံသားတွေ စိတ်ဓါတ်တက်ကြွအောင် သူတို့ဘက်က ရေပိုင်နက်အငြင်းပွားမှုမှာ အသာစီးရခဲ့တယ်လို့ ဝါဒဖြန့်ခဲ့တယ်။
မြန်မာတွေက ရေပိုင်နက်အငြင်းပွားကိစ္စကို အကြောင်းပြုပြီး အဲဒီ့အကြောင်းအရာမှာ လုံးဝမပါခဲ့တဲ့ ကိုယ်မပိုင်တဲ့ကျွန်းကို ပေးလိုက်ရပါတယ်ဆိုပြီး သွေးထိုးခံရတယ်။


စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်တဲ့အတွက် ကျွန်းကို ဝိုက်ပတ်ပြီး ရေပိုက်နက်ဆွဲရတယ်။
မြန်မာစစ်သင်္ဘောတွေက နတ်မြစ်ကနေ ပင်လယ်ဘက်ထွက်ရင် အဲဒီ့မျဉ်းအတိုင်းဝိုက်ကွေ့ထွက်ပေးရမယ်။
ထိုင်းစစ်သင်္ဘောတွေလည်း ပါချန်မြစ်ကနေ ထွက်တဲ့အခါ ဇာဒက်ကြီး၊ သံကျွန်းတို့ကို ကွေ့ဝိုက်ထွက်ပေးရမယ်။
တရားရုံးမှာ မြန်မာဘက်က လိုတာထက်ပိုတောင်းဆိုထားတာရှိသလို ဘင်္ဂလားကလည်း မတော်လောဘနဲ့ တောင်းဆိုခဲ့မှာပါပဲ။ တောင်းဆိုခဲ့ကြတဲ့ သက်သေတွေလည်းရှိနေဆဲပါ။ အပြည်ပြည်ဆိုင်ရာ တရားရုံးက နှစ်ဘက် win win ဖြစ်အောင် စီရင်ပေးခဲ့ပါတယ်။
ဘယ်အရာမဆို သိမ်ငယ်တဲ့အငုံ့စိတ်နဲ့မတွေးတတ်အောင် အနာဂါတ်လူငယ်တွေအတွက် အမှန်တရားကို
လက်ဆင့်ကမ်းပေးပါ။ ကိုယ်တကယ်ပိုင်ခဲ့တာမဟုတ်ပါပဲ၊ အလုခံရတဲ့ပုံစံနဲ့ နောင်မျိုးဆက်သစ်ကို အငုံ့စိတ်မဖြစ်စေလိုပါ။
မတရားလောဘနဲ့ တောင်းဆိုခဲ့တဲ့ ဘင်္ဂလားတွေတောင် သူတို့လိုချင်တဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ တွေထွက်တဲ့ မြန်မာ့ရေပိုင်နက်ထဲက လုပ်ကွက်တွေမရခဲ့တဲ့အရှုံးကို အနိုင်လို့ ပြောင်းပြန်ယူဆပြီး ပြုံးပျော်တတ်ကြသေးတာပဲ။ ကျုပ်တို့ တကယ်တန်းမရှုံးခဲ့ပါဘူး။

သူပိုင်ငါပိုင်လုရင်း အင်္ဂလိပ်မြန်မာ ပထမစစ် စတင်ဖြစ်ခဲ့ရတဲ့ ရှင်မဖြူကျွန်းက နတ်မြစ်အဝမှာ တည်ရှိခဲ့သော မြေနုကျွန်းတစ်ခုဖြစ်ပြီး ယခုအခါ ကွယ်ပျောက်ခဲ့ပြီဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်တာကို ဖတ်ရပါတယ်။
စိန့်မာတင်ကျွန်းကို မြန်မာတို့က အုန်းကျွန်းဟုခေါ် ကြတယ်။
အနီးဆုံးကမ်းခြေမှဆိုရင် အနည်းဆုံး ၇မိုင် ထက်မနည်းတဲ့အကွာအဝေး ရှိပါလိမ့်မယ်။ ထိုခေတ်က မြန်မာတို့၏ ရေတပ်အခြေအနေအရ ရေကြောင်းစိုးမိုးမှု သာလွန်လွန်းတဲ့ ဗြိတိသျှတို့နှင့် ထိုကျွန်းပေါ် တွင်အပြန်အလှန်တက်ပြီး တပ်ဖွဲ့များစေလွတ်ကာ အလံစိုက်ထူရန်ဆိုရင် အခက်အခဲရှိပါလိမ့်မယ်။
၁၇၅၇ ခုနှစ် အလောင်းမင်းတရားလက်ထက်က မင်းရဲကောင်းပုံနဲ့ ပုသိမ်မြို့ဝန်တို့ တက်သိမ်းခဲ့တဲ့ အင်္ဂလိပ် အရှေ့အိန္ဒိကုမ္ပဏီ ရုံးစိုက်ရာ ဟိုင်းကြီးကျွန်းကလည်း ပင်မကုန်းမြေနှင့် ကပ်လျှက်တည်ရှိသော ပင်လယ်ဝတွင်ရှိသည့် ကျွန်းဖြစ်ပါတယ်။
၁၈၁၀ ခုနှစ် ဘိုးတော်ဘုရားလက်ထက်က သိမ်းယူအောင်မြင်ခဲ့တဲ့ ယခု ကမ္ဘာကျော် အပမ်းဖြေပင်လယ်ကမ်းခြေတည်ရှိရာ ထိုင်းနိုင်ငံမှ ဖူးခက်ကျွန်းဟာလည်း ပင်မကုန်းအမြေနဲ့ နီးစပ်တဲ့ ကျဉ်းမြောင်းတဲ့ရေလက်ကြားတစ်ခုသာ ကွာခြားတာကိုလေ့လာရပါတယ်။
ထို့ထက်မက ထပ်ဥပမာပေးရရင် ယခုနောက်ပိုင်း လွတ်လပ်ရေးရပြီးမှ နှစ်ဆယ်ရာစု ခေတ်နှောင်း နအဖ အစိုးရအထိ ကိုကိုးကျွန်းနှင့် ဆက်သွယ်မှုပင်လျှင် များစွာ အခက်အခဲရှိခဲ့တာကို လက်တွေ့သိမြင်ခဲ့ကြရတယ်။
ဒါ့ကြောင့် ရှင်မဖြူကျွန်းဆိုသည်မှာ (စိန့်မာတင်ကျွန်းမဟုတ်ပါပဲ) နတ်မြစ်၏ တဖက်တချက်ကမ်းဆီမှ နေပြီး အင်္ဂလိပ်နယ်ချဲ့တပ်များနဲ့ မြန်မာ့ဘုရင့်တပ်မတော်တို့ နှစ်ဘက် မျက်နှာခြင်းဆိုင်ဆုံတွေ့ရာ နတ်မြစ်ဝအနီး မြစ်အလယ်မှာ ရှိခဲ့သော ယခုအခါ ကွယ်ပျောက်သွားခဲ့ပြီဖြစ်တဲ့ ကျွန်းဟုသာ မှတ်ချက်ပေးလိုပါတယ်ခင်ဗျား။
ထပ်ပြီးပြောရရင် စိန်မာတင်ကျွန်းကို မြန်မာတို့ပိုင်ဆိုင်တယ်လို့ မျက်စိစုံမှိတ် ဆက်ပြောနေခဲ့ရင်တော့ တရုတ်ကူမင်တန်အစိုးရလက်ထက်က ရေးဆွဲခဲ့သော မြေပုံမှာ မြစ်ကြီးနားမြို့ရဲ့ အထက်နားအထိသာ မြန်မာဦးခေါင်းပါခဲ့ပါတယ်။


တနင်္သာရီတိုင်းကိုလည်း ထိုင်းကလည်း ပိုင်ဆိုင်ခဲ့ဘူးကြောင်း သမိုင်းရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတွင်မိုဒီ အာဏာမရခင် ကဘော်ချိုင့်ဝှမ်းမှာ သူတို့အပိုင်ဖြစ်ကြောင်း ပြန်တောင်းမည်ဖြစ်ကြောင်းမဲဆွယ် ခဲ့ဖူးပါတယ်။ အင်္ဂလိပ်လက်အောက်ကျရောက်ခါစကလည်း ကဘော်ချိုင့်ဝှမ်းကို မြန်မာပိုင်နက်ထဲရောက်အောင် ကင်းဝန်မင်းကြီးကြိုးစားခဲ့ရကြောင်း ဖတ်သားခဲ့ရဖူးပါတယ်။
လက်ရှိ မပြောင်းလဲနိုင်တဲ့ သမိုင်းအမွေတွေကို ဆက်လက်ထိမ်းသိမ်းကြပါစို့လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

<Thet Naing Sein>


Spread the love
  •  
  •  
  •  
  •  
  •  
  •