မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ယုံကြည်မူပျက်ပြားလာရခြင်း၏တရားခံ 

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု
ယုံကြည်မူပျက်ပြားလာရခြင်း၏တရားခံ

 

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ သူတို့ရေးဆွဲပြဌာန်းအတည်ပြုထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကိုကိုင်တွယ်အခြေခံပြီး၊နိုင်ငံအပေါ်ကိုလက်နက်ကိုင်ရမ်းကားမူ၊ နိုင်ငံ၏အချုပ်အခြာအာဏာကိုထင်သလိုဗိုလ်ကျမူ၊
ဖွဲ့စည်းပုံကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ၊
တည်ဆဲဖွဲ့စည်းပုံနဲ့အညီ ပြည်သူလူထုက
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရဆီမှ လက်နက်ကိုင်တပ်ဖွဲ့ကိုအသုံးချကာ အစိုးရ၏ ယန္တရားများကို လုယူလိုက်ကြတာဖြစ်ပါတယ်၊
ဖွဲ့စည်းပုံနဲ့အညီ ပြည်သူလူထုက ထောက်ခံဆန္ဒမဲပေးထားကြတဲ့ ပြည်သူကိုယ်စား ဥပဒေပြုလွတ်တော်ကိုယ်စားလှယ်များမှ ဖွဲ့စည်းပုံထုံးနဲ့အညီ ပထမအကြိမ်လွတ်တော်အစည်းအဝေးများကိုကျင်းပခြင်းကိုလည်း ဖွဲ့စည်းပုံနှင့်ညီညွတ်မူမရှိပါသော လုပ်ရပ်များဖြင့်ဖျက်ဆီးဘို့ကြိုးစားခဲ့ကြပါတယ်၊
သို့ပေမယ်လို့ လွှတ်တော်၏သက်တန်းတစ်ရပ်စတင်သော ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ဖွဲ့စည်းပုံထုံးဖြစ်သည့် အထွေထွေရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း(၉၀) အတွင်း၌ ကျင်းပနိုင်ခဲ့ပါတယ်၊(၈၈) ရက်မြောက်နေ့ရက်မှာ လွှတ်တော်ကိုယ်စားလှယ်(၇၀) မှအစပြုကာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း(၄၀၀) ခန့်မှ အခြေအနေတစ်ရပ်ကြောင့် Video Conferencing ဖြင့်ကျင်းပဆာင်ရွက်နိုင်ခဲ့ပါတယ်၊
ဖွဲ့စည်းပုံထုံးအရ လွတ်တော်အစည်းအဝေးအထမြောက်ခဲ့ပြီး၊
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပေါင်း(၃၈၇) ဦးကျော်၏ သဘောတူဆန္ဒမဲပေးမူဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ” CRPH ” ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်၊
သို့ကြောင့် ” CRPH” သည်ဖွဲ့စည်းပုံနှင့်သော်လည်းကောင်း၊ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊နည်းဥပဒေများအရသော်လည်းကောင်းအကြုံးဝင်သက်ရောက်ပြီး ဥပဒေအရ တရားဝင်အဖွဲ့အစည်းဖြစ်ပါတယ်၊
ဤသည်ကို UN အပါအဝင် UN အဖွဲ့ဝင်နိုင်ငံအားလုံးက အလေးထား အသိအမှတ်ပြုထားတာကိုတွေ့နေရပါတယ်၊
သို့သော် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားများကို လက်နက်အားပြုလုယူထားသော စစ်ကောင်စီ အုပ်စုအား UN နှင့်အဖွဲ့ဝင်နိုင်ငံအားလုံးက အစိုးရ (Government)အဖြစ် တရားဝင်လက်ခံထားမူကို ယခုအချိန်အထိလုံးဝ မရှိသေးတာကိုလည်းတွေ့နေရပါတယ်၊
လက်ရှိရွေးချယ်ခံအစိုးရကိုသာတရားဝင်လက်ခံထားဆဲဖြစ်ပါတယ်၊
ထို့ပြင် ” CRPH “မှ ခန့်အပ်တာဝန်ပေးမည့် အစိုးရသည်သာလျှင် ဒီမိုကရေစီနည်းကျ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့်အစိုးရသာဖြစ်ပါတယ်၊
ပြည်သူလူထုမှ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့်အစိုးရဆီမှ စစ်ကောင်စီသည် ၎င်းတို့တစ်ဦးခြင်း၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်စေရန်အတွက် မြန်မာ့တပ်မတော်သားများကိုလည်း ပြည်သူလူထုအပေါ်ပြုကျင့်ရမည့်ကျင့်ဝတ်(၁၀) ပါးကိုပါ ဖောက်ဖျက်ကျူးသည့် အမိန့်ကိုပေး၍ ဖောက်ဖျက်ကျူးလွန်စေပါတယ်၊
(၁) ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါ၊
(၂) ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ၊
(၃) ပြည်သူလူထုနှင့်ယဉ်ကျေးစွာဆက်ဆံပါ၊ ရေလို/လလိုကျင့်ပါ၊
(၄) ပြည်သူလူထု၏အကျိုးစီးပွားကိုအစဉ်ဦးထိပ်ထားပါ၊
(၅) ပြည်သူလူထုအားလှောင်ပြောင်ခြင်း၊မထီမဲ့မြင်ပြုခြင်း၊စော်ကားမော်ကားပြုခြင်း၊ဆဲရေး တိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့်ခြိမ်းခြောက်ခြင်းတို့ကိုရှောင်ကျဉ်ပါ၊
(၆) ပြည်သူလူထုအပေါ်လက်နက်အားကိုးဖြင့်အနိုင်ကျင့်ခြင်းမှရှောင်ကျဉ်ပါ၊
(၇) မိမိနှင့်မသက်ဆိုင်သောအမူကိစ္စများတွင်ဝင်ရောက်မစွက်မိဘို့သတိပြုပါ၊
(၈) ပြည်သူလူထုကိုဦးစားပေးပါ၊ မိမိအခွင့်အရေးပိုမယူပါနှင့်၊
(၉) ပြည်သူလူထုအတွက်ဘာပဲလုပ်လုပ်၊
ဘာပဲခိုင်းခိုင်း၊ ပြည်သူလူထုက
ကြည်ဖြူကျေနပ်ပါစေ၊
(၁၀) ပြည်သူလူထု၏ ဘာသာ၊အယူဝါဒ၊ ယဉ်ကျေးမူ ဓလေ့ထုံးစံများကိုလေးစားပါ၊
သို့ပါ၍ လက်ရှိတပ်မတော်၌ တာဝန်အဆင့်ဆင့်ရှိနေကြပါကုန်သော အောက်ခြေတပ်မတော်သားများမှသည် အပေါ်အရာရှိအဆင့်အကြပ်တပ်သားများသည် ယခုအခြေအနေတွင် မိမိတို့ရဲ့လုပ်ဆောင်မူတိုင်းက မှန်ပါရဲ့လား ?
ပြည်သူလူထုအပေါ်ဘယ်အနေအထားလိုမျိုးလုပ်မှသာလျှင်ပြည်သူလူထု၏ကြည်ဖြူချစ်ခင် ယုံကြည်မူများရနိုင်ပါသလဲ ဆိုသည်ကို စဉ်းစားကြပါ၊တွေးချင့်ကြပါ၊
မိမိတစ်ဦးခြင်း၏ ဇနီးမယား သားသမီးမိဘဆွေမျိုးများအပေါ်မှာ မိမိလုပ်ရပ်ကြောင့် ပြည်သူလူထုက ကျေနပ်ကြမလား၊ ကြည်ဖြူကြပါ့မလား၊မိမိတို့တစ်ဦးခြင်း၏ ဇနီးမယား သားသမီး မိဘဆွေမျိုးအားလုံးကလည်း ပြည်သူလူထုထဲက ပြည်သူလူထုပင်မဟုတ်ကြပါလား ?
မိမိတို့တပ်မတော်က တိုင်းသူပြည်သားများရဲ့အကျိုးစီးပွားကိုကာကွယ်နေတာမဟုတ်ပါဘဲနဲ့ စစ်ဗိုလ်ချုပ်တစ်ဦးခြင်း၊တစ်မိသားစုခြင်းရဲ့ တကိုယ်ကောင်းကိုယ်ကျိုးစီးပွားကိုသာကာကွယ်နေပြီး၊
တိုင်းသူပြည်သား မိသားစုများအားလုံးကို လက်နက်ကိုင်လွှမ်းမိုး၍ ချောင်ပိတ်ရိုက်နှက် ဖမ်းဆီး ကြမ်းကြုတ်ရက်စက်စွာ သတ်ဖြတ်နေတာမျိုးဖြစ်နေပြီလို့မစဉ်းစာမိကြဘူးလား ?
တွေးဆချင့်ချိန်မူတစ်ခုမှ ရှိမနေကြဘူးလား ?
ပြည်သူလူထုဘက်ကနေ မရပ်တည်နိုင်ကြလေလားလို့ပြည်သူလူထုများစွာက မချင့်မရဲ ဝမ်းနည်းကြေကွဲ ယူကြုံးမရကြပါဘူးဆိုသည်ကို သိနေကြစေခြင်ပါတယ်၊
ကမ္ဘာ့ဖွံ့ဖြိုးတိုးတက် ညီညွတ်စည်းလုံးနေကြတဲ့နိုင်ငံများ၏ ဖြစ်စဉ်များကို ကြည့်ကြည့်ကြပါ၊ ပြည်သူ့အုံကြွမူကြီးက ကြီးမားလာတဲ့အခါမှာ နိုင်ငံ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူဘက်ကိုပြန်လည်ရပ်တည်ပေးခဲ့ကြလို့၊
ယနေ့အချိန်ခေတ်ကာလမှာ ၎င်းနိုင်ငံများဟာ တည်ငြိမ် ဖွံ့ဖြိုးတိုးတက် စည်းလုံးပြီး တရားဥပဒေစိုးမိုးတဲ့နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံအသိုက်အဝန်းမှာ အဆင့်အတန်းမြင့်မြင့်နေထိုင် ရပ်တည်နေနိုင်ကြတာမဟုတ်ပါလား ?
ယနေ့မြန်မာနိုင်ငံမှာ စစ်ကောင်စီအဖွဲ့ရဲ့ ပြည်သူလူထုအပေါ်မှာ မတရားမူ၊ဗိုလ်ကျမူ၊ တရားလက်လွတ်အဓမ္မ ဖမ်းဆီး၊သတ်ဖြတ်မူတွေကြောင့်
မိမိတို့ပြည်သူလူထုဟာ စိတ်ရောကိုယ်ပါလွတ်လပ်မူမရှိကြခြင်း၊
မှန်ကန်သော ဥပဒေ၏ အကာအကွယ်မရရှိခြင်း၊
တရားဥပဒေ၏ အကာအကွယ်မဲ့ခြင်း၊
မြင်မြင်ရာကို စိုးရိမ် ကြောက်လန့်ကြောက်ရွံ့စွာ နေထိုင်ကြရခြင်း၊
မိမိအသက်နဲ့မိသားစုအသက်၊မိမိတို့ပြည်သူတစ်ဦးခြင်း၊တစ်မိသားစုခြင်း၏ အသက် အိုးအိမ် စည်းစိမ်များအား အာမ မခံနိုင်သော၊ လုံခြုံစိတ်ချမူမရှိတော့သောအခြေအနေများကို ရင်ဆိုင်နေလာကြရခြင်း၊
တရားဥပဒေမဟုတ်သော အမိန့် အာဏာမှန်သမျှကို ကြောက်ရွံ့၍ အကာအကွယ်မဲ့စွာ လိုက်နာနေထိုင်ကြရခြင်း၊
တို့နဲ့အတူ လူမူအဖွဲ့အစည်း၊လူမူဘဝနေထိုင်ကြရသည်မှာ တစ်ဦးနဲ့တစ်ဦး၊တစ်စုနဲ့တစ်စု၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တဖြေးဖြေးဖြင့်
ယုံကြည်မူများ ဆုံးရူံး ပျက်ပြားလာနေကြပါပြီ၊
ဤကဲ့သို့သော ဖြစ်စဉ် အခင်းအကျင်းများဖြစ်ပေါ်လာမူ၏ အဓိက လက်သည် တရားခံက ဘယ်သူလဲ ?
ဘယ်သူ အုပ်စုက ဦးဆောင်ကြီးကြပ် အမိန့်ပေးခိုင်းစေမူကို နာခံသော ဘယ်အဖွဲ့အစည်းပါလဲ ?
စစ်ကောင်စီ၏ အမိန့်ပေးခိုင်းစေမူကြောင့် ရက်ပေါင်း(၆၅) ရက်အတွင်းမှာ
စစ်တပ်မှ ကြမ်းကြုတ်ရက်စက်ပြီး လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်မူ၊ လမ်းမပေါ်၊ အိမ်ထဲတွင် ဝင်ရောက်သတ်ဖြတ် ပစ်ခတ်မူများကြောင့်လက်နက်မဲ့ပြည်သူများသည်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးပါမကျန်၊ အသက်(၁၆) နှစ်အောက်ကလေး(၄၃) ယောက်ကျော်၊တိုင်းပြည်အတွက်အနာဂတ်မျိုးဆက်လူငယ်များနှင့် လူရွယ်၊လူကြီးများ(၆၀၀) ကျော်သည် တရားလက်လွတ်သေဆုံးသွားကြရပါပြီ၊
မတရားဖမ်းဆီးခံထားရသူ(၂၇၀၀)ကျော်နှင့် ပုဒ်မတပ် ကြေညာခြင်းခံထားရသူ အနုပညာရှင်များပါမကျန်လူပေါင်း (၁၅၀) ခန့်ရှိနေပြီး၊
စာရင်းပျောက်လူဦးရေသည်လည်းအများအပြားရှိပါတယ်၊စာရင်းပျောက်သူများက ဘယ်၍ ဘယ်ပုံများဖြင့်ပေါ်လာလေမလားရယ်လို့လည်း မိဘများ၊မိသားစုများနှင့်ပြည်သူလူထုများမှ စိုးတထိပ်ထိပါရှိနေကြရပါတယ်၊
စစ်ကောင်စီလက်ထဲတွင် အစိုးရယန္တရားရှိနေသရွေ့ လက်နက်မဲ့ပြည်သူလူထု ဘယ်နှစ်ယောက်များ ထပ်ပြီးပစ်သတ်ခံနေကြရအုံးမှာလဲ ?
မတရားဖမ်းဆီးခံကြရအုံးမှာလဲ ?
မတွေးဝံ့စရာပါ၊
တပ်မတော်အနေနဲ့ တိုင်းပြည်နှင့်ပြည်သူလူထုကောင်းကျိုးများကိုအလေးမူဂရုပြုကြဘို့လိုအပ်ပါပြီ၊
ရပ်တန်းက ရပ်သင့်ဘို့အချိန်တန်နေပါပြီ၊
ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော အစိုးရလက်ထဲကို အစိုးရယန္တရားများပြန်ရရှိဘို့လိုအပ်လာပါပြီ၊
“UN” အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးမှလည်း လူသားချင်းစာနာထောက်ထားမူများဖြင့် တောင်းဆိုနေကြပါပြီ၊
စဉ်းစား သုံးသပ်စရာတစ်ခုကို ယခုလတ်တလော တွေ့လာနေရပါတယ်၊
မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင်ကျင်းပရေးအတွက်(၅.၄.၂၀၂၁) ရက်နေ့မှာအလှည့်ကျ ဥက္ကဌ ဘရူနိုင်းနိုင်ငံစော်ဘွား ဆူလ်တန်အက်ဆာနယ်ဘော်လ်ကီးယားနဲ့မလေးရှားဝန်ကြီးချုပ်မူယစ်ဒင်ယက်ဆင်တို့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်၊
“UN” မှ တရုပ်နိုင်ငံနှင့်ဒေသအတွင်းအာဆီယံနိုင်ငံများအား မြန်မာ့အရေးပူးပေါင်းဖြေရှင်းပေးဘို့အစဉ်တစိုက်ကြိုးပမ်းခဲ့တာကိုလည်းတွေ့နေရစဉ်မှာ
တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၏
ပြောရေးဆိုခွင့်ရှိသူ “ဟွာရှုရင်” က ဧပြီ(၃) ရက်နေ့တွင် ပြောဆိုလိုက်တဲ့အဓိက(၂) ချက်မှာ၊
(၁) မြန်မာနိုင်ငံတွင် “ခက်ခက်ခဲခဲတည်ဆောက်ရယူထားနိုင်ခဲ့သောဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်း ” ကိုရှေ့ဆက်သွားနိုင်ရန်မျှော်လင့်ကြောင်း၊
(၂) ရှေ့ဆက်နိုင်ရန် ကွဲပြားမူများကို
” ဖွဲ့စည်းပုံနည်းကျ ဥပဒေဘောင်” များအောက်ကညှိနိူင်းရန်လိုကြောင်း၊
(၃) အာဆီယံအဖွဲ့၏ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးနှင့်မြန်မာ့အရေးကိုပြေလည်စေရန် မိမိတို့ဟန်ဖြင့်ကြိုးပမ်းမူဖြစ်သော၊အာဆီယံခေါင်းဆောင်များအစည်းအဝေးကိုထောက်ခံကြောင်း၊ Three avoids ကိုပြောကြားခဲ့တာကိုတွေ့ရပါတယ်၊
အခြေအနေများဆိုးသည်ထက်ဆိုးမလာစေရန်၊ အရပ်သားများထိခိုက်သေဆုံးမူနှင့်သွေးထက်သံယိုအဖြစ်များကိုရှောင်ရှားရန်၊
ကုလလုံခြုံရေးကောင်စီမှ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နိုင်ခြေရှိခြင်းကိုရှောင်ရှားလိုတဲ့ တရုတ်နိုင်ငံ၏ သဘောထားကိုတွေ့ရပါတယ်၊
သို့ပေမယ်လို့ မြန်မာပြည်သူများသိနေ ကြရတာက စစ်အာဏာရှင်တို့မည်သည်
ပြည်သူ့ဆန္ဒနှင့်တထပ်တည်းကျရိုးထုံးစံမရှိခဲ့ဘူးဆိုတာပါဘဲ၊
သို့ကြောင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားသည်
“မီးစတဖက် ရေမူတ်တစ်ခွက်” မူဝါဒသဘောထားသာဖြစ်ပါတယ်၊

စာရေးသူမှ ဆောင်းပါးများရေးသားခဲ့ရာ၌ “UN” အပါအဝင် နိုင်ငံတကာနှင့်ပြောဆိုဆက်ဆံ ဆောင်ရွက်ရာတွင် ဥပဒေအရတရားဝင်မူ ( Legitimacy ) သည် အလွန်အရေးပါလှပါတယ်ဟု အမြဲမပြတ်ရေးသားလာခဲ့ပါတယ်၊
” စစ်ကောင်စီအဖွဲ့” သည် ဖွဲ့စည်းပုံထုံးနှင့်ဥပဒေများကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ထားသည့်အဖွဲ့ဖြစ်ပြီး၊
အစိုးရယန္တရားများအား လက်နက်ကိုင်လုယူထားသည့် အုပ်စုသာဖြစ်၍ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ဥပဒေအရ အသိအမှတ်ပြုလို့မရပါ၊
“UN” နှင့်နိုင်ငံတကာမှလည်း စစ်ကောင်စီကို မြန်မာနိုင်ငံအစိုးရအဖြစ် တရားဝင်သတ်မှတ်လက်ခံထားမူမရှိသေးပါ
( a bad lot)လူဆိုး လူတေများ၊
( agent provocateur ) ပြစ်မူကျူးလွန်အောင် လှုံ့ဆော်ပေးသော အစိုးရဘက်တော်သား၊
များကို ဦးဆောင်နေကြသူများဟုဆိုရင်မှားမည်မထင်ပေ၊
ဖွဲ့စည်းပုံထုံးအရဖြစ်စေ၊ ပြည်သူလူထု၏ ဆန္ဒအင်အားအရဖြစ်စေ၊
“UN”နှင့်ကုလလုံခြုံရေးကောင်စီသဘောထားအရဖြစ်စေ၊အမေရိကန်ဦးဆောင်သောမဟာမိတ်နိုင်ငံများ၏သဘောထားဆုံးဖြတ်ချက်များအရဖြစ်စေ၊အာဆီယံအပါအဝင် နိုင်ငံတကာသဘောထားများအရဖြစ်စေ ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်ထားသည့် “CRPH” နှင့်ရွေးချယ်ခံအစိုးရသည် နိုင်ငံတကာမှ လက်ခံထားပြီး၊
ဖွဲ့စည်းပုံထုံးအရ၊ဥပဒေနဲ့အညီ အသာစီးမှာရှိနေပါပြီ၊
၎င်းအချက် အခြေအနေအား ” CRPH” အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက အခြေအနေအမှန်ကို သိမြင်ထားနိုင်ကြဘို့အရေးကြီးပါတယ်၊
ပဋိညာဉ်ဆိုသည်မှာ သဘောတူလက်ခံလက်မှတ်ထိုးထားသည့် အဖွဲ့၊လူပုဂ္ဂိုလ်များနဲ့သာသက်ဆိုင်ပါတယ်၊
နိုင်ငံတကာ တရားရုံးတွင် ဖွဲ့စည်းပုံတရားရင်ဆိုင်ရလျှင် ခိုင်မာမူအားနည်းပါတယ်၊
ထားလိုက်ပါတော့ဒီအကြောင်းရှင်းပြရလျှင် များစွာသော အပိုဒ်လိုက်ရှင်းပြဘို့လိုအပ်ပါ၍ ဥရောပ၊အမေရိကန်မှ ဖွဲ့စည်းပုံဆိုင်ရာ နိုင်ငံတကာဥပဒေပညာရှင်များထံဆက်သွယ်မေးမြန်းလျှင်သိသာလာနိုင်ပါလိမ့်မယ်၊
ယနေ့ကာလ၌ မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဟုခေါ်ဝေါ်နေသည့် တရားမဝင်စစ်ကောင်စီအားဖျက်သိမ်းနိုင်ရေးပင်ဖြစ်သည့်အပြင် ယခုကာလနှင့်နောင်အနာဂတ်ကာလများမှာ မြန်မာပြည်သူများ၏ လူမူဘဝများ၊နေထိုင်မူများတွင်
ဥပဒေကိုလေးစားလိုက်နာသော ပြည်သူလူထုကဒီမိုကရေစီနည်းကျအစိုးရများဖြစ်တည်ကာ မကွယ်ပျောက်သွားနိုင်မူ၊
အစိုးရယန္တရားများသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့်အစိုးရထံတွင်သာ ရှိနိုင်မူ၊
၎င်းအခြေအနေ အခင်းအကျင်း နိုင်ငံရေးယဉ်ကျေးမူများစီးဆင်းခိုင်မာမူများမျက်ခြေမပြတ်စေရန်အတွက်
စစ်အာဏာရှင်စနစ်ကသာ မြန်မာနိုင်ငံ၌ အချိန်မရွေးဖြစ်ပေါ် ရပ်တည်လာနိုင်သည့် အခြေအနေ ဖြစ်စဉ်ကို မြန်မာနိုင်ငံတွင်
လုံးဝ ပျောက်ကွယ်သွားစေဘို့လိုအပ်ပါတယ်၊
စစ်အာဏာရှင်စနစ်ကြီးကို အချိန်မရွေးဖြစ်ပေါ်လာစေရန်အတွက်ဖန်တီးလို့ရနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက် ချမ်းသာလာမူများ စုံးစုံးမြုပ်လာပြီး၊
နိုင်ငံသားအချင်းချင်း၊လူမူအစုအဖွဲ့အချင်းချင်း၊မျိုးနွယ်စုအချင်းချင်း၊မျိုးနွယ်စုတစ်စုနှင့်တစ်စု ယုံကြည်မူများအလုံးစုံပျက်ပြားလာစေနိုင်ပါတယ်၊
ထိုကဲ့သို့ဖြစ်လာစေရန်လုပ်နေသူ တရားခံများဟာ ဘယ်သူ၊ ဘယ်အုပ်စုလည်းဆိုသည်ကို ပြည်သူလူထုအားလုံးနှင့်နိုင်ငံတကာ အသိုက်အဝန်းမှလည်း သိသာ မြင်သာနေကြပါပြီ၊
ယနေ့ဖြစ်စဉ်များကိုကြည့်ကြပါ၊
စစ်တပ်နဲ့ပြည်သူများကြား၊
ပြည်သူအချင်းချင်းကြား၊
မျိုးနွယ်စုတစ်စုနှင့်တစ်စုကြား၊
လူနေရပ်ကွက်၊ကျေးရွာများတွင်နေထိုင် ကြပါသောလူများကြား၊
ဥပမာ စစ်မူထမ်းဟောင်းမိသားစုများနှင့်ရပ်ကွက်နေပြည်သူများကြား၊
စသည်ဖြင့်မြန်မာ့လူ့အဖွဲ့အစည်းတိုင်းမှာ တစ်ဦးနှင့်တစ်ဦး၊ တစ်စုနှင့်တစ်စု သံသယများစွာဖြင့်စောင့်ကြည့်နေထိုင်နေကြတာကိုတွေ့လာနေရပါပြီ၊
တစ်ဦးနဲ့တစ်ဦး၊တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယိုးစွက်မူတွေကလည်းများပြားလာပါတယ်၊
နိုင်ငံသားအားလုံး၏ လူနေမူဘဝများဟာ အရာရာကိုစိုးရိမ်ကြောက်ရွံ့မူများစွာဖြင့်နေထိုင်နေကြရပါတယ်၊
ဤကဲ့သို့အခြေအနေဖြင့်နေထိုင်နေကြရသော နိုင်ငံသည် စည်းလုံးညီညွတ်ပြီး၊ ဖွံ့ဖြိုးတိုးတက်ချမ်းသာမူမရှိနိုင်သော၊
တည်ငြိမ်မူမဲ့သော၊တရားဥပဒေစိုးမိုးမူမရှိနိုင်သော၊
ပြသနာများစွာကို ရင်ဝယ်ပိုက်ထားရသော နိုင်ငံအဖြစ်မှရုန်းထွက်နိုင်ခြေမရှိနိုင်တော့ပါပေ၊
ယနေ့ဖြစ်စဉ်တစ်ခုကို ဥပမာပေးရှင်းပြပါရစေ၊
(၅) နှစ်လောက်တည်ထောင်လာပြီး၊
နိုင်ငံသားများရဲ့သွားလာနေထိုင်မူ၊
နိုင်ငံတကာနှင့်ချိတ်ဆက် စီးပွားရေးရင်းနှီးမြုပ်နှံနိုင်မူ၊ဆက်ဆံနိုင်မူ၊
ကမ္ဘာ့အလည်တွင်တဖြေးဖြေးဝင်ဆန့်လာမူ၊
သတင်းအချက်အလက်စီးဆင်းမူ၊
ငွေကြေးဝန်ဆောင်မူ၊စီးဆင်းမူ၊
စသည်တို့အဆင်ပြေလာနေပြီဖြစ်တဲ့
“IT” နည်းပညာပိုင်းအား အစိုးရယန္တရားများကို လက်နက်ကိုင် လုယူထားသည့်
“စစ်ကောင်စီ” အဖွဲ့မှ ရက်ပိုင်းလောက်နဲ့ဖျက်စီးပစ်လိုက်တာဟာ မြန်မာနိုင်ငံအတွက် ရေတွက်လို့မရနိုင်တဲ့ဆုံးရှုံးမူတွေများဖြစ်ပါတယ်၊
( Globalization ) ခေတ်ကြီးမှာ မြန်မာနိုင်ငံအတွက် နစ်နာ ဆုံးရှုံးမူတွေဟာ အလွန်ကိုများပြားလာနိုင်ပါတယ်၊
ပညာတစ်ရပ်၏ တန်ဘိုးနဲ့လူတစ်ဦးခြင်း၏ တရားမျှတပြီး၊ဥပဒေနဲ့အညီ လွတ်လပ်တဲ့အခွင့်အရေးကို တန်ဘိုးမထားတတ်တဲ့ ထားလိုစိတ်မရှိကြတဲ့ဆိုးရွားတဲ့လုပ်ရပ်သာဖြစ်ပါတယ်၊
အင်တာနက်( Internet ) လိုင်းတွေချိတ်ထားတဲ့ (Box) အချို့ကိုလည်း ဖြတ်တောက်ဖျက်စီးမူတွေလုပ်လာတာကိုတွေ့ရပါတယ်၊
ဒါက ပညာမဲ့လူရမ်းကားတွေလုပ်နေကြ အလုပ်နဲ့ အမိန့်ပေးခိုင်းစေတဲ့လူတွေရဲ့ အင်မတန်အောက်တန်းကျ ဆိုးရွားလှတဲ့လုပ်ရပ်ဖြစ်ပါတယ်၊
ဒီလိုအဆင့်သာရှိနေတဲ့လူတွေ လက်ထဲကိုမိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့အစိုးရယန္တရားများကို ဘယ်ကဲ့သို့များအပ်နှံထားကြရပါမလဲ ?
ထိုသို့သောအကြောင်းအချက်များကိုလေ့လာထောက်ရှုကြရင်း မိမိတို့မြန်မာပြည်သူများအားလုံးက ဇွဲမလျှော့ကြပါနဲ့၊
တိုင်းပြည်အတွက် လက်ရှိပစ္စုပန်နဲ့အနာဂတ်ကောင်းကျိုးများကိုမျှော်ကိုးကြကာ၊
မြန်မာ့လူ့အဖွဲ့အစည်းများအချင်းချင်း
ယုံကြည်မူပြန်လည်ထူထောင်ကြပါရင်းဖြင့် လုပ်သင့်တာ၊လုပ်နိုင်တာ၊လုပ်ကိုလုပ်ရမယ့်အရာနဲ့ ဒီမိုကရေစီစနစ်ဆက်လက်ရှင်သန်ခိုင်မာလာကာ ရွေးချယ်ခံအစိုးရစနစ်ယဉ်ကျေးမူမပျောက်ကွယ်စေရေးနှင့် ပြည်သူ့အာဏာနဲ့ အစိုးရယန္တရားများကို မိမိတို့ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရလက်ထဲသို့ပြန်လည်ရောက်ရှိလာဘို့ မရပ်မနား ကြိုးစားစွမ်းဆောင်
ကြပါစို့၊

အရေးတော်ပုံ အောင်ရမည်၊

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….( ၅.၄.၂၀၂၁) ……….


Spread the love
  •  
  •  
  •  
  •  
  •  
  •