မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) မြစ်ကူးတံတားတည်ဆောက်မှု ချဉ်းကပ်တံတားများ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ ရာ နှုန်းပြည့်ပြီးစီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) မြစ်ကူးတံတားတည်ဆောက်မှု ချဉ်းကပ်တံတားများ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ ရာ နှုန်းပြည့်ပြီးစီး

ရန်ကုန် ၂၆ ဇွန်

စီးပွားရေးမြို့တော် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမကြီးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ) မြစ်ကူးတံတားတည်ဆောက်မှု ဒလဘက်ခြမ်းနှင့် ရန်ကုန်ဘက်ခြမ်းတို့ရှိ ချဉ်းကပ်တံတား များအတွက် ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး မြစ်တွင်းရှိ ရေလယ်တိုင် ပင်မတံတားအနေဖြင့် ဒလဘက်ခြမ်းတွင် ဘိုးပိုင် လေးလုံးနှင့် ရန်ကုန်ဘက်ခြမ်းတွင် ဘိုးပိုင် လေးလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက “တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနဲ့ပတ်သက်ပြီး ဒလဘက်ခြမ်းနဲ့ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအတွက် ဘိုးပိုင် တူးဖော်ခြင်းလုပ်ငန်းတွေ ပြီးစီးသလောက်ဖြစ်နေပါပြီ၊ ဒလဘက်ခြမ်းရဲ့ ရေလယ်တိုင် ပင်မတံတား PY1 က အချင်း ၂ ဒသမ ၅ မီတာ မြေအနက် မီတာ ၁၂၀ ရှိတဲ့ ဘိုးပိုင် ၂၃ လုံး တူးရမယ့် အနက် သံချင်းချပြီး ကွန်ကရစ်လောင်းခြင်း လေးလုံး ပြီးနေပါပြီ။ ရန်ကုန်ဘက်ခြမ်း ရေလယ်တိုင် ပင်မတံတား PY2 လည်း ထိုနည်းတူပါပဲ ဘိုးပိုင်၂၃ လုံးမှာ လေးလုံး စုစုပေါင်း ရှစ်လုံး ဆောင်ရွက်ပြီးပါပြီ။ ပင်မတံတားအတွက် ကျန်တဲ့ ဘိုးပိုင်လုပ်ငန်းတွေကိုလည်း ဆက်လက် ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်ထိ တံတားတည်ဆောက်ရေး စီမံကိန်း တစ်ခုလုံးရဲ့ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ပြီး နေပြီဖြစ်ပါတယ်” ဟု ယနေ့ မွန်းလွဲပိုင်းက ပြောသည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်ရာတွင် ဒလဘက်ခြမ်း ချဉ်းကပ်တံတား တည်ဆောက်ရေးအတွက် ဘိုးပိုင်ပေါင်း ၁၄၁ လုံး နှင့် ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအတွက် ဘိုးပိုင် ပေါင်း ၈၂ လုံးနှင့် ဆင်းခြေလျော်တံတားအတွက် RamA ဘိုးပိုင် ၄၈ လုံး၊ RamB ဘိုးပိုင် ၅၂ လုံးတို့ကို တူးဖော် ဆောင်ရွက် သွားရမည်ဖြစ်ပြီး ရေလယ်တိုင် ပင်မတံတားအနေဖြင့် ဒလဘက်ခြမ်းတွင် PY1 ဘိုးပိုင် ၂၃ လုံးနှင့် P14 ဘိုးပိုင် ၁၂ လုံး၊ ရန်ကုန်ဘက်ခြမ်းတွင် PY2 ဘိုးပိုင် ၂၃ လုံးနှင့် P19 ဘိုးပိုင် ၁၈ လုံး တူးဖော်ရမည်ဖြစ်ရာ လက်ရှိအချိန်တွင် ရန်ကုန်ဘက်ခြမ်းနှင့် ဒလဘက်ခြမ်းတို့ရှိ ချဉ်းကပ်တံတားများအတွက် ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများအနေဖြင့် ရာနှုန်းပြည့်နီးပါး ပြီးစီးလျက်ရှိပြီးကြောင်း တံတားဦးစီးဌာနမှ သိရသည်။

ချဉ်းကပ်တံတားအတွက် ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေသော ရန်ကုန်ဘက်ခြမ်း၌ Pile Cap ပိုင်ထိပ်အုတ်ခြင်း ခြောက်တိုင်နှင့် ဒလဘက်ခြမ်း၌ ငါးတိုင် ဆောင်ရွက်လျက်ရှိပြီး Pier Column တိုင်တွေ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းခွင်အတွင်းရှိ အင်ဂျင်နီယာများနှင့် ဝန်ထမ်းများကို နေ့စဉ်ကျန်းမာရေးစစ်ဆေးခြင်းနှင့် အဖျားတိုင်ခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နေ့စဉ် လာရောက်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဒလတံတားမှာ စုစုပေါင်း အရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃ သန်း၊ မြန်မာအစိုးရမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄ သန်းနှင့် ထပ်မံချေးငွေ သန်း ၂၀ ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီ ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

တံတားကြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ဒေသခံပြည်သူများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိဘပြည်သူများစွာတို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး စီးပွားရေးမြို့တော် ရန်ကုန်မြို့တော်သို့ ကုန်စည်များ သယ်ယူပို့ဆောင်မှုနှင့် ကူးသန်းသွားလာရာတွင် အချိန်တိုအတွင်း ရောက်ရှိနိုင်မည်ဖြစ်သည်။

နိုင်လင်းကျော်(ဒလ)


Spread the love
  •  
  •  
  •  
  •  
  •  
  •