မြန်မာ သင်္ဘောသားနှစ်ဦး ပင်လယ်ကူး သင်္ဘောပေါ်တွင် လူသတ်မှုဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပင်လယ်ကူး သင်္ဘောတစ်စင်းပေါ်တွင် လူသတ်မှုဖြစ်ပွား

ကော့သောင်း သြဂုတ် ၂၂
ကိုရီးယားနိုင်ငံ Seoyang Shipping CO., LTD ပိုင် MV MCC Tokyo ပင်လယ်ကူး သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် မြန်မာ သင်္ဘောသားနှစ်ဦး သြဂုတ် ၂၀ ရက် ညပိုင်းက အချင်းချင်း စနောက်ရာမှ ခိုက်ရန်ဖြစ်ပွားကာ လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်း က MV MCC Tokyo ပင်လယ်ကူး သင်္ဘောသည် မလေးရှားနိုင်ငံ ပို့ကလန်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ သင်္ဘောအမှုထမ်း ကိုရီးယားနိုင်ငံ သားနှစ်ဦး၊ မြန်မာနိုင်ငံသား ၁၈ ဦး ဖြင့် ထွက်ခွာလာရာ အပြည်ပြည် ဆိုင်ရာ ရေပြင်အတွင်း မြန်မာ သင်္ဘောသား နှစ်ဦးဖြစ်သည့် ဦးဥက္ကာ (၃၄)နှစ်နှင့် ဦးအောင်မျိုးသက်(၂၂) နှစ် တို့ နှစ်ဦး အချင်းချင်းစနောက်ရာမှ ခိုက်ရန် ဖြစ်ပွားကာ ဦးအောင်မျိုးသက် က သင်္ဘောမီးဖိုချောင်မှ ဓားဖြင့် ဦးဥက္ကာ၏ ဝမ်းဗိုက်ကိုထိုးသဖြင့် သင်္ဘောပေါ်ရှိ ဆေးရုံခန်းတွင် ကနဦးကုသမှုခံယူခဲ့ပြီး သင်္ဘောကို နီးစပ်ရာသို့ Master Order ဖြင့် ဆေးကုသမှုခံယူနိုင်ရန် ကော့သောင်း ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာလာစဉ် ည ၉ နာရီခန့်တွင် ဦးဥက္ကာမှာ သွေးထွက်လွန်၍ သင်္ဘောပေါ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
သြဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျွန်းရှေ့ရေပြင်၌ ကျောက်ချရပ်နား ထားသော သင်္ဘောပေါ်သို့ ကော့သောင်း ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ သွားရောက်၍ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်ကာ မွန်းလွဲပိုင်းတွင် သေဆုံးသူ ရုပ်အလောင်းကို ကော့သောင်းမြို့သို့ သယ်ဆောင်လာပြီး ပြစ်မှု ကျူးလွန်သူ ဦးအောင်မျိုးသက် (၂၂) နှစ်အား သေမှုသေခင်း ဥပဒေပုဒ်မနှင့်အညီ ကော့သောင်း မြို့မ ရဲတပ်ဖွဲ့စခန်းက ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ ပင်လယ်ကူး သင်္ဘာပေါ်မှ မြန်မာသ‌င်္ဘောသားများမှာ လာမည့် ရက် အနည်းငယ်အတွင်း မြန်မာ နိုင်ငံ ကော့သောင်းမြို့အနီး ပင်လယ်ပြင်တွင် တာဝန်လဲလှယ်ကာ ကော့သောင်းမြို့တွင် ဝင်ရောက် မည့်သူများဖြစ်ကြောင်းလည်း သိရ သည်။
ကျော်စိုး (ကော့သောင်း)

Spread the love
  •  
  •  
  •  
  •  
  •  
  •