ယခင်အစိုးရ ခွင့်ပြုခဲ့သော မြေများအနက်မှ သတ်မှတ်ကာလအတွင်း လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် မြေ ဧက ၁၅ သိန်းကျော်ကို ပြန်သိမ်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယခင်အစိုးရ ခွင့်ပြုခဲ့သော မြေများအနက်မှ သတ်မှတ်ကာလအတွင်း လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် မြေ ဧက ၁၅ သိန်းကျော်ကို ပြန်သိမ်း

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလှိုင် ၂၀ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရယူထားပြီး စည်းကမ်းချက် သတ်မှတ်ကာလ လေးနှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင်ခွင့် ချထားမြေများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေးလုပ်ငန်းများ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်ခွင့်ရသူများထံမှ မြေခွန်တော်ကြွေးကျန်များ ပြေကျေစွာ ကောက်ခံရရှိရန် လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန် ဥပဒေ ပြဋ္ဌာန်းချက်အတိုင်း တိတိကျကျ ဆောင်ရွက်ရန် လိုအပ် ချက်များကို အသေးစိတ် ဆွေးနွေးမှာကြားသည်။

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက် ကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်း အရာ တစ်ခုချင်းအလိုက် သုံးသပ်ဆွေးနွေးကြသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်း များ၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကို အသုံးပြု၍ ထိရောက်မှန်ကန်စွာ အသုံးပြုလုပ်ကိုင်နိုင် ကြစေရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည်။

 


ယခင် အစိုးရကာလ ဗဟိုအဖွဲ့က မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုထားခဲ့ခြင်း နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်၊ အထူးအဖွဲ့ များ၏ စစ်ဆေးတွေ့ရှိချက်များအရ ယခင်ခွင့်ပြုဧရိယာ ၂၃၄၂၆၀၀ ဧကအနက် သတ်မှတ်ကာလအတွင်း လုပ်ငန်း ဖော်ထုတ်လုပ်ကိုင်ခြင်းမရှိသည့် ၁၆၄၅၀ ဧကအား ပြန်လည် သိမ်းဆည်းရန် ယနေ့အစည်းအဝေးက ဆုံးဖြတ်ခဲ့သဖြင့် စည်းကမ်းချက်နှင့် ညီညွတ်မှုမရှိ၍ ပြန်လည်သိမ်းဆည်းခဲ့သည့် မြေဧရိယာ စုစုပေါင်းမှာ ၁၅၆၇၆၁၉ ဒသမ ၁၃ ဧက ရှိပြီဖြစ်သည်။ လုပ်ငန်းဖော်ထုတ်လုပ်ကိုင်လျက်ရှိသော ဧရိယာများအား ၂၀၁၂ ခုနှစ် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယင်းဥပဒေ စတင်အသက်ဝင် သည့်နေ့မှစ၍ နောက်ကြောင်းပြန် ကောက်ခံသွားရန် မြေခွန် ကောက်ခံခြင်း နည်းဥပဒေ ၂ (ခ) အရ အထူးအဖွဲ့များ ဖွဲ့စည်း ၍ မြေပြင်အမှန်စိုက်ဧကများ သိရှိရန် စိစစ်ဆောင်ရွက်ပြီး အမှန်စိုက်ဧကကို စည်းကြပ်ကောက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။
MOI


Spread the love
  •  
  •  
  •  
  •  
  •  
  •