(ယုန်လေးရဲ့ MV ကို ) “ပြည်သူတွေ ဘာလို့ ပေါက်ကွဲကြသလဲ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ပြည်သူတွေ ဘာလို့ ပေါက်ကွဲကြသလဲ”

စစ်မော်

ယုန်လေးဖန်တီးတဲ့ MV အပေါ်မှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့တာရဲ့ နောက်ကွယ်မှာ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ အကြောင်းတရားတွေ ရှိနေမယ်ထင်ပါတယ်။ ဒီနေ့တော့ တောင်းပန်တယ်လို့ သိရပေမယ့်၊ ဒီကိစ္စဟာ ယုန်လေးက တောင်းပန်လိုက်တယ်ဆိုရုံမျှနဲ့ အလွယ်လေး ယူဆလို့ရမယ့် ကိစ္စတော့မဟုတ်ဘူး။ ဘာလို့လဲလို့ သိချင်ရင် ပြည်သူတွေ ပေါက်ကွဲမှုအဖြစ်ဆုံး နေရာကို ကြည့်မှရမယ်။ ပြည်သူတွေ ပေါက်ကွဲတာ စည်းလုံးမှု ကိစ္စမဟုတ်ပါဘူး။

“ပထမ အပေါက်ကွဲဆုံးတစ်ချက်က – ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ပစ်ဖို့ လုပ်တာ”

ပထမ အပေါက်ကွဲဆုံးတစ်ချက်က – ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ပစ်ဖို့ လုပ်တာဖြစ်မယ်ထင်ပါတယ်။ နိုင်ငံတကာမှာလည်း နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်ပေးဆွဲတာ၊ လုပ်ကြံတာတွေကို ပြတဲ့ ဇာတ်ကားတွေ ရိုက်လေ့ရှိပါတယ်။ သိပ်ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီမှာကျတော့ ပြဿနာအကြီးကြီးဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် အဖေတုန်းက ဒီလိုမျိုး တစ်ပုံစံ တည်းဖြစ်ခဲ့လို့ပါ။ ပိုပြီးအရေးကြီးတာက ဒေါ်စုဟာ အပြင်မှာ တစ်ကယ် သေနတ်နဲ့ အချိန်ခံခဲ့ရလို့ပါ။ အပြင်မှာ တစ်ကယ်လုပ်ကြံသတ်ဖြတ်မှုရဲ့ ဘေးကနေ သီသီကလေး လွတ်ခဲ့သူမို့ပါ။ လုပ်ခဲ့သူတွေဟာ ဒီနေ့အထိ ဘာပြစ်ဒဏ်မှ မခံရတာဟာ ကာယကံရှင်ရဲ့ သဘောထားကြီးမှု၊ နိုင်ငံအတွက် အမျှော် အမြင်ကြီးမှုတွေကြောင့်ဆိုတာကို ပြည်သူတွေက သိထားကြပါတယ်။ ဒါကြောင့် ဒီပဲယင်းကိစ္စအပါအဝင် ကျန်တဲ့ ပြစ်မှုအထွေထွေအပေါ်မှာ ဘာမှ ကျယ်ကျယ်လောင်လောင် မပြောကြတာပါ။ ဒီလိုမျိုး အသံတိတ်နေတာဟာ ဖြစ်ခဲ့သမျှကို မေ့လိုက်ပြီး၊ ကျေနပ်နေကြတာမျိုးတော့ မဟုတ်ပါဘူး။ ခေါင်းဆောင်ရဲ့ လမ်းကြောင်းကို မသွေဖီဖို့ ဆုံးဖြတ်ထားကြလို့ပါ။ ဒါကို အနုပညာဖန်တီးသူပဲဖြစ်ဖြစ်၊ နိုင်ငံရေး လုပ်သူပဲဖြစ်ဖြစ် ဂဃနဏ သိထားဖို့လိုပါတယ်။ ပြည်သူရဲ့ အမျက်ကို အေးငြိမ်အောင် လုပ်ပေးနိုင်တာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် (တစ်ယောက်) ပဲ ရှိပါတယ်။ အခြားဘယ်သူကမှ မလုပ်နိုင်ပါဘူး။

 

 

“ဒုတိယပေါက်ကွဲတဲ့အချက်က – တန်းညှိခံရတာ”

ဒုတိယပေါက်ကွဲတဲ့အချက်က – တန်းညှိခံရတာကိုပါ။ ကျန်သူနှစ်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တန်းညှိတာဟာ သူတို့တွေရဲ့ ဖြတ်သန်းမှုနဲ့ သမိုင်းကို ပစ်စလတ်ခတ်ပုံစံနဲ့ သတ်မှတ်လိုက်တယ်လို့ ခံစားလိုက်ကြရလို့ပါ။ သမိုင်းတွေက မတူပါဘူး။ ဘာဆိုဘာမှကို မဆိုင်ပါဘူး။ တစ်ချိန်တည်းမှာပဲ နိုင်ငံရေးလောကဓံရဲ့ အရိုက်အပုတ်၊ အထုအထောင်းကို ကြံ့ကြံ့ခံခဲ့ကြရတဲ့ NLD ပါတီဝင်တွေကို ငကြောက်တွေအဖြစ် ပုံဖော်တာကိုလည်း မခံနိုင်ကြပါဘူး။ NLD ကို မကြိုက်တာတွေရှိနေရင်တောင် ဒီသမိုင်းကိုတော့ ဒါမျိုးစော်ကားတာကို နားလည်ပေးလို့မရပါဘူး။ စစ်တပ်ကို နိုင်ငံရေးသမားက အလေးပြုခိုင်းတာကိုလည်း နိုင်ငံရေးအရ အသိမြင့်မားတဲ့ ပြည်သူတွေ လက်မခံနိုင်ကြပါဘူး။

 

“တတိယတစ်ချက်ကတော့ – ရိုက်ကူးရေးပိုင်းဆိုင်ရာ”

တတိယတစ်ချက်ကတော့ – ရိုက်ကူးရေးပိုင်းဆိုင်ရာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူအများစုက “မိခင်” နေရာမှာထားကြတာ။ မြတ်နိုးကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေကြားမှာ ပါတီနိုင်ငံရေးထက်ပိုတဲ့ ဆက်ဆံရေးရှိတယ်။ အဲဒီဆက်ဆံရေး ရှိထားတဲ့လူပုဂ္ဂိုလ်တစ်ယောက်ကို (အထူးသဖြင့် သက်ရှိထင်ရှားရှိနေသေးရင်) သရုပ်ဆောင်ဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင် သလောက်ပါ။ Bohemian Rhapsody (bio pic) ရိုက်တုန်းက ဖရက်ဒီနေရာမှာ သရုပ်ဆောင်တဲ့ Rami Malek ဘယ်လောက်ပင်ပန်းခဲ့တယ်ဆိုတာ ရှာကြည့်နိုင်ပါတယ်။ ဒါတောင် အပြင်က ဖရက်ဒီနဲ့ မတူတဲ့နေရာတွေ အများကြီးရယ်ပါ။ ဒီလိုခက်ခဲတဲ့ သဘောရှိတဲ့ ဖန်တီးမှုမျိုးကို အသေကောင်မိတ်ကပ်လိမ်းထားတဲ့ မင်းသမီးက ဝင်သရုပ်ဆောင်တာကို ကြည့်ရှုသူပရိတ်သတ်က ဘယ်လိုမှ ခံစားလို့မရပါဘူး။ တစ်နည်းပြောရရင် ယုန်လေးလုပ်သလိုမျိုး ပေါက်လွတ်ပဲစား လုပ်လို့မရပါဘူး။

ဖန်တီးသူဟာ ဖန်တီးမှုကို ရည်ရွယ်ချက်နဲ့ ဖန်တီးတာဖြစ်ပါတယ်။ သဘောတရားရေးရာတွေကို မြုပ်ပြီး ဖန်တီးတာဖြစ်ပါတယ်။ ကြည့်ရှုသူကလည်း ဖန်တီးမှုကို ပြန်ပြီး ဖြည်ချတဲ့နေရာမှာ သူတို့ကြုံတွေ့ ဖြတ်သန်းနေရတဲ့ လူမှုစီးပွား၊ လူမှုနိုင်ငံရေးအခြေအနေတွေကို မှီတည်ပြီး ဖြည်ချတာပါ။ ဒီနှစ်ခုကို encoding/decoding လို့ခေါ်ပါတယ်။Stuart Hall ရဲ့ audience reception theory ကလာပါတယ်။

ခြုံငုံရရင် – ယုန်လေးက တောင်းပန်သည်ဖြစ်စေ၊ မတောင်းပန်သည်ဖြစ်စေ၊ ပိုအရေးကြီးတဲ့အချက်က ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ပြည်သူတွေကြားမှာရှိတဲ့ ဆက်ဆံရေး၊ ပြည်သူတွေက နိုင်ငံရေးဖြစ်စဉ်တွေအပေါ်မှာ ထားရှိနေတဲ့ သဘောထား၊ ယခင်က ကျုးလွန်သူတွေအပေါ်မှာရှိထားဆဲ အမျက်၊ အဲဒီအမျက်ကို ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကြောင့် ချိုးနှိမ်ထားကြာရတာ စတဲ့အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရင် ဒီ MV အပေါ်မှာ ပြည်သူတွေ ဘာလို့ ပေါက်ကွဲကြတာလဲဆိုတာ သိသာလာပါလိမ့်မယ်။

ဝမ်းမြောက်ဖွယ်လေးတစ်ခုကတော့ ပြည်သူတွေဟာ နိုင်ငံရေးအသိ မြင့်မားတယ်၊ ခေါင်းဆောင်နဲ့အတူ ရှေ့ဆက်လှမ်းဖို့ အသင့်ဖြစ်နေကြတယ်ဆိုတာပါပဲ။

စစ်မော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •