ယောဒေသကိုခုတ်မောင်းလာတဲ့ အာဏာရှင်ရထား [ဖိုးမောင်(မြန်မာစာ)]

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယောဒေသကိုခုတ်မောင်းလာတဲ့ အာဏာရှင်ရထား

ဖိုးမောင်(မြန်မာစာ)

ကျွန်တော်ပထမတန်းနှစ်မှာ ဂန့်ဂေါ- ကလေးရထားလမ်းစတင်ဖောက်လုပ်တာ မှတ်မိနေသည်။ ကျွန်တော်က ကန်ရွာအရှေ့ဖက်မှာ ရထားလမ်းလုပ်နေကြသည့်သူတွေကို သွားကြည့်ဖူးသည်။ ဘောင်းဘီရှည်ဝတ်လာသော ကျွန်တော့်ကိုကြည့်ပြီး ဗိုလ်ကြီးဟု စနောက်ကြသည်။

ဂန့်ဂေါ – ကလေးရထားလမ်းဖောက်တော့ ပထမဦးဆုံးတစ်အိမ်ကို ကျောက်သုံးကျင်းခွဲ ကြရသည်။ ပြီးတော့ကျွန်တော်တို့ဒေသက လူတွေနေ့စဉ်လုပ်အားပေးကြရသည်။ တစ်ရက်နှစ်ရက်မဟုတ်။ နေ့စဉ်ရက်ဆက်ဖြစ်သည်။ တစ်လနှစ်လ မဟုတ်။ ရထားလမ်းမပြီးမချင်း တစ်အိမ်တစ်ယောက်အခမဲ့လုပ်အားပေးကြရသည်။ လုပ်အားပေးလုပ်ရမည့်နေရာက နီးလျင်အိမ်ကနေထမင်းထုပ်တွေနဲ့ မနက်စောစောထွက်ကြသည်။ ညနေမိုးချုပ်မှ အိမ်ပြန်ရောက်ကြသည်။ အိမ်ထောင်စုတစ်စုတိုင်း လုပ်နိုင်ကိုင်နိုင်သည့် လူတစ်ယောက်၏လုပ်အားကို ရထားလမ်းအတွက် ပေးထားရခြင်းဖြစ်သည်။အိမ်ထောင်ဦးစီးတစ်ယောက်ထဲ လုပ်ကိုင်မည့်သူရှိသည့် အိမ်ထောင်စုတွေ ဒုက္ခတွင်းဆုံးကျကြပါသည်။

ရထားလမ်းလုပ်အားပေးရသည့်နေရာက ရွာနှင့်ဝေးသွားလျင် အိပ်ယာလိပ်၊ ဆန်၊ဆီ၊ဆား နှင့် ဟင်းချက်စရာတွေကို တတ်နိုင်သလောက် အိမ်ကသယ်သွားကြရသည်။ နေ့မှာပင်ပင်ပမ်းပမ်းလုပ်အားပေးရပြီး ညအချိန်မှာ ဖောက်လုပ်ဆဲရထားလမ်းဘေးမှာ ယာယီဆောက်ထားတဲ့ မလုံမခြုံတဲတွေမှာအိပ်စက်ကြရသည်။အစားအသောက်ကလည်းကောင်းကောင်းမွန်မွန်ချက်ပြုတ်စားသောက်နိုင်တဲ့အခြေအနေမရှိ။သောက်ရေအတွက် နီးစပ်ရာချောင်းမြောင်းကရေကိုပဲသောက်သုံးကြရသည်။

လုပ်အားပေးရင်း ကျန်းမာရေးချို့ယွင်းလာသည့် အရွယ်ကောင်းတွေ၊ အသက်ဆုံးရူံးခဲ့ကြရသည့်အရွယ်ကောင်းတွေ ရွာတိုင်းမှာရှိခဲ့ကြသည်။ ကျွန်တော့်အဖေဘက်ကအဖိုးအဖွားရွာသည် အလယ်ရွာဖြစ်သည်။ ကျွန်တော်မွေးဖွားခဲ့သည့်ရွာလည်းဖြစ်သည်။ ရထားလမ်းဖောက်လုပ်စဉ်ကာလအတွင်း ကျွန်တော်သည် အလယ်ရွာနှင့်ကန် ကို ကူးခြည်သန်းခြည်ပြုလုပ်နေခဲ့သည်ကလေးတစ်ယောက်။ အိမ်ခြေငါးဆယ်သာရှိသော အလယ်ရွာတွင် ဆယ့်ရှစ်နှစ်အရွယ်အပျိုလေးနှစ်ယောက် ရထားလုပ်အားပေးကနေဖျားပြန်လာရာက ဆုံးသွားတာကိုကျွန်တော်မှတ်မိနေသည်။ မနွယ်နွယ်အေးနှင့် မမြို့ရင်။

မိမိအိမ်ထောင်စုကိုယ်စားရထားလမ်းလုပ်အားပေးဖို့ လူငှားမည် ဆိုလျင် လုပ်အားခ တစ်ရက်ကိုတစ်ရာဖြစ်သည်။။ ဝန်ထမ်းလစာမှ တစ်ထောင်ကျော်ရသည့်ကာလ။ နေ့စဉ်ရက်ဆက်လူငှားပြီးထည့်ဖို့ဆိုတာမလွယ်လှ။ လူငှါးနိုင်သည့်အိမ် တစ်ရွာမှာ တစ်အိမ်နှစ်အိမ်ရှိခဲလှသည်။ ကျွဲနွားတွေပြုတ်ကုန်ကြသည်။ ယာခင်းတွေပြုတ်ကုန် ကြသည်။ မြစ်သာမြစ်အရှေ့ဘက်တန်းရွာတွေက ရထားလမ်းလုပ်အားပေးရသည့်နေရာနဲ့ပိုဝေးလို့ ပိုဒုက္ခများ ကြသည်။ဘယ်လိုမှမတတ်နိုင်တော့သည့် မိသားစုအလိုက် အဝေးကိုပြောင်းပြေးကြသည်။ ဒီလိုပြောင်းပြေးကြသည့်ထဲမှာ အဖေ့ရဲ့အစ်ကိုတစ်ယောက်လည်းပါသည်။ ရထားလမ်းပြီးလို့ရွာကိုပြန်ရောက်လာတော့ သူ့ခင်မျာစီးပွား ရေးကိုတစ်ကပြန်စရသည်။ ကျွန်တော့်အဖေက ကျောင်းဆရာမို့ လုပ်အားပေးမလိုက်ရပါ။ လိုက်ရရင်လည်း ဖေဖေ့လစာက လူငှားဆယ့်နှစ်ရက်စာပဲရှိသည်။

ရထားလမ်းလုပ်အားပေးမှာ ကြီးကြပ်တဲ့သူတွေက စစ်သားတွေဖြစ်သည်။ ကြီးကြပ်တဲ့စစ်သားတစ်ချို့ရဲ့ ရင့်သီးတဲ့အပြောအဆို၊ဆူဆဲမူတွေကို ရိုးသားတဲ့တောသူတောင်သားတွေခံ ကြရသည်။ အခန့်မသင့်လျင် ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူတွေမနည်းပါ။ ဒီလိုခံရသည့် အကြောင်းရွာရောက်လျင် ပြန်ပြောတတ်ကြသည်။ တစ်ချို့ကိစ္စတွေက ရယ်စရာ။ တစ်ချို့ကိစ္စတွေက မောစရာ၊ နာစရာတွေ။ ကြီးကြပ်သူတွေကို ပါးစပ်က ဆရာ ဆရာ ခေါ်ပြီး ရိုရိုသေသေဆက်ဆံကြရသည်။ စိတ်ထဲကအော့နှလုံးနာပြီး မုန်းကြသည်။ တောသူတောင်သားအများစုက အနီးကပ်ရင်ဆိုင်ရတဲ့ကိစ္စပဲသိသည်။ စနစ်အကြောင်းတွေ၊ စနစ်သာတရားခံဆိုတာတွေ ကြားရသည့်ကာလမဟုတ်။ အသိပညာအမှောင်ချထားခံရတဲ့အမှောင်ခေတ်ကြီးဖြစ်သည်။ စိုးတထိတ်ထိတ်နဲ့ ထိတ်လန့်နေရသော ကြောက်ရွံ့မူ ခေတ်ကြီးဖြစ်သည်။ အဲဒီလိုခေတ်ကြီးထဲမှာ ရဲတွေ၊စစ်သားတွေသည် တသီးတခြားဆန်တဲ့လူတွေဖြစ်ခဲ့သည်။ အခုလို သိတတ်သည့်အရွယ်မှာ သူတို့ကိုလည်း ဂရုဏာသက်မိသည်။ ကျွန်တော်ငယ်ငယ်က တောထဲသွားလျင် တစ္ဆေကြောက်တဲ့ အကြောင်းကျွန်တော့်ဖကြီးဝမ်းကွဲကိုပြောတော့ သူပြန်ပြောခဲ့သည့်စကားကိုကြားယောင်ပြီး ပြုံးမိသည်။ တစ္ဆေကိုမကြောက်နဲ့။ ရဲနဲ့ခွေးကိုပဲကြောက်။ ရဲကဖမ်းတတ်တယ်။ခွေးကကိုက်တတ်တယ်တဲ့။

ကျွန်တော် အလယ်ရွာ မှာရှိစဉ်က ရွာကိုလာရင် အမြဲအရက်မူးနေတဲ့ရဲသားကြီးတစ်ယောက်ကိုလည်းမှတ်မိပါသေးသည်။ သူကရဲဆိုတော့ ရွာကအရက်ဆိုင်မှာ အရက်အလကားသောက်ရသည်။ ညအချိန်အရက်သောက်ပြီးပြန်လာ ပြီဆို ခွေးတွေကသူ့ကိုဟောင်၊ သူကခွေးတွေကိုအော်ဆဲနဲ့ ရွာရဲ့တစ်ခုတည်းသောလမ်းသည် ဆူညံနေတော့သည်။ ဘယ်လောက်ပဲဆူညံနေဆူညံနေ တစ်ရွာလုံးကသူ့ကို အဖက်မလုပ်ကြ။ သူလူမှန်းသူမှန်းမသိမူး ပြီးပြန်လာတဲ့ညတွေဆို ကျွန်တော်နဲ့ကျွန်တော့်အစ်ကိုဝမ်းကွဲ မင်းကြိုင်ဟာ သူ့နောက်ဘက်ခပ်လှမ်းလှမ်းကနေ မှောင်ရိပ်ခိုလိုက်ရင်း သူ့ကိုလှောင်ပြောင်ခဲ့ကြဖူးသည်။

ဆောင်းရာသီညတစ်ညမှာ ကျွန်တော်ရယ်၊ကျွန်တော့်အရီးရယ်မီးဖိုဘေးမှာ မီးလှုံနေကြသည်။ ကျွန်တော်တို့မီး လူံနေတုန်း ရွာထဲကကျွန်တော့်ဖကြီးဝမ်းကွဲတစ်ယောက် ရောက်လာသည်။ သူ့လက်ထဲမှာစစ်ခြေအိတ် တစ်စုံလည်းပါသည်။ အရီးနဲ့သူ နှစ်ယောက်သားမဲနိူက်ကြသည်။ သူမဲပေါက်သွားလို့ စစ်ခြေအိတ်ကိုယူပြီး ပြန်သွားပါသည်။ စစ်ခြေအိတ်ကိုသူရသွားပြီ။ ခြေအိတ်ဖိုးကိုတော့ စစ်သားတွေကိုသူပေးရမှာဖြစ်သည်။ စစ်ခြင်ထောင်၊ တီရှပ်၊ ခြေအိတ်တို့ကို ရွာအလိုက်ခွဲတမ်းချသည်။ ရွာထဲကလူတွေမဲနိူက်ပြီး မဲပေါက်တဲ့သူက ဝယ်ကြရသည်။ ရိုးရိုးစစ်သားတွေခင်ဗျာ သူတို့ရတဲ့လခနဲ့ မလုံလောက်လို့ သူတို့ရတဲ့ပစ္စည်းတွေကို ရောင်းစား ကြရခြင်းဖြစ်သည်။

ဂန့်ဂေါ-ကလေး မီးရထားလမ်းဖွင့်ပွဲသည် ကျွန်တော့်ငယ်ဘဝရဲ့အမှတ်တရတွေထဲကတစ်ခုဖြစ်သည်။ သည်အချိန်တုန်းက ကျွန်တော်သည် အလယ်ရွာကိုရောက်နေသည်။ကျွန်တော်ရယ်၊ ကျွန်တော့်ညီလေးရယ်၊ အရီးရယ် တူဝရီးသုံးယောက်တောင်ခင်ရန်းဘူတာကိုလှည်းနဲ့သွားခဲ့ကြသည်။ ကျွန်တော်တို့က ကလေးဆိုတော့ပျော်သည်။ ကျွန်တော်တို့အလယ်ရွာအပါအဝင် သာလင်း၊မြောက်ကုန်း၊မြင်သား၊ရွှေဘိုအစရှိတဲ့တောင်ခင်ရမ်းရွာတစ်ဝိုက်ကရွာတွေ တစ်ရွာကို အကအဖွဲ့တစ်ခုစီထွက်ကြတော့ အကပေါင်းစုံကို အားရပါးရကြည့်ရသည်။ မတရားလုပ်အားပေးခိုင်းစေထားတဲ့ လမ်းဖွင့်ပွဲမှာ မတရားခိုင်းခံရတဲ့သူတွေက မီးရထားကိုအကနဲ့ကြိုကြရသည်။ ကျွန်တော်တို့ရွာက မမြို့တင်က ဒိုးပတ်အကနှင့်ကြိုသည်။ ရထားလမ်းဖွင့်ပွဲအတွက် ဒိုးပတ်ကမည့်သူကိုရွာတွင် မဲဖောက်ရာ သူမဲပေါက်သောကြောင့်ကရသည်။ ရထားလမ်းလုပ်အားပေးရင်းဖျားလာရာမှ မမြို့တင်၏ညီမ မမြို့ရင် လွန်ခဲ့သည့်နှစ်နှစ်ကဆုံးပါးခဲ့သည်။ မမြို့တင်ငိုခဲ့ရသည်။ ရထားလမ်းဖွင့်ပွဲတွင်တော့ မမြို့တင်ကခဲ့ရသည်။

ရထားလမ်းဖွင့်ပွဲသည်လူတွေအများကြီးစည်ကားခဲ့သည်။ တစ်အိမ်တစ်ယောက်မဖြစ်မနေလာကြရသည်။ ရထားကြီးဘူတာကို ဝင်လာတော့ ကျွန်တော်တို့တွေအလံလေးတွေဝှေ့ပြီးကြိုကြရသည်။ ဂန့်ဂေါ-ကလေးရထားသည် ဘာမှမပြောပ လောက်ပေသိ အဲဒီအချိန်တုန်းက ကျွန်တော့်အတွက်တော့ ဧရာမရထားကြီးတစ်စင်း။ ဘဝတွင် ပထမဦးဆုံးမြင်ဖူးသော ရထား။ရထားပေါ်မှာ မီးရထားဝန် ကြီးပါလာသည်ဟု သိရသည်။ ဝန်ကြီးဆိုတာကိုတစ်ခါမှ မမြင်ဘူးလို့ရထားပေါ်သေသေချာချာကြည့်ခဲ့သည်။ ဘယ်သူဟာ ဝန်ကြီးမှန်းကျွန်တော်မသိလိုက်ပါ။

ဂန့်ဂေါ-ကလေး ရထားလမ်းဖွင့်ပွဲပြီးတော့လည်း ရထားလမ်းလုပ်အားပေးကိစ္စကပြတ်မသွားသေးပါ။ စစ်အစိုး ရက ဂန့်ဂေါ-ရေမျက်နီ-ပခုက္ကူ ရထားလမ်းကိုဆက်ဖောက်ပါသည်။ ဂန့်ဂေါ-ရေမျက်နီ-ပခုက္ကူ ရထားလမ်းသည် ဖောက်သာဖေါက်ပြီး ရထားပြေးဆွဲခြင်းမရှိတော့တာကြာပါပြီ။ ကျွန်တော်တို့ယောသူယောသား တွေရဲ့သွေးချွေးတွေကို အလာဟသဖြုန်းတီးပစ်ခဲ့တဲ့လမ်းမျှသာဖြစ်သည်။ ပြီးတော့ တောင်ခင်ရန်းဆည်လုပ်အားပေးဆိုတာရှိပါသေးသည်။ စစ်တပ်ကစိုက်ပျိုးတဲ့လယ်တွေကိုအနီးအနားကရွာတွေက ကောက်စိုက်တာကအစ ရိုတ်သိမ်းတဲ့အထိလုပ်အားပေးကြရသည်။ သူတို့ခိုင်းချင်တဲ့အချိန်ခေါ်၊အခေါ်ခံရတဲ့ရွာက သွားလုပ်ပေးကြရသည်။ ရွာမ၊အလယ်ရွာ၊မြင်သား၊မြောက်ကုန်းရွာတွေဟာ ဆည်ရောက်အောင် မြစ်ကူးပြီးသုံးမိုင်လောက်သွားရသေးတာမို့ လုပ်အားပေးခေါ်ရင်ညအိပ်ညနေသွားကြရသည်။

ရထားလမ်းကြောင့် ယောဒေသ ဖွတ်ဖွတ်ကျေခဲ့သလို အကျိုးရှိတဲ့ကိစ္စရပ်တွေလည်းရှိပါသည် ။ ဟိုအရင်တုန်းက တစ်ရွာနဲ့တစ်ရွာ ခြေလျင်၊လှည်း တို့နဲ့သွားလာခဲ့ကြရာက အချိန်တိုတိုအတွင်းမီးရထားနဲ့သွားလာနိုင်လာကြသည်။ သို့သော် ရထားကမိုးရာသီဆို လမ်းပျက်လို့အချိန်မှန်မပြေးဆွဲနိုင်တာကများပြီး ပွင့်လင်းရာသီမှာ လူအဆမတန်ကြပ်လွန်းသည်။ ရထားကြမ်းပြင်ကို ခြေတစ်ဖက်ထဲထောက်မိတဲ့အထိကြပ်တာကို ကျွန်တော်ကြုံဖူးခဲ့သည်။ ကလေးကိုကျောပိုးလာတဲ့ကလေးအမေတစ်ယောက် ရထားပ်ါမှာလူကြပ်ပြီးမွန်းလွန်းလို့ ရထားပေါ်ကဆင်းမှ သူ့ရင်သွေးအသက်မရှိတော့မှန်းသိရတာ၊ ရထားတွဲထဲမှာမဆန့်တော့လို့ ခေါင်မိုးပေါ်တက်စီးရာက မီးကြိုးနဲ့ချိတ်မိပြီး လိမ့်ကျသေဆုံးကြတာ၊ရထားအပေါက်ဝမှာခြေတင်ရှုံကလေးတင်စီးရလို့ ပြုတ်ကျပြီးရထားကြတ်မိသေဆုံးကြတာတွေဟာ ပြန်တွေးကြည့်ရင်ဝမ်းနည်းကြေကွဲစရာတွေဖြစ်သည်။ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ စစ်အစိုးရသည် ဘာတာဝန်ယူမူမှမရှိခဲ့။ ဘာကြိုတင်စီမံခန့်ခွဲမူတွေမှလည်းမလုပ်ခဲ့ပါ။

ဂန့်ဂေါ-ကလေး မီးရထားအရူံးပေါ်တယ်ဆိုတဲ့သတင်းတွေထွက်ခဲ့သည်။ ရထားဝန်ထမ်းတော်တော်များများအဖြုတ် ခံလိုက်ရသည်။ ကျွန်တော် ဂန့်ဂေါ-ကလေး ရထားကိုအကြိမ်ပေါင်းများစွာစီးခဲ့ဖူးပါသည်။ အဖြုတ်ခံလိုက်ရတဲ့ မီးရထားဝန်ထမ်းတွေထဲမှာ ကျွန်တော်နဲ့သိတဲ့မီးရထားဝန်ထမ်းဦးလေးကြီးတစ်ချို့လည်းပါသွားကြသည်။ အဲဒီပါသွားတဲ့ထဲကမှ ဝဝပြည့်ပြည့်ကလေးမျက်နှာနဲ့ဦးနေအောင်ဆိုတဲ့ဦးလေးကြီးကို သတိရမိသည်။ သူ့မှာခြေတစ်ဖက်ကအတုကြီးနဲ့။

ဂန့်ဂေါ-ကလေး ရထားလမ်းသည် ယောဒေသအဖို့မတန်မရာပေးလိုက်ရသည့်လမ်းတစ်ခုဖြစ်သည်။ ဘဝပေါင်းများစွာ၊ မိသားစုပေါင်းများစွာကို ဖြတ်နင်းသွားခဲ့သည့်လမ်းဖြစ်သည်။ မတန်တဆလေးပဲပြန်ရလိုက်သည့်လမ်းဖြစ်သည်။ ဂန့်ဂေါ-ကလေး ရထားသည် ရိုးရိုးသားသားအေးအေးဆေးဆေးနေထိုင်တတ်ကြတဲ့ယောဒေသကို အဏာရှင်ရဲ့ပြယုဂ်တွေ၊ လက္ခဏာတွေ အပြည့်တင်ဆောင်လာခဲ့ပါသည်။

Via – Aung Thet Oo


Spread the love
  •  
  •  
  •  
  •  
  •  
  •