ရခိုင်ပြည်နယ် မြို့နယ်အချို့မှ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခဲ့ကြသော်လည်း အုပ်ချုပ်ရေး ပျက်ပြားလောက်သည့် အခြေအနေ မရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရခိုင်ပြည်နယ် မြို့နယ်အချို့မှ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခဲ့ကြသော်လည်း အုပ်ချုပ်ရေး ပျက်ပြားလောက်သည့် အခြေအနေ မရှိ

နေပြည်တော်၊ဇွန် ၁၅

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခဲ့ ကြသော်လည်း အုပ်ချုပ်ရေး ပျက်ပြားသည့် အခြေအနေအထိ စိုးရိမ်ရန် မရှိကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောကြားသည်။

အုပ်ချုပ်ရေး ပျက်ပြားပြီး စစ်အုပ်ချုပ်ရေး ဝင်လာနိုင်သည့် အနေအထား ရှိသလား ဆိုသည့် သတင်းထောက်၏ မေးမြန်းချက် အပေါ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အဲ့လောက် အထိ စိုးရိမ်စရာ မရှိပါဘူး၊ ဒါတွေက ကျွန်တော် စောစောက တင်ပြခဲ့ သလိုပဲ၊ စိုးရိမ်မှု ကြီးပြီးတော့ ပြောနေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်၊ ယခင် ကျွန်တော်တို့ မြောက်ဦး၊ ကျောက်တော်တို့မှာ အုပ်ချုပ်ရေးမှုးတွေ ထွက်သွားတာ ဒီထက် ပိုများပါတယ်၊ အခုက ၅၈ ယောက်ပေါ့၊ အရင်တုန်းက ဆိုရင် ဒီထက်မက အရေအတွက် များတာ တွေရှိပါတယ်၊ ဒါကြောင့်မလို့ ဒီလောက်ကြီး အထိလည်း စိုးရိမ်ပူပန်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်” ဟု ဦးမြင့်သန်းက ပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်သည့် သတင်းစာရှင်းပွဲ အပြီးတွင် သတင်းဌာနများမှ မေးမြန်းမှုအား ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှလည်း နယ်မြေဒေသ အေးချမ်းစေရန်၊ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်စေရန် အားစိုက် ဆောင်ရွက်နေသည်ဟု မြင်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မြေပုံမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူး သုံးဦးနှင့် အရပ်သား တစ်ဦးတို့ ဖမ်းဆီး တရားစွဲဆိုခံခဲ့ရ ပြီးနောက် မြေပုံမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၅၈ ဦး စုပေါင်း၍ နုတ်ထွက်စာ တင်ခဲ့ကြကြောင်း သိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •