ရန်ကုန်တက္ကသိုလ်ပင်မ(RASU) ရူပဗေဒ တတိယနှစ်ကျောင်းသား ကျွန်တော်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်တက္ကသိုလ်(လိူင်နယ်မြေ)
မှအစပြုသည့်၊
ရန်ကုန်တက္ကသိုလ်ပင်မ(RASU) ရူပဗေဒ တတိယနှစ်ကျောင်းသား ကျွန်တော် –

ကျွန်တော်၏ကိုယ်ပိုင် fb ပေါ်၌ ကျွန်တော့်အကြောင်းနဲ့အတူ ကျွန်တော့်မိသားစုအကြောင်းအရာများ၊ ကျွန်တော်ဘာလုပ်ခဲ့တယ် ညာလုပ်ခဲ့ပါတယ်ဆိုတာကို တစ်ခါဘူးပါမျှ ရေးသား၊ဂုဏ်ဖော်မူမျိုးမလုပ်ခဲ့ပါ၊
တိုင်းပြည်နှင့်ပြည်သူပြည်သားများနဲ့အတူ မိမိတိုင်းကို ဘာလုပ်ပေးနိုင်မလဲ၊
ယုံကြည်စွာရပ်တည်နေတဲ့အဖွဲ့အစည်းကို ဘာလုပ်ပေးနိုင်လဲ၊
ဆိုသည်ကိုသာ အစဉ်တစ်စိုက်ရှိနေ၊ဆောင်ရွက်မူကိုသာ စွဲမြဲထားသူဖြစ်ပါတယ်၊
မိမိတိုင်းပြည်နဲ့ မိမိပြည်သူများအရေးကိုသာ စဉ်းစားတွေးတောပြီး၊
မိမိတိုင်းပြည်နဲ့မိမိပြည်သူကို ဘယ်အကြောင်း ကြောင့်ဘဲဖြစ်ပါစေ သစ္စာဖေါက်မည်မဟုတ်ပါ၊
ကျွန်တော်လေ့လာထားသည့် ၊လေ့လာနေဆဲ၊
နိုင်ငံ့အရေးများကိုသာ တစ်စိုက်မတ်မတ်ရေးသားလာခဲ့သည်မှာ fb စသုံးကထဲကပါ၊
နှစ်ကာလ ငါးနှစ်ကြာခဲ့ပါပြီ၊
fb မသုံးခင် ကျွန်တော့်နိုင်ငံရေးအမြင်များကိုလည်း အဘဖိုးသောကြာထုတ်ဝေသော နေ့စဉ်ထုတ်သတင်းစာဖြစ်သည့် ရွေနိုင်ငံသစ်သတင်းစာတွင်ရေးသားလာခဲ့ပါတယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ဝေတဲ့ ဒီလိူင်းစာစောင်နဲ့အခြားသောဂျာနယ်များမှာလည်း နိုင်ငံရေးဆောင်းပါးများကိုရေးသားခဲ့ပါတယ်၊
ယခုအချိန်မှာလည်း Yangoon Nation မှာရေးသားနေပါတယ်၊
နိုင်ငံရေးဆောင်းပါးများရေးသားနေသည်မှာ (၁၀) နှစ်ခန့်ရှိနေပါပြီ၊
ကျွန်တော်ရေးသားသော အတွေး အမြင် အယူဆများမှာ မိမိ၏ပုဂ္ဂိုလ်ရေးထင်ပေါ်စေမူအပါအဝင် အခြားမည်သူ၏ ပုဂ္ဂိုလ်ရေးကိုမျှ ထိပါးပုတ်ခတ်ပြီးမရေးသားခဲ့ပါ၊
မိမိတို့နိုင်ငံအတွက် အကျိုးကောင်းများဖြစ်လာပါစေရန်ကိုသာ ရှေ့ရှု ရေးသားခဲ့ပါတယ်၊
မှတ်သားနိုင်တာလေးတွေ၊ တိုင်းပြည်မှာတာဝန်ရှိကြသူများ ဖတ်မိပါက တိုင်းပြည်အတွက် ထိုက်သင့်သည့် ဆင်ချင် သုံးသပ်နိုင်ကြမည့်
အရေးအရာ၊သမိုင်းကြောင်း၊ဖြစ်စဉ်၊နိုင်ငံ့အရေးများကိုသာရေးသားခဲ့ပါတယ်၊

ယခုခေတ်ကာလ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားလေးများ၏ အရေးကိစ္စများတွင်လည်း ဘာတစ်ခုမှ ဝေဘန်မူမလုပ်သလို၊
ထဲထဲဝင်ဝင်လည်း ရေးသား၊ပြောဆိုမူတစ်ခုမှမလုပ်ခဲ့ပါ၊
ဘာကြောင့်ဟုဆိုရသော် သူတို့လေးတွေသည် အခြေခံပညာအထက်တန်းအောင်ကြ၍
တက္ကသိုလ်ကျောင်းတော်သူ၊ကျောင်းတော်သားများဖြစ်နေကြလို့ဖြစ်ပါတယ်၊
သူတို့ကျောင်းတက်နေစဉ် သူတို့တက်နေကြသည့် သက်ဆိုင်ရာတက္ကသိုလ်များ၏
အရေးအရာအားလုံးကို သူတို့အားလုံးက
ပိုင်ကြပါတယ်၊
ဒါကြောင့်သူတို့အားလုံး ဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့်ရှိကြပါတယ်၊
ဆင်ခြင်တုံတရားတော့ရှိဘို့လိုအပ်ပါတယ်၊

သူတို့တစ်တွေကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင် ကြတဲ့အရွယ်မှာ သူတို့လည်း ကျွန်တော်တို့လိုစိတ်မျိုး၊အတွေးအယူဆလိုမျိုး ဖြစ်လာမှာက ဧကံပါပဲ၊
ကျွန်တော်တို့လိုပါဘဲ သူတို့ရဲ့လစ်ဟာသွားတဲ့တက္ကသိုလ်ကျောင်းတွေမှာ နောက်ထပ်တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေထပ်ရောက်ရှိလာကြရအုံးမှာပါ၊
ဒီလိုပါဘဲ တက္ကသိုလ်တွေမှာ သူပြီးရင်သူ၊စသည်ဖြင့် အဆက်ဆက်သော မျိုးဆက်များက အသီးသီး စဉ်ဆက်မပြတ် ရှိနေကြမှာဖြစ်ပါတယ်၊
ဒါက Real ဖြစ်စဉ်တစ်ခုပါ၊

တက္ကသိုလ်ဆိုတာ ကံကြမ္မာတွေကြောင့်ကျောင်းတက်ခွင့်ရရှိကြပါသော ကျောင်းသူ၊ကျောင်းသားများစွာရဲ့ ဘဝဖြတ်သန်းမူဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ပါတယ်၊
ပျော်ရွှင်စရာ၊ကြည်နူးစရာ၊ ဒေါသဖြစ်စရာ၊ဝမ်းနည်းစရာ၊ဝမ်းသာစရာ၊ချစ်ခင်တွယ်တာစရာ၊စသဖြင့် စုံလင်လှပါတယ်၊
ဒါကြောင့်တက္ကသီလာလို့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်၊
ထိုတက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေထဲက ကျောင်းဆရာ၊ဆရာမတွေ၊ နိုင်ငံရေးသမားတွေ၊ လေ့လာသင်ယူခွင့်ရရှိတဲ့အလျောက်သက်ဆိုင်ရာဘာသာရပ်ပညာရှင်တွေ၊ နိုင်ငံ့ဝန်ထမ်းအရာရှိကြီးတွေ၊
သာမန်ပြည်သူတွေ၊စစ်ဗိုလ်ကြီးတွေ၊ဆရာဝန် ကြီးတွေ၊စာရေးဆရာ၊ဆရာမတွေ၊ အနုပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေစသည်ဖြင့် လူ့လောကအလယ်မှာ အသီးသီး၊အရပ်ရပ်သော လူ့လောကနယ်ပယ်အားလုံးမှာ ရှင်သန် ရပ်တည်နေကြရအုံးမှာက လူ့ဘဝ၏သံသရာဖြစ်ပါတယ်၊

ကျွန်တော် ရန်ကုန်တက္ကသိုလ်မတက်ခင်၊
ကလေးဘဝမှာ နေထိုင်ကြီးပြင်းခဲ့သည့်ရွာကလေးမှာ လျှပ်စစ်မီးမရှိ၊မီးရထားဘူတာရုံမရှိ၊အမြန်ရထားများမဆိုက်သည့်ဘူတာသေးလေးဆီကို နှစ်နာရီခန့်လမ်းလျှောက်ရသောရွာ၊ မြို့ကိုသွားလျှင် အိမ်မှ မနက်လင်းအားကြီး မနက် (၃) နာရီလောက်အိပ်ယာထပြီး ဘူတာရုံကိုသွားရပြီး၊မူလတန်းကျောင်းသာရှိသောရွာ၊
ပုလိပ်(ဟိုတုန်းကရဲကိုခေါ်ဝေါ်ကြသည့်စကားရပ်)၊ သူကြီး(ရွာကိုအုပ်ချုပ်သူ)၊
ကျွန်တော်တို့မိဘများအရွယ် တစ်ရွာလုံးကအတော်သတိထားပြီး နေရပါတယ်၊
နောက်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်(ကျွန်တော် ဆယ်နှစ်သာသာအရွယ်)၊
ကြောက်ကြရတာပါဘဲ၊
မြို့နယ်ကောင်စီကို ရွေးချယ်ခံအဖြစ်ပါတီအတွင်းသတ်မှတ်ပေးထားကာ မြို့နယ်ကောင်စီဥက္ကဌကဦးဆောင်ပြီး၊မြို့နယ်ကောင်စီဝင်တွေနဲ့ သက်ဆိုင်ရာမြို့နယ်ကိုအုပ်ချုပ်ရတာဖြစ် ပြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိက ရုံးအဖွဲမှူးအဖြစ်တာဝန်ထမ်းဆောင်ရပါတယ်၊အောက်မှာတော့အဆင့်ဆင့်သောအရာထမ်း၊အမူထမ်းများရှိကြပါတယ်၊
မြို့နယ်ကောင်စီအပေါ်က မြို့နယ်ပါတီယူနစ်
ဥက္ကဌဦးဆောင်သည့် မြို့နယ်ပါတီယူနစ်ကော်မတီဝင်တွေအပြင်၊အရန်ကော်မတီဝင်ဆိုတာထားရှိပါသေးတယ်၊
ကျွန်တော်တို့ရွာတွေကို များသောအားဖြင့် လာကြရတာက မြို့နယ်ပါတီယူနစ်အရန်ကော်မတီဝင်ကသာ လာတတ်ပါတယ်၊
လာရင်လည်း တောကလူတွေက ဘုန်းကြီးပွဲအလားကျွေးရပါတယ်၊
ရွာကကောင်စီဥက္ကဌနဲ့ ပါတီဝင်တွေကအတော်ကို ကြောက်ရပါတယ်၊
မြို့နယ်ပြီးတော့ တိုင်းအဆင့်မှာလည်း
တိုင်းကောင်စီဥက္ကဌဦးဆောင်တဲ့ တိုင်းအဆင့်အုပ်ချုပ်ရေးအဖွဲ့ ရှိပြီး၊ တိုင်းကောင်စီအပေါ်က တိုင်းဒေသပါတီဥက္ကဌဦးဆောင်တဲ့ဒေသပါတီက ဦးဆောင်ဆုံးဖြတ်ကြရ
ပါတယ်၊
ကြုံတုန်း အတင်းနဲနဲ ပြောချင်လာတယ်၊
ဘာလဲဆိုတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ပဲခူးကတိုင်စာအတက်ဆုံးဘဲလို့ရီစရာလိုကြားခဲ့ရပါတယ်၊
ပဲခူးမြို့သည် တိုင်းမြို့တော်ဖြစ်ပြီး အစိုးရရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်၊
ပဲခူးသားတွေက အချင်းချင်းလည်းမတဲ့ဘူး၊
သူတို့လည်းထိုက်တန်တဲ့အရည်အသွေးရှိအောင်လည်းမကြိုးစားဘူး၊
သို့ပေမယ်လို့ ပဲခူးတိုင်းအတွင်းရှိအခြား
မြို့ကသော်လည်းကောင်း၊
မိမိတို့ပဲခူးမြို့နယ်အတွင်းကလူသော်လည်းကောင်း၊ လုပ်နိုင် ကိုင်နိုင်တဲ့အရည်အသွေးရှိသူရောက်လာပြီဆိုရင် ဝိုင်းချတော့တာပါဘဲ၊
ချပြီးလို့ရှိရင်သူတို့လည်းအရင်လို ပြန်ကွဲနေတော့တာပါဘဲ၊
ဒါကြောင့် ကျွန်တော်တို့ပဲခူးတိုင်းက မဆလခေတ်ကထဲကိုက ယခုအချိန်အထိ သူများတိုင်းနဲ့ ပြည်နယ်တွေထဲမှာ နောက်အကျဆုံးနီးနီးပါဘဲ၊
စကားကစမိပြီ၊

ထားလိုက်ပါတော့ ကျွန်တော်ငယ်ငယ်က မိမိတို့ပြည်သူတွေကို အဆင့်ဆင့် ဗိုလ်ကျအုပ်ချုပ်ခြင်းကိုခံစားကြရတဲ့အပြင် တောသူ တောင်သားတွေကိုလည်းနှိမ်ချ ဆက်ဆံကြမူကိုလည်းခံစားခဲ့ကြရပါတယ်၊
အထက်တန်းကျောင်းတက်နေစဉ် ဆရာမကစာမေးတာမရဘူးဆိုရင် နင်တို့တောသားတွေက ေ ! သုံးကိုမကျဘူး၊ဖင်ထဲရွှံ့တစ်ပိသာဝင်နေတဲ့ဟာတွေ စသဖြစ်ပေါ့၊
ကျွန်တော် အထက်တန်းကျောင်းသားဘဝက ကျွန်တော် အလိုချင်၊အတောင့်တဆုံးက
မိမိတို့တောသူ တောင်သားတွေအပါအဝင်၊
ပြည်သူတစ်ရပ်လုံးကို လူလို သူလို ဆက်ဆံအုပ်ချုပ်တဲ့နိုင်ငံရေးစနစ်နဲ့ အစိုးရမျိုးကို မက်မက်မောမောကို လိုချင်၊ဖြစ်ချင်တယ်၊
ဖြစ်လာအောင်လည်း ကျွန်တော်တို့ ဘဝတွေနဲ့ရင်းပြီး ကြိုးစား ရုန်းကန်ခဲ့ကြရပါတယ်၊
မြန်မာပြည်ရဲ့နိုင်ငံရေးဖြစ်စဉ်တွေကို ဖတ်မှတ် လေဲလာပြီး တတ်နိုင်သ၍ ပြန်လည်မျှဝေ ရေးသားခဲ့ပါတယ်၊
အခုအချိန်မှာတော့ ကျွန်တော်တို့တောင့်တ လိုချင်ခဲ့ကြရတဲ့ နိုင်ငံရေးစနစ်က
စတင်အခြေ ချလာပါပြီ၊ အခြေခိုင်ခန့်လာအောင်လည်း ကြိုးစားကြရပါမယ်၊
ဒါကိုလည်း ပြည်သူအများစုကသဘောတူ ကြည်ဖြူစွာထောက်ခံနေကြသည့်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မူအောက်မှာ တပ်မတော်အပါအဝင်၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊တိုင်းရင်းသားဒေသများနှင့်ရွေးကောက်ပွဲနိုင် နိုင်ငံရေးပါတီများ၊အရပ်ရပ်သောလူမူ စီးပွားအဖွဲ့အစည်း၊လူပုဂ္ဂိုလ်များမှ ကိုယ်စားပြုခေါင်းဆောင်အသီးသီး၊
ပြည်သူပြည်သားအားလုံးမှ စုစုစည်းစည်းဖြင့်အတူတကွ ညှိနိူင်းတိုင်ပင် ဆွေးနွေးဆုံးဖြတ်ကြကာစုပေါင်းအင်အားများဖြင့် ပြိုင်တူ တည်ဆောက်လိုက်ကြပါလျှင် ခိုင်မြဲသောပြည်ထောင်စုနဲ့အတူ
အခြေခိုင်သော ဒီမိုကရေစီစနစ်က မြဲမြန်လာမှာဆိုတာကို မိမိတို့အားလုံး တွေးဆကြပါ
စေခြင်စမ်းပါဘိ၊

ယနေ့ရေးတဲ့ဆောင်းပါးကတော့ ဟိုဟို ဒီဒီ လူးလာခတ်ကောင်းခတ်ပါလိမ့်မယ်၊
ရေးရင်းကျလာမစဲ မျက်ရည်များလည်းသုတ်နေရပါတယ်၊

တက္ကသိုလ်အကြောင်းပြန်ရေးလိုက်ကြအုန်းစို့၊
(၁.၁၂.၂၀၂၀) နေ့ရက်သည် ကျွန်တော်တို့အားလုံး ပညာသင်ခဲ့ကြရတဲ့ ရန်ကုန်တက္ကသိုလ်ကြီး၏နှစ်(၁၀၀) ပြည့်ဖြစ်သည့် ကြီးမြတ်သည့်နေ့ရက်ဖြစ်ပါတယ်၊
ထိုနေ့ရက်သည်ကား ဟိုး… တုန်းကကျွန်တော်မမွေးခင်အချိန်ကာလမှစ၍ တက်ရောက်ခဲ့ကြပါသော ကျောင်းတော်သူ ကျောင်းတော်သာကြီးများ၊ခေတ်အဆက်ဆက်တက်ရောက်လာခဲ့ကြသူများနှင့်ယခုခေတ်ကာလတွင် တက္ကသိုလ်တက်ရောက်ပညာသင်ယူနေကြသော ကျွန်တော်တို့၏ သား၊သမီးများ၊သား သမီးအရွယ်လေးများအားလုံးနဲ့သက်ဆိုင်ကြသလို၊အရပ်ရပ်သော မိဘပြည်သူများအားလုံးနှင့်လည်းအကြုံးဝင် သတ်မှတ်ပြီး၊ဂုဏ်ယူကြရမည့်နေ့ရက်ဖြစ်ပါတယ်၊
ဖျက်လို ဖျက်စီးလိုစိတ်များကို ရှောင်ဖယ်လိုက်ကြရအောင်၊
ရန်ကုန်တက္ကသိုလ်၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို မိမိတို့မြန်မာပြည်သူအားလုံးမှ အရင်အတိတ်ကာလများကို လွမ်းဆွတ်ဘွယ်၊
လွမ်းမောဘွယ်၊ သတိရတမ်းတစရာအပြည့်နဲ့တကွ ကြည်နူး၊ဝမ်းသာမူများဖြင့် သက်ရောက်ခံစားလိုက်ကြရအောင်၊
မိမိတို့အားလုံးမှလည်း ရန်ကုန်တက္ကသိုလ်ကြီးအတွက် ကောင်းမွန်သောအချိန်များပေး
လိုက်ကြရအောင်၊
လွမ်းဆွတ်ဘွယ်၊လွမ်းမောဘွယ်၊ ကြည်နူးမူ၊ဝမ်းသာမူ၊တမ်းတမူ၊ဂုဏ်ယူမူ မျက်ရည်များကျစီးကြလိုက်ကြရအောင်၊
ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့် အချိန်နေ့ရက်ကို ရိုးရိုးသားသား ဂုဏ်ပြု ကြိုဆို
လိုက်ကြရအောင် …..

ရန်ကုန်တက္ကသိုလ်၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အား ဂုဏ်ပြုကြိုဆိုလျက် …..
ကိုသိန်းဌေး(တတိယနှစ်၊ရူပဗေဒ)
ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း၊
(၂၈.၁၁.၂၀၂၀)၊

ဓာတ်ပုံ – ရွှေအင်းသားခင်မောင်ဝင်း

 


Spread the love
  •  
  •  
  •  
  •  
  •  
  •