ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွေကို လသာ ၂ ကျောင်းဝင်းထဲ ပြောင်းဖွင့်မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွေကို လသာ ၂ ကျောင်းဝင်းထဲ ပြောင်းဖွင့်မယ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွေကို လသာမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်း ကျောင်းဝင်းထဲ  စက်တင်ဘာ ၁၄ ရက်ကစလို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက စက်တင်ဘာ ၁၂ ရက်မှာ ကြေညာပါတယ်။

အထူးကုဌာနတစ်ခုကို လူနာဦးရေ ၅၀ ထိသာ လက်ခံကြည့်ရှုပေးမှာဖြစ်ပြီး လူနာသစ်တွေပြမယ်ဆိုရင် လွှဲစာလိုအပ်မယ်လို့ ကြေညာချက်က ဆိုပါတယ်။

လသာ ၂ ကျောင်းဝင်းထဲ ပြောင်းမယ့် အထူးကုဌာနတွေကတော့ အစာအိမ်အူလမ်းကြောင်းဌာန၊ ဦးနှောက်နဲ့ အာရုံကြောဆေးကုဌာန၊ အတက်ရောဂါဌာန အပါအဝင် အထူးကုဌာနတချို့ဖြစ်ပြီး နေ့ရက်အလိုက် ပြသရမယ့်အချိန်တွေကိုလည်း ဆေးရုံကြီးက ကြေညာထားတာဖြစ်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နေ့စဉ်တိုးလာနေတဲ့ ကိုဗစ် ၁၉ သံသယလူနာတွေကို ထားရှိဖို့ နေရာအခက်အခဲကြောင့် ဆေးရုံကြီးရဲ့ ကင်ဆာဆောင်ကိုလည်း ကိုဗစ် ၁၉ သံသယလူနာတွေထားရှိဖို့ ပြင်ဆင်ထားရပါတယ်။

မြန်မာမှာ ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၂၃ ဦး ဒီမနက် ထပ်တွေ့ခဲ့တာကြောင့် အတည်ပြုလူနာစုစုပေါင်းဟာ စက်တင်ဘာ ၁၂ ရက်မနက်ထိ ၂,၄၄၅ ဦးရှိလာပြီဖြစ်ပါတယ်။

ဓာတ်ပုံ- ရွှေအင်းသားခင်မောင်ဝင်း


Spread the love
  •  
  •  
  •  
  •  
  •  
  •