ရန်ကုန်မြို့က အမေ့ခံ ရေပန်းတစ်ခု

ပုံ ၁. တပ်မတော်ခန်းမဝင်းထဲက အဆောင်ငယ်
Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်မြို့က အမေ့ခံ ရေပန်းတစ်ခု

 

ဦးဝိစာရလမ်းပေါ် တပ်မတော်ခန်းမဝင်းထဲက သံထည်အဆောင်လေးတစ်ခု (ပုံ-၁) ကို တချို့ မြင်ဘူးကြလိမ့်မယ်လို့ ထင်ပါတယ်။ ရန်ကုန်မြို့ရဲ့ သမိုင်းကို ရှာရှာဖွေဖွေ လေ့လာကြသူတွေနဲ့ ရှေ့မီနောက်မီများကတော့ ဒီအဆောင်ငယ်ဟာ ရွှေတိဂုံဘုရားလမ်းပေါ်မှာ ရှိခဲ့ဖူးတဲ့ ဂျူဗလီဟောဘေးမှာ ရှိခဲ့ပြီး ဂျူဗလီဟောကို ဖျက်ကာ စစ်သမိုင်းပြတိုက်ဆောက်တဲ့အချိန်မှာ လက်ရှိနေရာကို ရွှေ့ထားခဲ့တယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ မူလက ဘာအတွက်ထားခဲ့တာလဲ၊ အဆောင်မှာတပ်ထားတဲ့ ဒိုင်းတွေပေါ်မှာ လူမျိုးအစုံစုံရဲ့ နာမည်နဲ့ရာထူးတွေကို (တစ်ချို့ကလဲ အလှူရှင်တွေလို့ ထင်ကြတယ်) ဘာလို့ ဖော်ပြထားတာလဲ ဆိုတာကိုတော့ သိတဲ့သူ မရှိသလောက် ရှားမယ်ထင်ပါတယ်။

 

ပုံ ၁. တပ်မတော်ခန်းမဝင်းထဲက အဆောင်ငယ်
ပုံ ၁. တပ်မတော်ခန်းမဝင်းထဲက အဆောင်ငယ်

 

သံကြွပ်နဲ့လုပ်ထားတဲ့ ဒီအဆောင်လေးအကြောင်း တပ်မတော်ခန်းမဘေးမှာ ရှိကြောင်း သိတာကြာပြီဖြစ်ပေမည့် တကယ့်တကယ်တမ်း နှိုက်နှိုက်ချွတ်ချွတ် ရှာမိတာကတော့ ကိုဗစ်ကာလ အိမ်တွင်းအောင်းနေရချိန်မှာပါပဲ။ အချိန်ရရင် စာအုပ်ဟောင်းတွေ၊ online archive တွေ လိုက်မွှေရတာ ဝါသနာပါတာမို့ ရှာရင်းဖတ်ရင်းနဲ့ တစ်နေရာမှာ ရန်ကုန်မြို့က အထိမ်းအမှတ် အလှဆင်ရေပန်းတစ်ခု (Service Memorial drinking fountain) အကြောင်း ပါလာပါတယ်။ အင်္ဂလိပ်-မြန်မာ တတိယကျူးကျော်စစ်အတွင်း အင်္ဂလိပ်ဘက် ဌာနအသီးသီးက ကျဆုံးခဲ့တဲ့သူတွေကို အမှတ်ရစေဖို့ ရဲဘော်ရဲဘက်များက အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ကျဆုံးခဲ့တဲ့အရာရှိတွေရဲ့နာမည်တွေကို ရေပန်းပတ်လည်က ဒိုင်းတွေပေါ်မှာ ရေးထားခဲ့တယ်ဆိုတာလည်းတွေ့ရော နေရာတော့ကျချေပြီလို့ စဉ်းစားမိလိုက်ပါတယ်။ ဒါပေမဲ့ စာအုပ်ထဲမှာ အဲဒိရေပန်းကို သွားကြည့်ဖို့ ညွှန်တဲ့နေရာဟာ ကျွန်တော်သိထားခဲ့သလို ဂျူဗလီဟောဘေးမှာ မဟုတ်ပါဘူး။ အဲ့ဒိအချိန်က Secretariat လို့ အသိများခဲ့တဲ့ အတွင်းဝန်ရုံးရှေ့မှာပါ။

 

ပုံ-၂ ၁၈၉၃ ခုနှစ် အတွင်းဝန်ရုံးမှာ အထိမ်းအမှတ် ရေပန်းဖွင့်ခဲ့စဥ်က
ပုံ-၂ ၁၈၉၃ ခုနှစ် အတွင်းဝန်ရုံးမှာ အထိမ်းအမှတ် ရေပန်းဖွင့်ခဲ့စဥ်က

 

သဲလွန်စတစ်ခုရပြီမို့ နောက်ထပ်ခြေရာခံလိုက်ဖို့ တွန်းအားပေးရာရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်းဆိုရင် ခြေရာခံဖို့ သဲလွန်စတစ်ခုတွေ့ရင်တောင် နောက်ထပ်သဲလွန်စတွေ ထပ်တွေ့ပြီး ရုပ်လုံးပေါ်လာဖို့က နှစ်နဲ့ချီ၊ တစ်ခါတစ်ခါ သုံးလေးနှစ်တောင် ကြာခဲ့တာတွေလည်းရှိပါတယ်။ ဒီတစ်ခေါက် အဆင်ပြေချင်တော့ အတွင်းဝန်ရုံးမှာ ဒီရေပန်းကို ဖွင့်ပွဲလုပ်တဲ့အကြောင်း ဆောင်းပါးတစ်ပုဒ်ကို ကံကောင်းထောက်မစွာ အချိန်သိပ်မပေးရပဲ ရှာတွေ့ပါတယ်။ ဆောင်းပါးအရဆိုရင် ရေပန်းကို ဘုရင်ခံချုပ် လော့လင်းစဒေါင်း ၁၈၉၃ မှာ ရန်ကုန်ကို လာတုန်း ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ ၁၈၈၄ နဲ့ ၁၈၉၀ အတွင်း အထက်မြန်မာနိုင်ငံကို သိမ်းပိုက်အပြီး ဖြစ်ပေါ်လာတဲ့ နှောင့်ယှက်မှုများကို နှိမ်နင်းရင်းကျဆုံးခဲ့သည်များအတွက် ရည်စူးတယ်လို့ ရေပန်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

 

ပုံ-၃. ၁၉၀၀ ခန့်က ရိုက်ကူးခဲ့တဲ့ ဂျူဗလီဟောပုံမှာ ရေပန်းကို မတွေ့ရပါဘူး

                         ပုံ-၃. ၁၉၀၀ ခန့်က ရိုက်ကူးခဲ့တဲ့ ဂျူဗလီဟောပုံမှာ ရေပန်းကို မတွေ့ရပါဘူး

ဒီနေရာမှာ စဉ်းစားစရာတွေ ရှိလာပါတယ်။ ပထမတစ်ခုက ရေပန်းကို အတွင်းဝန်ရုံး ဘယ်နားမှာ ထားခဲ့သလိုဆိုတာပါ။ (ပုံ-၂) အတိုင်းဆိုရင် ရေပန်းကို ထားခဲ့တဲ့နေရာဟာ အတွင်းဝန်ရုံးတောင်ဘက်ဆောင်နဲ့ ဒါလဟိုစီလမ်း (မဟာဗန္ဓုလလမ်း) ကြားလဲ ဖြစ်နိုင်သလို အလယ်ကွက်လပ်မှာလည်းဖြစ်နိုင်ပါတယ်။ တိတိကျကျပြောဖို့ ခက်ပါတယ်။ နောက်တစ်ခုက ဂျူဘလီဟောဘေးမှာရှိခဲ့တဲ့ ရေပန်းဟာ အတွင်းဝန်ရုံးက ရွှေ့လာတာလား၊ ပုံစံတူတစ်ခုလားဆိုတာပါပဲ။ ကျွန်တော့အမြင်မှာတော့ ဒီရေပန်းဟာ အတွင်းဝန်ရုံးက ရွှေ့လာတာ ဖြစ်ဖို့များပါတယ်။ ဘာကြောင့်လဲဆိုရင် ဘုရင်ခံချုပ်လော့လင်းစဒေါင်း ကိုယ်တိုင်ဖွင့်ခဲ့တာ ဖြစ်တာရယ်၊ နောက်ထပ် ပုံစံတူတစ်ခုရှိကြောင်း အထောက်အထားမတွေ့တာရယ်အပြင် ၁၉၁၀ ဝန်းကျင်အထိ ရိုက်ကူးခဲ့တဲ့ ဂျူဗလီဟောရဲ့ ဓာတ်ပုံများ (ပုံ-၃) မှာ ရေပန်းမပါခဲ့တာကို လွတ်လပ်ပြီးခေတ် ဂျူဗလီဟောဘေးမှာ ရေပန်းထားရှိစဉ်ကပုံများ (ပုံ-၄ နှင့် ၅) နဲ့ နှိုင်းယှဉ် ကြည့်နိုင်တာကြောင့် ဖြစ်ပါတယ်။

 

ပုံ - ၄. လွတ်လပ်ပြီးခေတ် ပုံမှာတော့ ရေပန်းအဆောင်ကို ဂျူဗလီဟောဘေး ကပ်လျက်မှာပဲ တွေ့ရပါတယ် Image courtesy of Yangon Heritage Trust
ပုံ – ၄. လွတ်လပ်ပြီးခေတ် ပုံမှာတော့ ရေပန်းအဆောင်ကို ဂျူဗလီဟောဘေး ကပ်လျက်မှာပဲ တွေ့ရပါတယ် Image courtesy of Yangon Heritage Trust

 

ပုံ – ၅ လွတ်လပ်ပြီးခေတ် ပုံမှာတော့ ရေပန်းအဆောင်ကို ဂျူဗလီဟောဘေး ကပ်လျက်မှာပဲ တွေ့ရပါတယ်။ ရေပန်းရဲ့ အပေါ်ပိုင်း ကျန်ရှိသေးတာကိုလည်း တွေ့ရပါတယ်။ Image courtesy of Yangon Heritage Trust.

 

ဆက်ပြီးအဓိကသဲလွန်စဖြစ်တဲ့ ဒိုင်းပေါ်က နာမည်နဲ့ရာထူးများအကြောင်း နည်းနည်းထပ်ပြီး လေ့လာဖြစ်ပါသေးတယ်။ (ပုံ-၆) မှာ တွေ့ရတဲ့အတိုင်း နာမည်တွေမှာ အိန္ဒိယနွယ်ဖွားတွေ၊ အင်္ဂလိပ်နဲ့ ဥရောပသားနာမည်တွေ အပြင် မောင်စံဒွန်း၊ မောင်ပေါ်၊ မောင်ကြီး၊ မောင်သာကူး၊ မောင်ပိုးဦး စတဲ့ ဗမာနာမည်များလည်းပါဝင်ပါတယ်။ ရာထူးတွေနဲ့ ဌာနများလည်းပါဝင်ပြီး ဒုတိယမင်းကြီး၊ လက်ထောက်မင်းကြီး၊ စစ်ပုလိပ်အဖွဲ့က အရာရှိများနဲ့ စုံထောက်များ၊ ပုလိပ်အရာရှိများအပြင် ဆောက်လုပ်ရေး (Public Works) က အင်ဂျင်နီယာတစ်ယောက် လည်းပါပါတယ်။ ၁၈၉၃ မှာ လော့လင်းစဒေါင်းဖွင့်ပေးခဲ့တဲ့ ရေပန်းဖြစ်ဖို့သေချာဖို့ရာမှာ ဒီနာမည်ပါပုဂ္ဂိုလ်များဟာ ၁၈၉၀ ထက်နောက်မကျဘဲ ကျဆုံးခဲ့သူများဖြစ်ရပါမယ်။ ဒိုင်းရှစ်ခုမှာပါတဲ့ နာမည်တွေအကုန်လုံးကို လိုက်စစ်ဖို့ အချိန်လည်းမပေးနိုင်၊ ဖြစ်လည်းမဖြစ်နိုင်တာမို့ ရာထူးကြီးတဲ့ တစ်ယောက်၊ နှစ်ယောက်လောက်ကိုပဲ ထပ်ပြီးလေ့လာကြည့်မိပါတယ်။

ပုံ – ၆. နာမည်တွေ ရေးထိုးထားတဲ့ ဒိုင်းများ၊ စုစုပေါင်း ရှစ်ခု ရှိပါတယ်

 

လေ့လာခဲ့တဲ့ထဲက တစ်ယောက်ကတော့ Deputy Commissioner တစ်ဦးဖြစ်တဲ့ Henry Louis St. Barbe ပါ။ သူ့ကို ၁၈၄၉ မှာမွေးဖွားခဲ့ပြီး ၁၈၇၂ မှာ အိန္ဒိယကို ရောက်လာကာ Bengal Civil Service ဝင် ဘီစီအက်စ်တစ်ယောက်ပါ။ အိန္ဒိယရောက်ပြီး ခြောက်လအကြာမှာ မြန်မာနိုင်ငံရောက်လာပြီး ရာထူးအစုံထမ်းဆောင်ကာ ၁၈၇၉ မှာတော့ မန္တလေးမှာ သံအရာရှိဖြစ်လာပါတယ်။ နောက်ပိုင်းမှာ အိန္ဒိယကို ပြန်ပြောင်းသွားခဲ့သလို ဥရောပကို နှစ်နှစ်ခွင့်နဲ့ပြန်ခဲ့ပါတယ်။ ၁၈၈၂ မှာတော့ မြန်မာနိုင်ငံမှာ တာဝန်ပြန်ကျပြီး ပုသိမ်မှာ ဒုတိယမင်းကြီးဖြစ်လာပါတယ်။ သီပေါမင်းပါတော်မူအပြီး ၁၈၈၆ ဖေဖော်ဝါရီ ၂၁ မှာ ဓားပြတွေ (အင်္ဂလိပ်တွေက ထိုအချိန်က တကယ့်ဓားပြတွေ အပါအဝင် သူတို့ပုန်ကန်သူမှန်သမျှကို ဓားပြလို့ပဲ ခေါ်ပါတယ်) နောက်လိုက်ရင်း ကျဆုံးပါတယ်။ မီးသင်္ဘောနဲ့ ဓားပြနောက်လိုက်ရင်း လမ်းပြရယ်၊ အကူရဲဘော်တစ်ယောက်ရယ်၊ သူရယ် ကမ်းကပ်ပြီး ကင်းထောက်ထွက်ရာမှာ သေနတ်နဲ့ပစ်ခံရလို့ သုံးယောက်လုံးကျပြီး အလောင်းတောင် မနည်းပြန်ကောက်ရတယ်လို့ ဆိုပါတယ်။ ဗြိတိသျှအရာရှိတွေထဲမှာ အလားအလာရှိတဲ့သူလို့ သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး မြန်မာ၊ ပါလိနဲ့ ရှမ်းစာကို ကျွမ်းကျင်တတ်မြောက်တယ်လို့ ဆိုပါတယ်။ Sir Author Phayre ရဲ့ History of Burma စာအုပ်မှာ ဗမာနာမည်တွေကို အင်္ဂလိပ်လို ရေးဖို့ နည်းလမ်းတစ်ခုကို H.L St. Barbe က အကြံပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်တွေကို ကြည့်ရင် ဒီရေပန်းဟာ ၁၈၉၃ မှာ လော့လင်းစဒေါင်းဖွင့်ပေးခဲ့ပြီး မူလက အတွင်းဝန်ရုံးမှာ ရှိခဲ့တဲ့ ရေပန်းဖြစ်ဖို့ သေချာသလောက် နီးပါးရှိပါတယ်။ ဒါပေမဲ့ ပျောက်နေဆဲအချက်တစ်ခုကတော့ ရေပန်းကို ဂျူဗလီဟောဘေးကို ဘာလို့ရွှေ့ခဲ့သလဲ၊ ဘယ်အချိန်မှာ ရွှေ့ခဲ့သလဲဆိုတာပါ။

 

ပုံ – ၇. ရေပန်းနဲ့ အဆောင်ငယ်ရဲ့ လက်ရှိအနေအထား

 

လက်ရှိရေပန်းရဲ့ အနေအထား (ပုံ-၇) ကို ပြောရရင်တော့ အစိတ်အပိုင်းတစ်ချို့ မရှိတော့တာ၊ အထူးသဖြင့် ရေပန်းရဲ့ အပေါ်ပိုင်းမရှိတော့တာရယ်၊ အမိုးက တချို့ သံပန်းတွေမရှိတော့တာရယ်ကလွဲရင် ကြံ့ခိုင်မှုကောင်းနေပါသေးတယ်။ ဂျူဗလီဟောဘေးမှာ ရှိခဲ့စဉ်ကတော့ (ပုံ-၄) ရေပန်းကို အစုံလိုက်အတိုင်း တွေ့ရပါသေးတယ်။ အလားတူပဲ ရေးထိုးထားခဲ့တယ်လို အပေါ်မှာဖော်ပြခဲ့တဲ့ကမ္ဗည်းစာတန်းလဲ မတွေ့ရတော့ပါဘူး။ ဖတ်စာအုပ်ပါ မြန်မာ့သမိုင်းဘက်က ကြည့်ရင်တော့ ထိန်းသိမ်းထားဖို့ မလိုအပ်တဲ့အရာတစ်ခုလို့ ထင်ရကောင်းထင်ရမှာ ဖြစ်ပေမဲ့ တကယ်တမ်းမှာ ရန်ကုန်မြို့အတွက်သာမက မြန်မာ့ကိုလိုနီခေတ်သမိုင်းမှာပါ အရေးပါတဲ့အရာတစ်ခုဖြစ်သလို ယူတတ်ရင် သင်ခန်းစာများပေးနိုင်မည့် အထောက်အထားတစ်ခု ဖြစ်တာကြောင့် စနစ်တကျ မှတ်တမ်းတင်ပြီး ထိန်းသိမ်းထားဖို့လိုပါတယ်ဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

သူရိန်
02 Aug 2020

မူရင်း Link – https://m.facebook.com/story.php?story_fbid=3705364816157570&id=100000522639869


Thurein Aung


Spread the love
  •  
  •  
  •  
  •  
  •  
  •