ရန်ကုန်- မန္တလေးလမ်းဟောင်းတွင် ကားလမ်းရေကျော်၍ ယာဉ်အစီးရေ ၁၀၀ ကျော် ပိတ်မိ နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်- မန္တလေးလမ်းဟောင်းတွင် ကားလမ်းရေကျော်၍ ယာဉ်အစီးရေ ၁၀၀ ကျော် ပိတ်မိ နေ

တောင်ငူ ၊ သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင် သြဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းက မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ရေကျော်လျက်ရှိပြီး ယာဉ်အစီးရေ ၁၀၀ ကျော်ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

”နှစ်နေရာလောက်ရေကျော်နေတယ်၊ တောင်ကျရေကများတော့ ခုဆိုနှစ်ဖက်ပိတ်မိတဲ့ကားတွေ အတော်များနေပြီ၊ မီးသတ်ဌာနရယ်၊ တပ်မတော်သားတွေရယ် ရှင်းလင်းဖို့သွားရောက်နေ တယ်”ဟုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင် ကပြောသည်။

အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်ရှိ ဆွဲလွဲချောင်းကျေးရွာနှင့် ဂွေးတောက်ခင် ကျေးရွာ အကြားတွင် တစ်နေရာ၊ အုတ်ဖိုကျေးရွာနှင့် ညောင်ခြေထောက်ကျေးရွာ အကြားတွင်တစ်နေရာစသည့် နှစ်နေရာတွင်ရေကျော်နေပြီး မိုးရေနှင့်တောင်ကျရေများကြောင့် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း ဗောဓိကုန်းကျေးရွာအနီးတွင်လည်း ရေကျော်မှုဖြစ် ပွားနေကြောင်း သိရသည်။

တောင်ငူမြို့နယ် အနောက်ဘက် ရန်ကုန်-မန္တလေး အမြန်လမ်းနံဘေးရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများကို ဝါဆိုလပြည့်နေ့ သွားရောက်ဖူးမျှော်သူများရဲ့ကား၊ ဆိုင်ကယ်များလည်း ပန်းပဲချောင်း ရေတိုးတာကြောင့် ပိတ်ဆို့နေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှင်းလင်းပေး ခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၃ ရက်မှ ၈ ရက်နေ့အထိ ဘဂ်လားပင်လယ်အော်တွင် လေအလွန်အားကောင်းပြီး မုန်တိုင်းဖြစ်ပေါ်နိုင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာအနှံ့အပြား မိုးထစ်ချုံးရွာနိုင်ပြီး ဒေသအလိုက်မိုး ကြီးခြင်း၊ နေရာကွက်ကြားမိုးကြီးခြင်းများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •