ရန်ကုန်-မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အချို့ ပြန်လည်ပြေးဆွဲမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မန္တလေးဘူတာကြီးမှ လက်ရှိပြေးဆွဲနေသည့် မန္တလေး-ရန်ကုန်နှင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အချို့ ကို ယနေ့ (ဇွန် ၁၆ ရက်)မှ စတင်၍ ထပ်တိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(မန္တလေးဘူတာကြီး) မှ သိရသည်။

ကိုဗစ်၁၉ကာလအတွင်း ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထားချိန်တွင် မန္တလေး-ရန်ကုန်နှင့်မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ် အချို့ကို မန္တလေးဘူတာကြီးမှ တစ်စင်းစီသာ ပြေးဆွဲပေးလျက်ရှိပြီး ယခုထပ်မံတိုးချဲ့ ပြေးဆွဲမည့် ရထားတွဲတစ်တွဲလျင် ခရီးသည် (၆၀)ဦးဆံ့ပါက (၃၀)ဦးသာ စီးနင်းလိုက်ပါခွင့်ပြုမည်ဖြစ်ကာ ခရီးသည် တစ်ဦးအနေဖြင့် ထိုင်ခုံနှစ်ခုံစာ နေရာရမည်ဖြစ်သော်လည်း လက်မှတ်ခနှုန်းထားမှာ ယခင်ပုံမှန် နှုန်းထားများသာ ကျသင့်မည်ဖြစ်ကြောင်း။ ကိုဗစ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အရှုံးခံ၍ ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား(မန္တလေးဘူတာကြီး) မှ အထွေထွေမန်နေဂျာ ဦးမျိုးဝင်း က ပြောကြားသည်။

ကိုဗစ်ကာလအတွင်း ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းစဉ်ကာလတွင် မန္တလေးမှ ရန်ကုန်သို့ ညနေ ၄ နာရီခွဲတွင် တစ်စီးပြေးဆွဲရာမှ ယခု ညနေ(၃) နာရီတွင် လည်းကောင်း၊ မန္တလေးမှ မြစ်ကြီးနားသို့ ညနေ(၅) နာရီ ခွဲ တွင် တစ်စီးပြေးဆွဲရာမှ နံနက် ၈:၄၅နာရီတွင် လည်းကောင်း တစ်စီးစီ ထပ်မံတိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

( Ah Lin Nge )
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •