“ရသ ရဲမက်တွေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 “ရသ ရဲမက်တွေ””

ဒီလူတွေ အကျဉ်းထောင်ထဲမှာသံခြေကျဉ်းနဲ့ သီချင်းဆိုတယ်. . .
ဒီလူတွေ စစ်ခွေးတိုက်ထဲမှာဝတ္ထုတစ်ပုဒ်ကိုရေးဖို့ တွေးတယ်. . .
ဒီလူတွေ ထောင်ဝင်စာကြွတ်ကြွတ်အိပ်ပေါ်မှာစာရေးတယ်. . .
ဒီလူတွေ ထောင်ဝတ်စုံပေါ်မှာ ရရာလက်နက်နဲ့ပန်းချီရေးတယ်. . .
ဒီလူတွေ စာရေးထားတဲ့ပလပ်စတစ်ကို လူ့အခွင့်အရေးကောင်စီအရောက် ကြိုးကျစ်တယ်. . .
ဒီလူတွေ ထောင်အင်္ကျီတစ်ထည်ပေါ်မှာ အကျအနလက်မှတ်တွေထိုးစာရေးပြီး ကုလသမဂ္ဂထိ သဝေထိုးတယ်. . .
ဒီလူတွေ ထောင်ဝင်စာသွားတွေ့မိတာနဲ့ ပိတ်စအနီရဲရဲတစ်ကိုက်လောက် အရောက်ပို့ပေးဖို့တောင်းဆိုတယ်. . .
ဒီလူတွေ ထောင်ထဲကို လေဒီရို သေးသေးလေးတွေအရောက်ပို့ပေးဖို့ ကျုပ်ကိုပူစာတယ်. . .
ဒီလူတွေ ထောင်ထဲကနေ ပလပ်စတစ်ကြိုးထိုးလက်ဆွဲအိပ်လုပ်ပြီး ချစ်သူဆီမွေးနေ့လက်ဆောင်ပေးတယ်. . .
ဒီလူတွေ ကျုပ်ကအမဲသားငါးပိသာ ကြော် ပို့တာကို ငါးဖတ်လောက်ပဲစားပြီး ထောင်ထဲမှာ အသပြာဘောက်ချာဖွင့်တယ်. . .
ဒီလူတွေ ထောင်ပြောင်းပစ်လိုက်တာကို ရာထူးတိုးသလိုသဘောထားလို့
ကျုပ်တို့သူတို့နောက်တကောက်ကောက်လိုက်ရတယ်…

ကြည့်စမ်း ဒီလူတွေ ဘာမထီ ရသ ရဲမက် တွေ အခုထိမသေသေးဘူး
“ငါမသေဘူး ရေကူးတတ်တယ်”ဆိုတဲ့လူတွေ ။

ကဗျာဆရာမောင်အောင်ပွင့်ကတော့
ထောင်ထဲမှာ ” လ ရောင် နဲ့ သောက်ရေ လဲ မယ် “. တဲ့
သူရတဲ့သောက်ရေကို အခန်းအပြင်ဘက်သမံတလင်းပေါ်သွန်ချပြီး
မိုးပေါ်ကကျလာမယ့် လရောင်ရိပ်ကိုငေးကြည့်နေလေရဲ. . . .။
မြင့်မောင်ကျော်
(၈-၈-၂၀၁၈ အတွက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •