ရိုးသားပြီး ရာထူးမမက်သော ဦးဘဝင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရိုးသားပြီး ရာထူးမမက်သော ဦးဘဝင်း

—————————————-
ဦးဘဝင်းကို ဗိုလ်ချုပ်ဆောင်ဆန်းရဲ့အစ်ကို၊ ဗိုလ်ချုပ်အစ်ကိုလို့ နာမ်စား သုံးကြတာမို့ ဗိုလ်ချုပ်တို့နဲ့ဆက်စပ်နေရတဲ့သဘော၊ ဗိုလ်ချုပ်ကို မှီပြီးတော့မှ သိရတဲ့သဘော ဖြစ်နေပါတယ်။ တကယ်တော့ ဦးဘဝင်းဟာ သူ့ထက်ငယ်တဲ့ ဗိုလ်ချုပ်တို့ ညီအစ်ကိုတွေကို စောင့်ရှောက်ခဲ့သူ၊ ငယ်ဆရာဖြစ်ခဲ့တဲ့အပြင် ကိုယ်ပိုင်အစွမ်းအစတွေ ပြည့်ဝသူတစ်ယောက်ဖြစ်ပါတယ်။
ဦးဘဝင်းဟာ မွေးချင်း ၉ ယောက်အနက် တတိယဖြစ်ပြီး ညီအစ်ကို ၆ ဦးအနက် အစ်ကိုအကြီးဆုံးဖြစ်ပါတယ်။ လက်ရှိပြန်ကြားရေးဝန်ကြီးဌာနက တင်ထားတဲ့ဆောင်းပါးမှာ ဦးဘဝင်းရဲ့ ငယ်နာမည်ကို မောင်စန်းတင်လို့ တွေ့ရပြီး အစိုးရသတင်းစာတွေမှာ ပြန်ဖော်ပြတော့လည်း အဲဒီအတိုင်း တွေ့ရပါတယ်။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၈)၊ အာဇာနည်များအတ္ထုပ္ပတ္တိ (စာပေဗိမာန်)၊ တစ်ချိန်ကထင်ရှားခဲ့သောပုဂ္ဂိုလ်ကြီးများ (ရွှေဥသြ)၊ ခေတ်ရေစီးထဲကပုဂ္ဂိုလ်များ (သမိုင်းသုတေသနဦးစီးဌာန) စာအုပ်တွေမှာ “မောင်စံတင်” လို့ ဖော်ပြခဲ့တာမို့ အခုလို မကွဲပြားဖို့၊ မလွဲဖို့ လိုအပ်ပါတယ်။
ဦးဘဝင်းရဲ့ ပုံရိပ်ကို ရိုးသားဖြောင့်မတ်သူ၊ စကားနည်းသူ၊ အတန်းပညာထူးချွန်သူ၊ စာရိတ္တကောင်းပြီး သူတပါးကို ကူညီလိုသူ၊ ငွေမက် ရာထူးမက် ဖော်လံဖားခြင်းများကို အထင်သေးစက်ဆုပ်သူ၊ မတရားမှုကို ဆန့်ကျင်သူ စသဖြင့် သရုပ်ဖော်ရမှာဖြစ်ပါတယ်။ သူဟာ နတ်မောက်မြို့က ပထမဆုံး ဘွဲ့ရသူဖြစ်ပြီး သူ့ရဲ့သင်ကြားပြသ ထောက်ပံ့မှုကြောင့် ညီဖြစ်သူ ဦးအောင်သန်းက နတ်မောက်မြို့ရဲ့ ဒုတိယ ဘွဲ့ရသူ ဖြစ်ခဲ့ပါတယ်။ သူနဲ့ ဗိုလ်ချုပ်အောင်ဆန်း မတူပုံကို သူတို့ကျဆုံးပြီးရေဒီယိုက အသံလွှင့်ခဲ့တဲ့ မိခင်ဒေါ်စု ပြောစကားမှာ ခုလို တွေ့ရပါတယ်။
“အောင်ဆန်းဟာ ငယ်ငယ်ကနေ စပြီး မှုန်တေတေနှင့် ဘာကလေးပဲလုပ်လုပ် စိတ်ပါလက်ပါလုပ်လေ့ရှိတယ်။ ဘဝင်းကတော့ သူ့လိုမဟုတ်ဘူး၊ အမြဲအေးစက်စက်နှင့် စကားပြောနည်းတယ်”
ဦးဘဝင်းဟာ စကားနည်းပြီး ခပ်အေးအေး ခပ်ပြုံးပြုံးနေပေမယ့် မဟုတ်မခံစိတ်ဓာတ်ရှိသူဖြစ်ပါတယ်။ အထက်တန်းပညာသင်ကြားဖို့ ရေနံချောင်းကိုသွားရောက်ခဲ့စဥ်က ဘီအိုစီကုမ္ပဏီမှာစာရေးလုပ်တဲ့အချိန်ဖြစ်ပါတယ်။ အထက်အရာရှိ အမေရိကန်လူမျိုး တွင်းတူးဆရာနဲ့စကားများရာက မျဥ်းလုံးနဲ့ရိုက်ဖို့ပြင်တဲ့အထိ ဖြစ်ဖူးကြောင်း ဦးအောင်သန်းရဲ့ “အစ်ကိုကြီး” အမည်ရှိဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။ အဲဒီတုန်းက တခြားအလုပ်သမားတွေကပါ ဝိုင်းဝန်းကူညီ ထိုးကြိတ်ကြမယ်လုပ်လို့ အမေရိကန် တွင်းတူးဆရာ ကားပေါ်တက် ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ မျက်နှာဖြူတွေကြီးစိုးတဲ့ခေတ်မှာ​ အဲဒီလိုအံတုခြင်းမျိုးက အန္တရာယ်ကြီးလှပါတယ်။
မန္တလေး ဥပစာကောလိပ် တက်တဲ့အခါမှာလည်း သူတို့အတွက်အဆောင်မရှိလို့ စိုက်ပျိုးရေးကောလိပ် ကျောင်းသားများနဲ့အတူ နေထိုင်ရပါတယ်။ တနေ့မှာ စိုက်ပျိုးရေးကောလိပ် ကျောင်းအုပ်ကြီး မျက်နှာဖြူ ချာလ်တန်က မြန်မာလူမျိုးတွေကို ချိုးနှိမ်တဲ့သဘောနဲ့ “ကျောင်းသားများ ကိုယ့်အခန်းတွင် ကိုယ်တိုင် တံမြက်စည်း လှည်းရမည်” လို့ အမိန့်ထုတ်တဲ့အခါ တခြားကျောင်းသားတွေက မတော်လှန်ရဲပေမယ့် ကိုဘဝင်းက “တံမြက်စည်းလှည်းတာ ကျုပ်တို့အလုပ်မဟုတ်၊ မလှည်းနိုင်ဘူး” လို့ ပြောပါတယ်။ ကျန်ကျောင်းသားတွေ မော်မကြည့်ရဲတဲ့ မျက်နှာဖြူကျောင်းအုပ်က သူ့ကိုအံတုတဲ့ ကိုဘဝင်းတို့ နေထိုင်ရာအခန်းကို အရေးယူဖို့ သွားတဲ့အခါ ကိုဘဝင်းက ထွေးခံနဲ့ ပေါက်မယ်လုပ်လို့ ချာလ်တန် ထွက်ပြေးခဲ့ရပါတယ်။ ဒီလုပ်ရပ်ကြောင့် ကျောင်းသားတွေ တံမြက်စည်း လှည်းရမယ့်အမိန့် ပျက်သွားပါတယ်။
ဦးဘဝင်းက ၁၉၀၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့သူဆိုတော့ ညီအငယ်ဆုံးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းထက် ၁၄ နှစ်နီးပါး ကြီးပါတယ်။ မောင်ဘဝင်းဟာ ညီ ၅ ယောက်မှာ ၂ ယောက်က ငယ်စဥ်မှာကွယ်လွန်ခဲ့တာကြောင့် ကျန် ၃ ယောက်ဖြစ်တဲ့ မောင်နေအောင်၊ မောင်အောင်သန်းနဲ့ မောင်အောင်ဆန်းတို့ကို စာသင်ပေးခဲ့သူဖြစ်ပါတယ်။ ကျန်တဲ့အချိန် ရိုက်လေ့မရှိပေမယ့် စာသင်တဲ့အခါမှာတော့ရိုက်တတ်ကြောင်း ဦးအောင်သန်းက “အောင်ဆန်းမိသားစု” ဆိုတဲ့ စာအုပ်မှာ အခုလို ရေးသားခဲ့ပါတယ်။
“သာမန်အားဖြင့် ကျွန်တော်တို့ ညီငယ်များကို ရိုက်လေ့မရှိသော်လည်း စာသင်သောအခါ ရိုက်လေ့ရှိ၏။ ကျွန်တော်လည်း မလွတ်၊ အောင်ဆန်းလည်း မလွတ်။ အလွန်ပျင်းသော အစ်ကိုလတ် ကိုနေအောင်ကား အရိုက်ခံရဆုံးဖြစ်သည်။ ………
…….. ညီငယ်များသာမက သူ၏တပည့် ကျောင်းသားများထဲတွင်လည်း အရိုက်မခံရသူ မရှိသလောက်ပင်။ သို့သော်လည်း ဦးဘဝင်း၏ စေတနာကို မည်သူမျှ သံသယမရှိကြချေ။ ညီငယ်များကိုသာမက တပည့်အားလုံးကို အလွန်တတ်စေချင်၏။ ကျောင်းချိန်တွင်သာမက အခြားအချိန်များတွင်လည်း စာသင်ပေး၏။ (ကျူရှင်ခ မယူပါ) ။ အမြော်အမြင်ရှိသောမိဘများသည် သူတို့သားသမီးများကို ဦးဘဝင်းအား အပ်ကြလေသည်။”
ဖခင်ကွယ်လွန်ချိန်မှာ အသက် ၃၀ ရှိပြီဖြစ်တဲ့ ဦးဘဝင်းက ညီငယ် ကိုအောင်သန်းနဲ့ ကိုအောင်ဆန်းတို့ရဲ့ ကျောင်းစရိတ်ကို တာဝန်ယူခဲ့ပါတယ်။ အဲဒီအချိန် သူက ရေနံချောင်း အမျိုးသားကျောင်းက ကျောင်းဆရာပါ။ ရတဲ့လစာငွေရဲ့ သုံးပုံတစ်ပုံကိုသာသုံးပြီး ကျန်ငွေကို ညီငယ်များအတွက် ပို့ပေးပါတယ်။ ညီငယ်တွေအတွက် လက်ပတ်နာရီ၊ ဖောင်တိန်စသဖြင့် ဝယ်ပို့ပေးပေမယ့် သူကတော့ ကွယ်လွန်ချိန်အထိ လက်ပတ်နာရီ ဝယ်မဝတ်ခဲ့ပါဘူး။
အဲဒီအချိန်က ဘွဲ့ရပညာတတ်များအနေနဲ့ ရာထူးလစာကောင်းတဲ့ အလုပ်အကိုင်ရနိုင်ပေမယ့် အမျိုးသားကျောင်းဆရာဘဝကို ရွေးချယ်ပြီး မျိုးချစ်လူငယ်တွေ မွေးထုတ်ပေးခဲ့ပါတယ်။ ရေနံချောင်း အမျိုးသားကျောင်း အထက်တန်းကျောင်းဆရာ၊ ဖြူးမြို့ အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ်၊ ဘီအိုင်အေခေတ် နတ်မောက်မြို့ အုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ၊ ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌ၊ ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး စသဖြင့် တာဝန်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပေမယ့် ဂုဏ်ပကာသန မမက်မောသလို အဲဒီလိုမက်မောမှုကိုလည်း စက်ဆုပ်သူဖြစ်ပါတယ်။
ဝန်ကြီးဖြစ်တဲ့အချိန် သူငယ်ချင်းအရာရှိတချို့က ဝန်ကြီးလို့ခေါ်တာကို လက်မခံဘဲ “ဘာဝန်ကြီးလဲ၊ ရိုးရိုးခေါ်နေကျအတိုင်း ခေါ်ပါ” လို့ ပြောခဲ့သူပါ။ ဝန်ကြီးဖြစ်လာတဲ့အခါ ပြန်ကြားရေးဌာနက ဓာတ်ပုံရိုက်ဖို့လာပေမယ့် အလုပ်တွေကို လုပ်မြဲလုပ်နေလို့ ပုံကောင်းကောင်းမရဘဲ ပြန်သွားရပါတယ်။ အဝတ်အစားဆိုရင်လည်း ဝန်ကြီးလုပ်တဲ့အချိန်မှာ ဘန်ကောက်လုံချည် အနွမ်းတစ်ထည်တည်းနဲ့ စခန်းသွားခဲ့ကြောင်း ဦးအောင်သန်းရဲ့စာမှာ ဖတ်ရှုရပါတယ်။ ရုံးတက်တဲ့အခါသာမက ဘုရင်ခံပွဲတက်တဲ့အခါမှာပါ အဲဒီပုဆိုးကိုဝတ်ဆင်ခဲ့ပြီး ကျဆုံးတဲ့နေ့မှာတောင် အဲဒီ ဘန်ကောက်လုံချည်နဲ့ဖြစ်ပါတယ်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဖေ ရာထူးကနုတ်ထွက်သွားတဲ့အခါ ဦးနုရဲ့ပန်ကြားမှု၊ ရေနံချောင်းမြို့နယ် ဖဆပလ ခေါင်းဆောင်များရဲ့တိုက်တွန်းမှုကြောင့် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် မေလ ၂၇ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးဘဝင်းဟာ ဝန်ကြီးသက်တမ်း ၂ လ မပြည့်ခင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
ညီငယ်များနဲ့ တပည့်များကို “ကိုယ်ချင်းစာ… ကိုယ်ချင်းစာ” လို့ ကိုယ်ချင်းစာတရားထားဖို့ သွန်သင်ဆုံးမခဲ့တဲ့ ဦးဘဝင်းဟာ သူချစ်တဲ့ ညီငယ်နဲ့အတူ မသမာသူတွေရဲ့လက်ချက်ကြောင့် သူချစ်တဲ့တိုင်းပြည်အတွက် အသက်ပေးခဲ့ရပါတယ်။ အနာဂတ်တိုင်းပြည်မှာ သူလိုလူတွေ များများပေါ်ပေါက်လာစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။ ။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်

Spread the love
  •  
  •  
  •  
  •  
  •  
  •