ရုတ်ခြည်း စစ်ရာဇဝတ်ကောင်များ ဘဝ ကျရောက်သွားသော ဗိုလ်ချုပ်ကြီးများ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရုတ်ခြည်း စစ်ရာဇဝတ်ကောင်များ ဘဝ ကျရောက်သွားသော ဗိုလ်ချုပ်ကြီးများ
************************

မြန်မာပြည် အတွက် သီးခြားလွတ်လပ်သော ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်သည် နိုင်ငံတကာမှ ပြဌာန်း ထားသော ဥပဒေများကို ချိုးဖောက် ကျူးလွန်ရန် အမိန့်ပေး စေခိုင်းနေသူများကို တရားစွဲဆိုနိုင်ရန် သက်သေ အထောက်အထား နှင့် တင်ပြရန် တောင်းဆိုလိုက်သည်။ ထိုကဲ့သို့ ရာဇဝတ်မှုများ ကျူးလွန်ရန် အမိန့်ပေး စေခိုင်းနေသူ အများစုသည် ခေါင်းဆောင်ပိုင်းမှ ဖြစ်သည်ဟု ကော်မရှင် အကြီးအကဲ နီကိုလပ်စ် ကူဂျီယန် က ပြောသည်။ ၎င်းတို့သည် စစ်ဆင်ရေးကို တိုက်ရိုက်လာရောက် ကွပ်ကဲနေသူများ မဟုတ်ဘဲ အထက်မှ အမိန့် ပေးနေသူများ ဖြစ်၍ လက်ခံရရှိသော အမိန့်များ နှင့် မည်သူ့ထံ အစီရင်ခံရမည် အစရှိသည့် သက်သေများကို စုဆောင်း တင်ပြရန် လိုအပ်နေသည်ဟု ဆိုသည်။

ထိုသို့ တင်ပြသူများ အနေဖြင့် ၎င်းတို့၏ လုံခြုံရေးကို သတိကြီးစွာ ထား၍ ပြုလုပ်ရန်လည်း သတိပေးခဲ့သည်။ ကူဂျီယန် သည် ကမ္ဘောဒီယားရှိ ခမာနီ ခေါင်းဆောင်များကို အောင်မြင်စွာ တရားစွဲဆို အပြစ်ပေးခဲ့သည့် အတွေ့အကြုံရှိသူ ဖြစ်သည်။

ကုလ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ မီချဲလ် ဘဲချလက် မှ ယနေ့အထိ သေဆုံးသူ ၂၀၀ ကျော်လာပြီဟု CNN သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ရန်ကုန် နှင့် မြို့ကြီးများတွင် အာဏာသိမ်း အဖွဲ့အနေနှင့် စစ်မြေပြင် အဖြစ် သတ်မှတ်လိုက်ပြီး အော်တိုမက်တစ် မောင်းပြန် ရိုင်ဖယ်များကို အသုံးပြုကာ လူထုအား ပြောင်ပြောင်တင်းတင်း သတ်ဖြတ်လာနေကြပြီ ဖြစ်၍ CRPH မှ တိုင်းရင်းသား လက်နက်ကိုင်များအား ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေး အတွက် မိမိတို့နှင့် အတူ ပူးပေါင်း တိုက်ပွဲဝင်ရန် တောင်းဆိုလိုက်ပြီ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးကိုလည်း ယခင် အကြမ်းဖက် အဖွဲ့အစည်းများ၊ မတရားသင်းများ အဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ပေးခဲ့သည်။

စစ်အုပ်ချုပ်ရေး သမားများသည် ရှေ့လျှောက် တိုင်းပြည် အုပ်ချုပ်သွားနိုင်ရေး အတွက် လူထုကို စည်းရုံးနိုင်ရန် ကို မစဉ်းစားအားတော့၊ လက်ရှိ အကျပ်အတည်းကြီးကို လက်နက်ကိုင်များ နှင့် ဖြေရှင်းရန် ဂမူးရှူးထိုး ကြိုးစား လာနေကြလေသည်။ လူထုကြီး တရပ်လုံးကလည်း မည်သို့မျှ ရင်ကြားစေ့ရေး ကို လက်မခံကြတော့သည့်အပြင် ၎င်းတို့အား ရွံရှာ မုန်းတီးစိတ်များသည် ၈၈ ကထက်ပင် အဆမတန် ပြင်းထန်လာလျှက် ရှိနေပြီ ဖြစ်ရာ စစ်အာဏာသိမ်း အဖွဲ့အဖို့ ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်တို့ မြန်မာပြည်ကို သိမ်းပိုက်ခဲ့စဉ်က ပုံစံမျိုး ဖြင့်သာ ဆက်လက် အုပ်ချုပ်သွားဖို့ မျှော်လင့်၍ ရပေတော့သည်။ နောက်ဆုံးတွင် ၎င်းတို့သည်လည်း ပြည်သူတရပ် လုံး၏ ညီညွတ်မှု အင်အား ဖြင့် အပြီးအပိုင် ချေမှုန်းခြင်း ခံရတော့မည်သာ ဖြစ်သည်။

တရုတ် တို့ အလိုကျ ကိုယ့် အမျိုးသား အချင်းချင်း အပေါ် ရက်စက်စွာ နှိပ်နှင်းခဲ့သည့်အပြင် တညလုံးလည်း အကြောင်းမဲ့ သေနတ်များ လိုက်လံပစ်ဖေါက်ကာ ခြိမ်းခြောက်လျှက်ရှိနေသဖြင့် လှိုင်သာယာသည် အထိနာဆုံး ဖြစ်လာခဲ့ရပြီး စစ်ဘေးရှောင် ထွက်ပြေးလာသူများ နှင့် လမ်းများပေါ်တွင် ပြည့်သိပ်လာနေသည်။

လှိုင်သာယာဆေးရုံတွင် ဒဏ်ရာရလာသော လူနာများကို CDM တွင် ပါဝင်ပြီး တိမ်းရှောင်နေကြရသော ဆရာဝန် သူနာပြုများက စက်ဘီး၊ ဆိုက္ကား ရရာယာဉ်များ ဖြင့် အရောက်လာကာ ကုသပေးခဲ့ကြသော်လည်း CDM တွင် မပါဝင်သော ဆရာဝန်များမှာ ရှောင်တိမ်းသွားကြသည် ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကုသပေး နေသော ဆရာဝန်များမှ တနင်္ဂနွေ နှင့် တနင်္လာနေ့ နှစ်ရက်တွင် လှိုင်သာယာ မြို့နယ် ဆေးရုံ၌ သေဆုံးသူ ၅၆ ဦး ရှိခဲ့သည်ဟု အတည်ပြုခဲ့ကြသည်။

ပြည်သူများက ရရာ ပစ္စည်း ပစ္စယာများ နှင့် စစ်ကားများ မဝင်နိုင်ရန် ဝိုင်းဝန်း ပိတ်ဆို့ခုခံနေကြဆဲပင် ဖြစ်သည်။ နေ့စဉ် အင်တာနက်အား ရှစ်နာရီခန့်ကြာအောင် ဖြတ်တောက်ထားသည့် အပြင် အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ လုပ်ရပ်များကို ဖုံးဖိထားနိုင်ရန် mobile data များကို ဖြတ်တောက်ကြပြန်သည်။

ကမာရွတ် မြို့နယ်ရှိ ကမ္ဘောဇ ဘဏ်တွင် ငွေထုတ်ရန် ရောက်လာသူ အမျိုးသမီး သုံးဦး နှင့် အမျိုးသား တဦးကို ဘဏ်ထဲဝင်၍ CDM မလုပ်ရကောင်းလားဟု ဆူပူသောကြောင့်အကြောင်းပြကာ ဖမ်းဆီးသွားခဲ့ပြီး ယခုအထိ မိသားစု နှင့် အဆက်အသွယ် မရသေးဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။ ဗဟိုဘဏ်မှ လက်ထောက် ညွှန်ကြားရေးမှူး မှသည့် သန့်ရှင်းရေး အလုပ်သမားအထိ စုစုပေါင်း ၂၁၂ ဦးအား CDM တွင် ပါဝင်သည် ဆိုကာ တာဝန်မှ ရပ်ဆဲလိုက်သည်ဟု ဆိုသည်။

ယမန်နေ့ က နိုင်ငံတဝှမ်း နောက်ထပ် ၆ ဦး သတ်ဖြတ်ခံခဲ့ရပြီး ယခုအခါ စစ်တပ်သည် လမ်းပေါ်ရှိ မြင်မြင်သမျှ လူများ ကို ဖမ်းဆီး ကာ အတားအဆီးများကို ရှင်းလင်းခိုင်းနေပြီး ပြန်လည် ပိတ်ဆို့ပါက အနီးအနားရှိ ရပ်ကွက် ထဲသို့ ဝင်ရောက် ပစ်ခတ်မည်ဟု တရားမဲ့ ခြိမ်းခြောက်လာကြပြီ ဖြစ်သည်။

စစ်တပ်သည် တိုင်းပြည်အပေါ် ဒုက္ခပေးလာသည်မှာ နှစ်ပေါင်း ၆၀ ရှိလာနေသော်လည်း တခါဖူးမျှ ရပ်ကွက် လူနေအိမ်များကို ဝင်ရောက် ပစ်ခတ်သည် အထိ မကြုံခဲ့ဖူးကြပေ။ မည်သည့် နိုင်ငံတွင်မျှ မကြားဖူးခဲ့ရိုး အမှန်ပင်။ ဂျပန်ခေတ်တွင်ပင် ထိုအဖြစ်မျိုး မရှိခဲ့ပဲ ယခုအခါ မိမိတို့ လူမျိုး အချင်းချင်းကိုပင် ရက်စက်စွာ သတ်ဖြတ်ခံနေရမှုများနှင့် ကြုံတွေ့နေရကြရလေသည်။

တိုင်းပြည်၏ ဒီမိုကရေစီ ကို လုယူပြီး မိမိတို့ အုပ်ချုပ်ရေး ကို မြို့ရွာများတွင် ထူထောင်နိုင်ရန် စစ်ဆင်ရေး ဆင်နွဲလာနေသော်လည်း ကမ္ဘာ အလယ်တွင် ၎င်းတို့၏ ပုံရိပ်မှာ ကျဆင်းသည်ထက် ကျဆင်းလာနေပြီး non-state actor ဟု သုံးနှုန်းသည့် သူပုန်သာသာ အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် မည်သို့မျှ အဖတ်ဆယ်၍ မရတော့သော အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရပြီ ဖြစ်သည်။ တိုင်းပြည် စီးပွားရေး ကိုလည်း ၎င်းတို့ အနေဖြင့် ဘယ်လိုနည်း နှင့်မျှ အဖတ်ပြန်ဆယ်နိုင်မည် မဟုတ်တော့သည်ကား သေချာနေပြီ ဖြစ်သည်။

နိုင်ငံတွင်းမှ ဖီလစ်ပိုင် နှင့် ကမ္ဘောဒီယား နိုင်ငံသားများ ထပ်မံ ထွက်ခွာနေကြသော်လည်း တရုတ် အစိုးရမှ ၎င်းတို့ နိုင်ငံသားများ ပြန်လည် ခေါ်ယူနေသည့် သတင်းသည် မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ မိမိတို့ နိုင်ငံသားများပိုင် စက်ရုံများ နှင့် ဝန်ထမ်းများ လုံခြုံရေး အတွက် စစ်တပ်နှင့် ရဲအင်အား တိုးမြှင့်ချထားသည်ကို တွေ့လာရသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက် လီဂျန် က တနင်္လာနေ့က ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် က လူငယ်လေးများအား သတ်ဖြတ်နေမှုများ ရပ်တန့်ရန် မိမိကိုယ်တိုင် မြန်မာ ပြည် လာပြီး လမ်းပေါ် ဒူးထောက်၍ တောင်းပန်ရမည် ဆိုရမည် ဆိုလည်း တောင်းပန်ဖို့ ဝန်မလေးဟု ထုတ်ပြောလာခဲ့ပြန်သည်။

ဗုဒ္ဓဟူးနေ့ တွင် နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့၏ လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းလိုက်ပြီ ဆိုသော ကြေညာချက်သည်လည်း လူထုကြီး အတွက် ခွန်အားများ ဖြစ်ပေါ်လာရသည်။

ကမ္ဘာဘီလံနာ သူဌေးကြီး ‌ဂျော့ ဆိုရိုး၏ Open Society Foundation မှ ဘဏ္ဍာရေး တာဝန်ခံ ဒေါ်ဖြူပပသော် အား ပြန်လွှတ်ပေးရန် နှင့် မိမိတို့သည် မြန်မာနိုင်ငံသားများ၏ ပညာရေး နှင့် ကျန်းမာရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ကြေညာချက် ထွက်ပေါ်လာခဲ့သည်။ အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာ ရှိ ကြေးစားတပ်များ ငှားရမ်း ရန် ဝန်မလေးဟု သတင်းထွက်နေသည့် ဂျော့ ဆိုရိုး အား ရန်စလိုက်ပြီ ဖြစ်သည်။

ယခင်က ရခိုင်ကို တာဝန်မကျရေး အတွက် လာဒ်ထိုးနေရသူများ၊ ကေအိုင်အေ စခန်း အား တက်သိမ်းရမည် ဆိုလျှင် မျက်နှာ ဇီးရွက်လောက် ရှိသော အရာရှိ အရာခံ အကြပ်တပ်သား များ အားလုံးသည် ရန်ကုန် စစ်မြေပြင် တွင် လက်နက်မဲ့ ရန်သူများ အား စိတ်ကြိုက် ပြစ်ခတ် သတ်ဖြတ် နိုင်‌တော့မည် ဆိုကာ ပြုံးပျော်နေသော ပုံရိပ်များက TikTock တွင် အလုအယက် ထုတ်လွှင့်ခဲ့ကြသည်ကို တွေ့ကြရပြန်သည်။

မတရား ဖိနှိပ်ခံရမှုများကို ရွံရှာ မုန်းတီးလာကြသည်နှင့် အမျှ ဆရာ မင်းသိင်္ခ ၏ “မတထောင် တကောင်ဘွား” စာအုပ်ထဲက လို မိမိတို့အား ရန်ရှာနေသော အရာရှိ ဆိုးများကို “လားပင်စင် ပေးကြရန်” ပင် စဉ်းစားလာကြမည်မှာလည်း အသေအချာပင် ဖြစ်သည်။

ဂျင်ဇီး များ က စိတ်ဓါတ်ကျဆင်းမှုမျိုး အလျင်း မရှိပဲ မိမိတို့ အနေဖြင့် စစ်တပ်က လက်လျော့သွားလိမ့်မည်ဟု မမျှော်လင့်သော်လည်း မိမိတို့ဖက်က ကြိမ်းသေ ပြောနိုင်သည်က အရေးတော်ပုံကို အဆုံးထိ တိုက်ပွဲ ဝင်သွားမည် ဆိုသည်ပင် ဖြစ်သည်ဟု ပြောခဲ့ကြောင်း ဝါရှင်တန် ပို့စ် သတင်းစာတွင် ဖေါ်ပြထားသည်။

အရေးတော်ပုံ အောင်ရမည်!!!

(ပုံတွင် တနင်္လာနေ့က မန္တ‌လေး မြို့ အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲ မြင်ကွင်းအား တရုတ်နိုင်ငံထုတ် ဂလိုဘယ် တိုင်းမ် သတင်းစာတွင် ဖေါ်ပြထားသည်ကို တွေ့ရစဉ်)


Spread the love
  •  
  •  
  •  
  •  
  •  
  •