ရေဖြူမြို့နယ် ဥဿာရံရွာအနီးတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရေဖြူမြို့နယ် ဥဿာရံရွာအနီးတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထားဝယ်-ရေး လမ်းပိုင်းပေါ်ရှိ ဥဿာရံကျေးရွာ အနီးတွင် ဇွန် ၁၃ ရက်က ဖြစ်ပွားခဲ့သည့် မီးရထားဝန်ထမ်း မိသားစုဝင်သုံးဦး ၎င်းတို့နေအိမ်အတွင်း အသတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

ရေဖြူမြို့နယ် ဥဿာရံကျေးရွာအုပ်စုရှိ ထားဝယ်-ရေး လမ်းပိုင်း မိုင်တိုင် ၂၃/၄ တွင် နေထိုင်သော အသက် ၂၆ နှစ်အရွယ် မီးရထားဝန်ထမ်း ဂိတ်စောင့်အမျိုးသားနှင့် အသက် ၂၈ နှစ်အရွယ် ၎င်း၏ဇနီးဖြစ်သူအပြင် အသက်တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ဇွန် ၁၃ ရက်က နေအိမ်အတွင်း၌ ဓားဖြင့်ထိုးသတ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းသို့ သုံးလောင်းပြိုင် အသတ်ခံခဲ့ရပြီးနောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၁၁ ရက်အကြာတွင် လူသတ်မှု ကျူးလွန်သူ လေးဦးကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အောင်ကျော်ထွန်းထံ၌ အပေါင်ထားသောဖုန်းကို ပြန်လည်ရွေးယူရန် ငွေမရှိသဖြင့် လက်ကိုင်ဖုန်း ပြန်လည်ရရှိရေးအတွက် ကျော်မင်းထွန်းနှင့် ဝိုင်ကေတို့က အောင်ကျော်ထွန်းအိမ်သို့ ဇွန် ၁၃ ရက် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် သွားရောက်ခဲ့ပြီး ဇော်လင်း၏ဖုန်းကို တောင်းခံခဲ့ရာ အဆင်မပြေသဖြင့် ကျော်မင်းထွန်းနှင့် ဝိုင်ကေက အသင့်ယူဆောင်လာသော အရိုးအသွား ၁၇ လက်မခန့်ရှိ သစ်သားရိုးတပ် ငါးမန်းစွယ်များပါ ဓားဦးချွန်ဖြင့် အောင်ကျော်ထွန်းတို့ မိသားစုသုံးဦးအားထိုး၍ လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊ ဥဿာရံကျေးရွာနေ သိန်းသန်းဝင်း (၂၄ နှစ်) က သက်သေခံဓားကို ဖျောက်ဖျက်ဝှက်သိမ်းထားခြင်း၊ ဥဿာရံကျေးရွာနေ ဇော်လင်း (၂၂ နှစ်) က သေဆုံးသူနှင့် ဆက်သွယ်ထားသော ဖုန်းနံပါတ်အား ဖျောက်ဖျက်ခြင်းကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်ဟု သိရပါတယ်။

ဥဿာရံကျေးရွာနေ ကျူးလွန်သူများဖြစ်သည့် ကျော်မင်းထွန်း (၂၉ နှစ်) နှင့် ဝိုင်ကေ (၂၇ နှစ်) တို့ နှစ်ဦး လူသတ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့်ဓားကို သက်သေများဖြင့် သွားရောက်၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားပြီး တရားစွဲတင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။

အဆိုပါ သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ရေဖြူမြို့မရဲစခန်းက (ပ)၂၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး အသတ်ခံရသူများမှာ အောင်ကျော်ထွန်း (၂၆ နှစ်)၊ မခင်ဖြိုးဝေ (၂၈ နှစ်)၊ မောင်စုစုငယ် (တစ်နှစ်ခွဲ) တို့ ဖြစ်ကြောင်း သိရပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •