ရောဂါမဖြစ်စေဖို့ ကိုယ်ခံအားကောင်းရန် လိုပါတယ်(ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ရောဂါမဖြစ်စေဖို့ ကိုယ်ခံအားကောင်းရန် လိုပါတယ်(ဒေါ်အောင်ဆန်းစုကြည်)

ရောဂါမဖြစ်စေဖို့ ကိုယ်ခံအားကောင်းရန် လိုပါတယ်ဆိုတာကိုခုတလော ခဏခဏကြားနေရမှာပဲနော်။ ဒါက covid သာမဟုတ်ပါဘူး၊ ဘယ်ရောဂါမဆို အကျုံးဝင်ပါတယ်။ ကိုယ်ခံအားကောင်းခြင်းဆိုတာ အခြေခံကျန်းမာရေးကောင်းခြင်းလို့ ပြောလို့ရမယ် ထင်ပါတယ်။ အခြေခံကျန်းမာရေးက မျိုးရိုးဗီဇနဲ့ စားသောက်နေထိုင်မှု ပုံစံတို့အပေါ် မူတည်ပါတယ်။ မျိုးရိုးဗီဇကတော့ ပြောင်းလို့မရပါဘူး။ (အချို့သိပ္ပံပညာရှင်တွေကတော့ လူ့သက်တမ်းတစ်ခုအတွင်းမှာပဲ DNA ကိုတောင် ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။) အစားအသောက်၊အနေအထိုင်တို့ကိုတော့ ပြောင်းချင်တဲ့ ဆန္ဒရှိရင် ပြောင်းဖို့ လွယ်ပါတယ်။

“လူတစ်ယောက်ဟာ အသက်(၄၀)ကျော်ရင် သူနဲ့ထိုက်တန်တဲ့အသွင်အပြင်ကို ဆောင်လာတယ်”ဆိုတဲ့မှတ်ချက်ကို ဖတ်ဖူးပါတယ်။ (၄၀)ဆိုတော့ လူလတ်ပိုင်းထဲ ရောက်လာပြီ။ (၁၀)စုနှစ် (၄)စုကြာအောင် ကိုယ်နဲ့စိတ် နှစ်ခုလုံးကို အသုံးချခဲ့ပုံရဲ့အကျိုးဆက် တွေက ထင်ပေါ်လာပါပြီ။ မြင်ရတဲ့အသွင်အပြင်သာမဟုတ်၊ မမြင်ရတဲ့အတွင်း (ကိုယ်စိတ်နှစ်ပါးလုံး) အခြေအနေကလည်း နေထိုင်မှုစနစ်ကို ရောင်ပြန်ဟပ်လာပါပြီ။ ဒီအချိန်မှာ ကိုယ့်ရဲ့ ကိုယ်ခံအားတွေက ခိုင်မာတုန်းပဲလား။ စကျဆင်းနေပြီလား။

ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်အများကြီး ထိန်းသိမ်းနိုင်ပါတယ်။ ဘယ်လိုနေရမယ်၊ ဘာတွေရှောင်ရမယ်ဆိုတာ အများသိနိုင်အောင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ လက်ကမ်းစာစောင်လေးတွေမှာ ဖတ်နိုင်ပါတယ်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး ရှောင်ရန်၊ဟင်းသီးဟင်းရွက်များများစားရန်၊ ဆား၊ အဆီ၊ သကြားဓါတ် များများပါတဲ့ အစာများ ရှောင်ရန်၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ရန်၊ စသဖြင့် လိုက်နာရန် မခက်ခဲတဲ့ ကျန်းမာရေး ကောင်းစေမဲ့ အလေ့အကျင့်လေးတွေကို လမ်းညွှန်ထားပါတယ်။ လေ့လာကြပါ၊ လိုက်နာကြပါ။ နိုင်ငံတော်က ပြည်သူများ အကျိုးဖြစ်ဖို့အတွက် ထုတ်ပြန်တဲ့ပညာပေးအစီအစဉ်တွေဟာ ပြည်သူတွေသုံးမှ တန်ဖိုးရှိမှာပါ။

ကိုယ့်ရဲ့ရောဂါကာကွယ်နိုင်စွမ်းအား ကိုယ်သာပြုစုပျိုးထောင်နိုင်မှာပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •