ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များအား ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်

[ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူနှင့် အတူ (၅-၂-၂၀၂၁) ရက်နေ့မှ စတင်ထိုးနှံသွားမည်]

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူနှင့် အတူ (၅-၂-၂၀၂၁) ရက်နေ့မှ စတင်ထိုးနှံသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန​က သတင်းထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်နေသော ကျန်းမာ ရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို (၂၇-၁-၂၀၂၁) ရက်နေ့မှစတင်၍ ထိုးနှံပေးနေပြီဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို (၂၉-၁-၂၀၂၁) ရက်နေ့တွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို (၃၀-၁-၂၀၂၁) ရက်နေ့တွင်လည်းကောင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ကို (၅-၂-၂၀၂၁) ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူနှင့် အတူ စတင်ထိုးနှံသွားမည် ဖြစ်ပါသည်။

ထိုသို့ထိုးနှံရာတွင် မိမိအိမ်တွင်နေထိုင်ရေးအစီအစဉ်(Stay at home) တွင် အကျုံးဝင်သော မြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြား ရောဂါအခံရှိသူများနှင့် ရောဂါရရှိမှုလွယ်သော လူအုပ်စုများကို ဦးစားပေးကာ ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ ကာကွယ်ဆေးရရှိမှု အရေအတွက်အပေါ် မူတည်၍ Stay at home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များအနက် ကူးစက်ဖြစ်ပွားမှုများပြားသော မြို့နယ်များ၊ နေရာဒေသများကို ဦးစားပေး ရွေးချယ်ထိုးနှံပေးသွားမည် ဖြစ်ပါသည်။

ဆက်လက်ရရှိလာမည့် ကာကွယ်ဆေးအရေအတွက် အပေါ်မူတည်၍ ကျန်လူအုပ်စုများကိုလည်း ဦးစားပေးအစီအစဉ်အလိုက် ဆက်တိုက်ထိုးနှံပေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရန် COVAX facility သို့ အဆိုပြုခြင်း၊ နိုင်ငံတော်အစိုးရဘဏ္ဍာငွေဖြင့် ဝယ်ယူခြင်း၊ နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရေးအစီအစဉ်ဖြင့် လက်ခံရရှိခြင်းစသည့် နည်းလမ်းများဖြင့် အရည်အသွေးမြင့်မား၍ လုံခြုံစိတ်ချရသော ကာကွယ်ဆေးများကို ရရှိရန် ကြိုးပမ်းခဲ့ပါသည်။

အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် ပေးအပ်သော COVISHIELD / Astrazeneca ကာကွယ် ဆေး အရေအတွက် (၁.၅)သန်းကို (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် လက်ခံရရှိထားပြီး ဖြစ်ပါသည်။

နိုင်ငံတော်ဘဏ္ဍာငွေဖြင့် COVISHIELD / Astrazeneca ကာကွယ်ဆေး အကြိမ် (dose) အရေအတွက် သန်း(၃၀)ကို ဝယ်ယူထားပြီးဖြစ်ကာ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပထမအပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ (၂) သန်းခန့် ကနဦးရောက်ရှိလာမည်ဖြစ်ပါသည်။ COVAX facility မှ ကာကွယ် ဆေးများသည် မတ်လတွင် စတင်၍လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများသည် ဧပြီလတွင်လည်းကောင်း လစဉ် အသုတ်လိုက် ဆက်လက်ရရှိသွားမည် ဖြစ်ပါသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •