ရွေးကောက်ပွဲရလဒ်ကို အကြမ်းနည်းနဲ့ ခြိမ်းခြောက်ပြောင်းလဲဖို့ကြိုးစားတာကို လက်မခံဘူးလို့ အမေရိကန်သတိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲရလဒ်ကို အကြမ်းနည်းနဲ့ ခြိမ်းခြောက်ပြောင်းလဲဖို့ကြိုးစားတာကို လက်မခံဘူးလို့ အမေရိကန်သတိပေး
—————–
ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
============

ရန်ကုန်၊ ဇန်နဝါရီလ ၂၉ ရက်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရလဒ်ကို မြန်မာစစ်တပ်အနေနဲ့ အင်အားသုံး ခြိမ်းခြောက်ဖို့ ကြိုးစားမှုကို အမေရိကန်အစိုးရအနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ပြောကြားလိုက်ကြောင်း ဗီအိုအေရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နည်းတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လတ်တလော ကိစ္စရပ်တွေကို စောင့်ကြည့်နေကြောင်းနဲ့ ပါဝင်ပတ်သက်နေသူ အားလုံးအနေနဲ့ သွေးထိုး လှုံ့ဆော် ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့၊ ခေါင်းဆောင်မှုကို ပြသဖို့၊ ဒီမိုကရေစီ စံနှုန်းတွေကို စောင့် ထိန်း လိုက်နာဖို့နဲ့ နိုဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလက်ခံဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်း တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ကြေညာချက် ထုတ်ပြန်လိုက်ကြောင်းလည်း ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို VOA မေးမြန်းစုံစမ်းတာကို
“ဒီမိုကရေစီ ဖြစ်စဉ်နဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို လေးစား လိုက်နာဖို့ကို အမေရိကန် ပြည်ထောင်စုက မြန်မာစစ်တပ် နဲ့ တိုင်းပြည်တွင်းက တစ်ခြား နိုင်ငံရေးပါတီတွေကို တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဒါမှမဟုတ် တိုင်းပြည်ရဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ပြောင်းလဲပစ်ဖို့ အင်အားသုံးဒါမှမဟုတ် ခြိမ်းခြောက်ရေးနည်းလမ်းတွေကို အသုံးပြုဖို့ ကြိုးပမ်းတာ မှန်သမျှကို အမေရိကန် ပြည်ထောင်စုက လက်မခံကြောင်း ပြောခွင့်ရက ပြောပါတယ်” လို့ VOA ရဲ့သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Via Myanmar Harp Media


Spread the love
  •  
  •  
  •  
  •  
  •  
  •