ရှစ်လေးလုံးကို ပြန်ကြည့်ခြင်း (ထိန်လင်း)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရှစ်လေးလုံးကို ပြန်ကြည့်ခြင်း
————————————-
စောင့်ကြရင်း မျှော်ကြရင်းနဲ့ ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် နီးလာခဲ့ပါပြီ။ ၈၈ တုန်းက အသက် ၂၀ ကျော် ကျောင်းသားများဟာ ယနေ့ ၅၀ ကျော် ၆၀ အတွင်း ရောက်ခဲ့ပါပြီ။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေ၊ သခင် သခင်မကြီးတွေအပါအဝင် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်သူ အများအပြားလည်း ကွယ်လွန်ခဲ့ပါပြီ။ အုပ်စိုးသူဆိုရင်လည်း နဝတ၊ နအဖ၊ ကြံ့ဖွံ့ စသဖြင့် အဆက်ဆက် အဆင်းအတက်တွေ လုပ်ခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသား အရေအတွက်တွေကလည်း နည်းလိုက်များလိုက်၊ နိုင်ငံရေးလှုပ်ရှားသူတွေကလည်း ဝင်လိုက်ထွက်လိုက်နဲ့ တကယ့်ကို သံသရာရထားကြီး ခုတ်မောင်းနေခဲ့တာပါပဲ။

အဲဒီလို အချိန်ကာလတွေနဲ့လိုက်ပြီး ဖြစ်ပျက်ပြောင်းလဲခြင်းတွေ ရှိခဲ့ပေမယ့် ပကတိ အရှိတရားတွေကတော့ အတိတ်နဲ့ မျက်မှောက်ကာလ သိပ်မကွာလှပါဘူး။ လူထုကလည်း ကျပ်တည်းနေဆဲ၊ ပြည်တွင်းစစ်တွေလည်း ဖြစ်နေဆဲ၊ တိုင်းပြည်ကလည်း မွဲနေဆဲ၊ စီးပွားရေးအခြေအနေမကောင်းလို့ တိုင်းတပါးထွက်ပြီး ငွေရှာသူတွေကလည်း အရင်ကထက် များဆဲ၊ စစ်ဘေးကြောင့် ဖိနှိပ်မှုတွေကြောင့် ဒုက္ခသည်အဖြစ် ကိုယ့်တိုင်းပြည်ထက် မွဲတေခဲ့တဲ့နိုင်ငံတွေဆီ သွားရောက်ခိုလှုံနေရသူတွေကလည်း ရှိနေဆဲ၊ ဒါတွေက အတူတူလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်းနဲ့ဝင်ငွေ အချိုးအဆ၊ ဆင်းရဲချမ်းသာ ကွာဟချက် အချိုးအဆတွေက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကာလနဲ့ ဘယ်လိုမှယှဉ်မရနိုင်အောင် ကြီးမားလှပါတယ်။

ဒီလို ဒုက္ခပေါင်းစုံ ခံစားနေရဆဲဖြစ်လို့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေကို “ကိုယ့်ဘာသာ အေးအေးဆေးမနေကြဘူး။ သူတို့ကြောင့် ဒုက္ခရောက်ရတာ” ဆိုတဲ့ စကားမျိုးတွေနဲ့ ပြောဆိုတာတောင် ကြားခဲ့ဖူးပါတယ်။ ဒီလိုကျပ်တည်းမှ၊ ဒီလို အယူအဆတွေရှိမှ တော်လှန်ပုန်ကန်တာတွေ မရှိမှာ ဆိုတဲ့သဘောနဲ့ ပြည်သူတွေ ကျပ်တည်းအောင်၊ လှုပ်မရအောင် စနစ်တကျစီစဉ်ခဲ့လေသလားလို့တောင် တွေးစရာပါ။

မြန်မာ့သမိုင်းမှာ အကြီးမားဆုံး လူထုအုံကြွမှုဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံအကြောင်း ပြောကြတဲ့အခါ အရေးတော်ပုံကို ဘယ်သူတွေက အကွက်ချ စီစဉ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေမျိုးစုံရှိနေတာမို့ ဘယ်ဟာက အမှန်ဆိုတာ အငြင်းပွားကောင်း ပွားနိုင်ပေမယ့် အဲဒီတုန်းက အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာကတော့ ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်မီးတွေ၊ ဆဲဗင်းဂျူလိုင်၊ မှိုင်းရာပြည့်၊ ဦးသန့်ဈာပန အရေးအခင်း၊ ကျွန်းဆွယ်ပွဲ စတဲ့ ကျောင်းသားအရေးအခင်းများနဲ့ အလုပ်သမားအရေးအခင်းတွေက တောက်လိုက်ငြိမ်းလိုက် ဖြစ်ခဲ့တဲ့ မီးစ မီးတောက်တွေ ဖြစ်ပါတယ်။ အနီးစပ်ဆုံးကတော့ ငွေစက္ကူအရေးအခင်း နဲ့ ၈၈ မတ်လ အရေးအခင်းများပဲ ဖြစ်ပါတယ်။

တကယ်တော့ လွတ်လပ်ခွင့်မရှိခြင်း၊ ဆင်းရဲမွဲတေမှု မြင့်မားခြင်း စတဲ့ နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်တွေကို ရိုးရိုးဖြောင့်ဖြောင့် မဖြေရှင်းဘဲ ဖိနှိပ်မှုတွေရှိနေသမျှ လူထုအုံကြွမှုတွေ၊ တော်လှန်ရေးတွေက ရှိနေမှာပါ၊ မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ အရေးတော်ပုံများဟာ ဒီသဘောတွေနဲ့ မကင်းပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံဟာလည်း မကျေနပ်မှုပေါင်းများစွာ၊ အရင်းအနှီးပေါင်းများစွာကို အရင်းတည်ပြီးမှ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

မြို့ကြီး မြို့ငယ်တွေအနှံ့ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သိန်းနဲ့ချီတဲ့လူထု ပါဝင်ဆင်နွှဲခဲ့ပြီး မဆလ အစိုးရ အဆင့်ဆင့် ပြုတ်ကျခဲ့ပါတယ်။ တစ်လကျော်အတွင်း အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်သွားတဲ့အထိ အရှိန်မြင့်ခဲ့ပါတယ်။ အရေးတော်ပုံကာလ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၃၀၀၀ မှ ၅၀၀၀ အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ အာဏာသိမ်းအစိုးရကတော့ တနိုင်ငံလုံးမှာ ၈ ယောက်ပဲ သေဆုံးခဲ့တယ်၊ ဒါတောင်မှ ဂိုဒေါင်တွေဖောက်လို့ ပစ်ခတ်ရင်း သေဆုံးခဲ့တာလို့ ဆိုခဲ့ပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ အခြေအနေမရှိသေးတော့ ထောင်ချီတဲ့ သေဆုံးသူတွေနဲ့ပတ်သက်လို့ ဒီကနေ့အထိ ဘာစာရင်းမှ အတိအကျ မတင်နိုင်သေးပါဘူး။

ဒီလိုအရှိန်အဟုန်ကြီးမားခဲ့တဲ့ အရေးတော်ပုံကြီး ဘာကြောင့် အဆုံးသတ် မအောင်မြင်ခဲ့ပါသလဲ။ ပြန်လည်သုံးသပ်သူတွေက ကိုယ့်အတွေ့အကြုံ၊ ကိုယ့်အယူအဆတွေနဲ့ ကောက်ချက်ချကြပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ မညီညွတ်လို့၊ စစ်တပ်က လက်ဦးမှုရယူသွားလို့ ဆိုတဲ့ကောက်ချက်တွေကို တော်တော်များများ ကြားရပါတယ်။

တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံအတွင်း လူသိထင်ရှားဖြစ်တဲ့ ခေါင်းဆောင်အနည်းငယ်ရဲ့ ဦးဆောင်မှုက လွဲရင် ဒေသအလိုက် ဦးဆောင်ခဲ့သူများဟာ ဒေသခံ နိုင်ငံရေးတက်ကြွသူများ ဖြစ်ပါတယ်။ အားလုံးက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နီးစပ်ရာတိုင်ပင်ပြီး ဆောင်ရွက်ကြတာပါ။ အဖွဲ့တွေများသလို ခေါင်းဆောင်တွေလည်း အများကြီးပါ။ နေရာစုံက တော်လှန်ရမယ်ဆိုပေမယ့် တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဆက်အသွယ်တွေ တိုင်ပင်ညှိနှိုင်းမှုတွေ အားနည်းခဲ့ပါတယ်။ ဒါကြောင့် အင်အားတွေ တစုတစည်းတည်း မဖြစ်ခဲ့ပါဘူး။

ဆက်သွယ်ရေးနည်းစနစ်တွေ မကောင်းခဲ့တာကလည်း အရေးတော်ပုံကို အားနည်းစေတဲ့အချက် ဖြစ်ပါတယ်။ ပြည်တွင်းဆက်သွယ်ရေးမကောင်းလို့ ပြည်ပအသံလွှင့်ဌာနတွေကိုသာ အားကိုးခဲ့ရသလို ပြည်တွင်းမှာဖြစ်ပျက်နေသမျှ ပြည်ပက သေသေချာချာ မသိခဲ့တဲ့အတွက်လည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ပံ့ပိုးမှုတွေ ကောင်းကောင်းမရခဲ့ပါဘူး။ ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် မသိလိုက်တဲ့ တော်လှန်ရေးကြီးပါ။

နောက်တစ်ချက်ကတော့ အရေးတော်ပုံရဲ့ ခေါင်းဆောင် အသေအချာ မရှိခဲ့တာပါ။ အထူးသဖြင့် တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် အံဝင်ခွင်ကျ မဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ကျောင်းသားတွေနဲ့ ပြည်သူလူထု ဆိုတာက တော်လှန်ဖို့၊ ပုန်ကန်ဖို့၊ ဆန္ဒပြဖို့၊ မကြိုက်တဲ့အစိုးရကို ဖြုတ်ချဖို့ပဲ ပြင်ဆင်ခဲ့တာပါ။ တော်လှန်ရေးအောင်မြင်ရင်၊ အစိုးရပြုတ်ကျသွားရင် အာဏာကို ဘယ်လိုသိမ်းမယ်၊ အုပ်ချုပ်ရေးယန္တရားကို ဘယ်လိုကိုင်တွယ်မယ် ဆိုတာမျိုးတွေတော့ ပြင်ဆင်မထားပါဘူး။ အဲဒါတွေ မလုပ်နိုင်ခင် စစ်တပ်က အာဏာသိမ်းခဲ့လို့ လူထုအရေးတော်ပုံကြီး တခန်းရပ်ခဲ့တာဖြစ်ပါတယ်။

အားနည်းချက်တွေ လိုအပ်ချက်တွေချည်း ပြောမိလို့ ရှစ်လေးလုံးအရေးတော်ပုံကြီးက အရှုံးနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ မယူဆစေချင်ပါဘူး။ ပြည်သူတရပ်လုံး အားကိုးရတဲ့ ခေါင်းဆောင်ပေါ်ထွန်းခဲ့တာ၊ လူထုကြား နိုင်ငံရေးအသိတွေ ကိန်းအောင်းလာတာ၊ တော်လှန်ရေးမျိုးဆက်မပြတ်ဘဲ ရှိနေတာတွေက ရှစ်လေးလုံးရဲ့ အကျိုးရလဒ်များဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ ရက်စက်မှု၊ ကောက်ကျစ်မှု၊ မဖြောင့်မတ်မှုတွေက အရေးတော်ပုံရဲ့ အားနည်းချက် အားသာချက်များနဲ့ ဘာမှ မဆိုင်ပါဘူး။ ခေါင်းစဉ်လွဲမှားပြီး ကောက်ချက်ချမိတတ်လို့ပါ။

အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေကို သုံးသပ်ထားတဲ့ ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ လက်နက်အင်အား၊ လူအင်အား မမျှလို့ အရေးနိမ့်ခဲ့ရတယ်လို့ ဖတ်ခဲ့ရတော့ လက်နက်များရင် ဒါမဟုတ် လူများရင် နိုင်မလိုလို တွေးမိဖူးပါတယ်။ အဲဒါတွေများရင်ရော အင်္ဂလိပ်ကို အသေအချာ နိုင်ခဲ့မလားဆိုတာကလည်း မရေရာပါ။

ရှစ်လေးလုံးအရေးတော်ပုံမှာလည်း ဘယ်သူတွေက ဘယ်လိုမလုပ်လို့၊ ဘယ်သူတွေက မညီညွတ်လို့၊ အချိန်ကာလ တိုတောင်းလို့၊ စစ်တပ်က လက်ဦးလို့ စသဖြင့် ကောက်ချက်ချကြပေမယ့် အဲဒါတွေ တကယ်ဖြစ်ခဲ့ရင်ရော အောင်မြင်မှာလား ဆိုတဲ့အချက်ကလည်း မသေချာပါ။ ဒီလိုလုပ်မိခဲ့ရင် ကောင်းသား၊ ဟိုလို မလုပ်လိုက်မိလို့ ဒီလိုဖြစ်တာ စသဖြင့် နောင်တတရားတွေကို ဆုပ်ကိုင်ရင်း လက်ညှိုးထိုးမယ့်အစား လုပ်စရာရှိတာလုပ်ရင်း အရာရာအတွက် အသင့်ပြင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ကံကြမ္မာဆိုတာ ပြည်သူလူထုရဲ့ ကံကြမ္မာနဲ့ ထပ်တူကျနေပါတယ်။ တစ်ဦးချင်းရဲ့ ကံကြမ္မာ ကောင်းဖို့ တစ်ဦးချင်းကပဲ ကြိုးစားရမှာပါ။ အတိတ်ကို အတိတ်မှာ ထားရစ်ခဲ့ပေမယ့် အတိတ်က သင်ခန်းစာတွေ၊ အားနည်းချက် လစ်ဟာချက်တွေကိုတော့ အမှတ်ရဆင်ခြင်ဖို့လိုပါတယ်။ တချိန်က မှားခဲ့ရင် ထပ်မမှားဖို့၊ တချိန်က လိုအပ်ချက်တွေရှိခဲ့ရင် ဖြည့်စွက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နောက်ကို ပြန်ငဲ့ကြည့်ဖို့ လိုအပ်ပေမယ့် ရှေ့ကိုတော့ ရောက်အောင်လှမ်းရမှာ ဖြစ်ပါတယ်။

ရှစ်လေးလုံးလို နောက်ထပ် အရေးတော်ပုံကြီးတစ်ခု ဖြစ်ပေါ်ဖို့ဆိုတာ မသေချာပေမယ့် ၁၉၈၈ ခုနှစ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးတစ်ခု အသေအချာကို ပေါ်ပေါက်ခဲ့တာပါ။ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ သမိုင်းဆိုတာ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရနိုင်ပါ။ ။

#ထိန်လင်း

၂၉၊ ၇၊ ၂၀၁၁ က ရေးခဲ့တဲ့ဆောင်းပါးကို အချိန်ကာလနဲ့ဆိုင်တဲ့ ကိန်းဂဏန်းတချို့ပဲ ပြောင်းလဲထားတာပါ။ ကျနော့်ရဲ့ လွန်ခဲ့တဲ့ ၉ နှစ်က အမြင်ပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •