လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါမှာ ဒုတိယလှိုင်းမဟုတ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် ပြည်တွင်းကူးစက်မှုမှာ ဒုတိယလှိုင်းမဟုတ်၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြော

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ယခုဖြစ်ပွားနေသည့် ပြည်တွင်းကူးစက်မှုမှာ ဒုတိယလှိုင်းမဟုတ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

သြဂုတ်လ ၂၇ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့်
Coronavirus Disase 2019 (COVID-19) အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်ကို ထိန်းချုပ်လို့ရပြီလို့ ထင်နေကြတဲ့အချိန်မှာ တစ်ကျော့ပြန်ပြီးတော့ ထွက်လာတယ်၊ ရခိုင်ပြည် နယ်မှာ အဖြစ်များတယ်၊ ဒါဟာ ဒုတိယလှိုင်းမဟုတ်ဘူးဆိုတာကို သတ်မှတ်ပြီးသားပါ၊ ကိုဗစ်ကို ရွေးကောက်ပွဲနဲ့ ချိတ်ဆက်ပြီးပြောနေကြတော့ အားလုံးကလည်း စိတ်ဝင်စားတယ်၊ စိတ်ဝင်စားလောက် အောင်လည်း ရောဂါကကြောက်စရာကောင်းတယ်၊ ကိုဗစ်နဲ့ ပတ်သက်ပြီး ကြေညာချက်တွေလည်း ထုတ်တယ်၊ လုပ်စရာရှိတာတွေကိုလည်း လုပ်နေပါတယ်၊ ကျောင်းတွေကိုလည်း ယာယီပိတ်လိုက်ပြီ၊ လူများများစုတဲ့ နေရာတွေမှာတော့ တင်းတင်းကြပ်ကြပ် လုပ်ဖို့ လိုအပ်လာပါတယ်။” ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာ ဒေသများမှ ပြန်လာသောဝန်ထမ်းများရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေးပြီး လိုအပ်သည်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်အသီးသီးရှိ Coronavirus Disase 2019 (COVID-19) အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ အနေဖြင့် မိမိတို့ ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါဖြစ်ပွားရာ ဒေသများမှ ဝင်ရောက်သူများ ရှိပါက သတ်မှတ်စည်းကမ်းချက်များအတိုင်း တိကျထိရောက်စွာ ဆောင်ရွက်သွားရေးကိုလည်း ထည့်သွင်းပြောကြား ခဲ့သည်။

“ကျောင်းတွေလည်း ပိတ်လိုက်ပြီ၊ ကျောက်စိမ်းရောင်းဝယ်လုပ်နေတာလည်း ပိတ်လိုက်ပြီ၊ နတ်နန်းတွေ ဖွင့်ပြီး လာကန်တော့နေတာကို ခွင့်ပြုရင် ခွင့်ပြုတဲ့သူကို အရေးယူသွားမှာပါ၊ ခွင့်မပြုပါဘူး၊ ရိုးရာအတွက် လုပ်တာကို တော့ရတယ်၊ သတ်မှတ်လူဦးရေထက် ပိုရင်တော့ ခွင့်ပြုတဲ့သူတွေကို အရေးယူသွားမှာ၊ တောင်ပြုံးပွဲနဲ့ ရတနာ့ဂူပွဲတွေပါ ခွင့်မပြုဘူး” ဟုလည်း ပြောကြားသည်။

အစည်းအဝေးတွင် Coronavirus Disase 2019 (COVID-19) အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက တိုင်းဒေသကြီးအတွင်း မြို့ဝင်၊ မြို့ထွက်နေရာများတွင် စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာများကိုလည်းကောင်း၊ အဖွဲ့ဝင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လည်ဝင်ရောက်လာ သူများအား Quarantine Center များတွင် ထားရှိ၍ စောင့်ကြည့်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ များကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေးမှုအခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူမျးက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် အကြံပြု ဆွေးနွေးကြပြီး ဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် ပြန်လည်ပေါင်းစပ် ညှိနှိုင်းခဲ့သည်။
MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •