လက်ရှိ စူးအက်တူးမြောင်းဘဝ ရောက်နေသော မြန်မာပြည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လက်ရှိ စူးအက်တူးမြောင်းဘဝ ရောက်နေသော မြန်မာပြည်
********************************

စူးအက်တူးမြောင်းကို ၁၈၅၉ ခုနှစ်မှ စပြီး ဆယ်နှစ်ကြာ လူအင်အား စက်အင်အားများဖြင့် အပတ်တကုတ် တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ပြီး ကမ္ဘာကုန်သွယ်ရေကြောင်းတွင် ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပေါ် လာခဲ့ရသော်ငြားလည်း ယခုအခါ မီတာ ၄၀၀ ရှည်ပြီး ၅၉ မီတာ အကျယ်အဝန်း ရှိသည့် Ever Given ဟု အမည်ပေးထားသော ကွန်တိန်နာ တင် သင်္ဘောကြီး ကန့်လန့်ဖြတ် အနေအထား ရောက်ရှိသွားသဖြင့် ကုန်တင် သင်္ဘောများ ရာနှင့် ချီ၍ ရှေ့သို့ တိုးမရသည့် အဖြစ်သို့ တခဏ အတွင်း ရောက်ရှိသွားခဲ့ရလေသည်။

မြန်မာ ပြည်တွင်လည်း မလုပ်ရဲတာ ဘာမှမရှိ ဆိုသော အာဏာရူး တယောက်ကြောင့် တတိုင်းပြည်လုံး ရှေ့သို့ တိုး၍မရအောင် လုပ်ငန်း ဆောင်တာ များ ရပ်တန့်သွားခဲ့ရပြီ ဖြစ်သည်။ ကုလ အတွင်းရေးမှူးချုပ်၏ အထူးသံတမန် ဖြစ်သူ ခရစ်စတီးနား ရှရေနာ ဘာဂင်ဂါမှ တိုင်းပြည်၏ အနာဂတ်သည် လုံးဝ အန္တရာယ် ကျရောက်လာနေပြီ ဖြစ်၍ မိမိတို့အနေနှင့် မြန်မာပြည်သူတို့ဖက်က မယိမ်းမယိုင် ရပ်တည်သွားမည်ဟု ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာဘဏ်၏ ယမန်နေ့က ထုတ်ပြန်ချက်အရ မြန်မာသည် ယခုနှစ်အတွင်း စီးပွားရေး ၅.၉% တိုးတက်ရန်ရှိ သည်ဟု ၂၀၂၀ အောက်တိုဘာလ အတွင်း ခန့်မှန်းချက်ကို ပြင်ဆင်၍ ၁၀% အထိ ကျဆင်းသွားဖို့ ရှိနေသည်ကို ခန့်မှန်းချက် ထုတ်ပြန်လိုက်ပြီ ဖြစ်၍ တိုင်းပြည် အနေအထားသည် တိုးတက်ဖို့ နေနေသာသာ သုံညအောက်သို့ ထိုးဆင်းကျသွားသည်အထိ ဆိုးရွားလာဖွယ် ရှိနေသည်ကို မီးမောင်းထိုးပြသလို ဖြစ်လာခဲ့ရသည်။

မင်းအောင်လှိုင် အဖို့ ထိုသို့ ချောင်ပိတ်မိနေသော အနေအထားမှ ရုန်းထွက်နိုင်ရန် တပ်မတော် ဟု ခေါ်သည့် စစ်တပ်ကို လမ်းပေါ် ချသုံးလာပြီး လူထု ကို သတ်ခိုင်းသည် အထိ စေခိုင်းခဲ့သဖြင့် တပ်မတော်၏ ပုံရိပ်သည် အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ရပြီ ဖြစ်လေသည်။

မင်းအောင်လှိုင်အဖို့မှာ သူအနှစ်နှစ် အလလက မျှော်မှန်းခဲ့သော အာဏာရှင် ဘဝ သို့ ရောက်ပြီဟု ယူဆကာ ပြောချင်ရာပြော လုပ်ချင်ရာ လုပ်လာနေပြီး အောက်မှလူများ အတွက်တော့ လူထု၏ အမုန်းဒဏ်ကို ကျောကော့အောင် ခံနေကြရလေသည်။

အာဏာသိမ်း ကောင်စီဝင် ဗိုလ်ချုပ်ကြီးများ အနေနှင့် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ ကဲ့သို့ နောက်ပိုင်းတွင် မိမိတို့အား ရှင်းထုတ် ပြစ်ခြင်းကို စောင့်နေမည်လော၊ မိမိတို့က လက်ဦးအောင် ရှင်းထုတ်မည်လော ဆိုသည့် လမ်းနှစ်လမ်း အနက် တခုခု ကို ရွေးချယ် ရပေတော့မည်။

ယခုပင် မင်းအောင်လှိုင်သည် တော်လှန်ရေးနေ့တွင် အကြီးအကျယ် ဆန့်ကျင် အုံကြွမှုကြီး နှင့် ရင်ဆိုင်ရမည့် အရေးကို စိုးရိမ်ကြောက်လန့်လာသည့် လက္ခဏာ အဖြစ် ဆန္ဒပြသူများကို ခေါင်းတည့်တည့် နှင့် ကျောပြင်ကို ချိန်ရွယ် ပစ်ခတ်ခြင်း ခံရမည်ဟု တရားဝင် ခြိမ်းခြောက်လာရသည့်အထိ ဖြစ်လာနေသည်။ ဤသည်ကပင် တိုင်းပြည်ကို လူထု ထောက်ခံမှု ဖြင့် အုပ်ချုပ်သွားရန် မလို၊ အကြောက်တရား ဖြင့် အုပ်ချုပ်၍ ရသည်ဟူသော အတွေးအခေါ် ကို ထုတ်ဖေါ် လိုက်ခြင်းလည်း ဖြစ်သည်။ ၎င်း၏ မိုက်ရူးရဲ ဆန်သော သတင်းသည် ကမ္ဘာတဝှမ်း သို့ ပျံ့နှံ့သွားခဲ့ရပြီ ဖြစ်သည်။

လက်နက်မဲ့ ဆန္ဒပြသူအများစု၏ ဦးခေါင်းထိမှန်သေဆုံး ခဲ့ရခြင်းသည် တိုက်ဆိုင်မှု မဟုတ်ဆိုသည်ကိုလည်း တရားဝင် ဝန်ခံလိုက်သည့် သဘောပင် ဖြစ်သည်။

ကိုယ့် အမျိုးသား အချင်းချင်းပင် ဤမျှလောက် ရက်စက်ကြမ်းကြုပ်နေပါက ရခိုင် ပြည်နယ် အနောက်ခြမ်း ရိုဟင်ဂျာ ဆိုသူများ အပေါ် မည်မျှအထိ ဆိုးရွားစွာ ပြုကျင့်နေကြမည်နည်း ကို နဂိုက သံသယ ရှိသူများ လက်ခံလာကြပြီ ဖြစ်သည်။

ရန်ကုန် အနေအထားသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်မှုများ ကို မကြုံဖူးအောင် ရင်ဆိုင်ခဲ့ရ၍ အနည်းငယ် ငြိမ်သက်သယောင် ရှိနေသော်လည်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ် နှင့် ချင်းပြည်နယ်များတွင် လူထု အုံကြွမှုကြီးက ဆက်လက် ဖြစ်ပေါ်နေသည်နှင့် အမျှ အာဏာသိမ်း တပ်များ၏ လက်ချက်ဖြင့် လူလေးဦး ထပ်မံ သေဆုံးသွားခဲ့ရပြန်သည်။ ယခု အခါ သတင်းဌာနများ ၏ စာရင်းဇယားများအရ လူပေါင်း ၃၂၇ အထိ သေဆုံးနေပြီဟု သိရသည်။

မြန်မာ ပြည်သူများက နှစ်ပေါင်း ၇၆ နှစ် အကြာတွင် နောက်ထပ် အသစ် ပေါ်လာသည့် ဖက်ဆစ် စစ်ဘီလူးများ ၏ရန်မှ တိုင်းပြည်အား ကာကွယ်ရန် မတ်လ ၂၇ ရက်နေ့ ကို တော်လှန်ရမည့် နေ့ အဖြစ် သတ်မှတ်ခဲ့ကြပြီ ဖြစ်သည်။

လက်ရှိတွင် ရှုပ်ထွေးနေသော အနေအထားကို ပိုမို နောက်ကျိအောင် ရုရှားကို ခေါ်သွင်းလာပြီ ဖြစ်သည်။ ဆီရီးယား အာဏာရှင် အာဆတ်လို ၎င်းအား အကာအကွယ်ပေးရန် ကြံစည်လာပြီး တိုင်းပြည်ကို စစ်တလင်း ဖြစ်လည်း ၎င်း အဖို့က အရေးမကြီး၊ လောလောဆယ်တော့ ၎င်း၏ အဖွဲ့ကို အသိအမှတ်ပြုသည့် နိုင်ငံတခု ရှိလာပြီဟု ပြော၍ ရသည်။ ဒုတိယ ကာကွယ်ရေး ဝန်ကြီး အဆင့်ကိုပင် ၎င်းကိုယ်တိုင် ခမ်းခမ်းနားနား ကြိုဆိုကာ ဓါးလွယ်ကြီးလက်ဆောင်ပေးပြီး တခမ်းတနား ဂုဏ်ပြုပေးရသည့် အထိ ဝမ်းသာလုံး ဆို့နေ ရှာပေသည်။

ဤသည်မှာ အဆိုးထဲက အကောင်းဖြစ်သည်။ မြန်မာသည် ရုရှား အတွက် စိတ်ချယုံကြည်ရသော မဟာဗျူဟာ ကျသည့် မဟာမိတ် ဖြစ်သည်ဟု ကြွေးကြော် ပြီး ရောက်ရှိလာသော ရုရှား ဒုကာကွယ်ရေး ဝန်ကြီး ကြောင့် အနောက်နိုင်ငံများ အဖို့ ဆီရီယားလို လက်တွန့်နေ၍ မဖြစ်တော့ မြန်မာ ပြည်နှင့် ဆက်စပ်ပြီး တရုတ်-ရုရှား ဝင်ရိုးတန်း တခု ပေါ်လာမည့် အရေးကို မဖြစ်ဖြစ်အောင် ကာကွယ်ရဖို့ ဖြစ်လာပေတော့မည်။

ကုလ လုံခြုံရေး ကောင်စီ ကို မည်သို့ မည်ပုံ ကျော်လွှားရမည် ဆိုသည် ကြံဆလာရဖို့သာ ရှိပေတော့သည်။

ရုရှားသည် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ယခင်ကလို အများ လက်ခံ ကျင့်သုံးနိုင်သည့် ဝါဒမျိုး မရှိတော့ဘဲ အာဏာ ရှင် တကိုယ်ကောင်း ဝါဒ ဖြင့်သာ မဖြစ်ညစ်ကျယ် လူတွင်ကျယ် လုပ်နေရသည့် အဆင့်သာ ရှိပေတော့သည်။ ပူတင်၏ ဝါဒကား ဆိုဗီယက် ပြိုကွဲသွားပြီးနောက် ၎င်းတို့ကို စစ်ရှုံးနိုင်ငံ သဖွယ် အနောက် အုပ်စုက ဆက်ဆံ ခဲ့ကြသည်ကို နာကြည်းစိတ်ဖြင့် အမေရိကန် နှင့် အီးယူကို ပြစ်မှတ်ထားကာ ကန္တေကောစ လုပ်နေသည့် အဆင့်သာ ရှိသည်။ ထို့အတွက်လည်း နိုင်ငံတကာ တွင် အုပ်စုဖွဲ့နိုင်သည့် အဆင့်အထိ တက်လှမ်း လာနိုင်ခဲ့ခြင်း မရှိတော့သော်လည်း တကမ္ဘာလုံး၏ အာဏာရှင်များက ၎င်း၏ ဩဇာခံ လာမည့် အခွင့်အရေးကို လက်လွှတ်ခံချင်ပုံ မရပေ။

သို့သော် တရုတ်သည် ကမ္ဘာအင်အားကြီး နိုင်ငံ အဖြစ် နေရာယူလာရန် ချိန်ရွယ်နေသူ ဖြစ်သဖြင့် ယခုလို လူထု ဆန္ဒကို လက်နက်အားကိုးဖြင့် ဆန့်ကျင်ကာ ဗြောင်ကျကျ အာဏာရှင် ထူထောင်လာမည့် အရေးကို ၎င်းတို့၏ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး ဆိုသည့် အင်္ကျီကြီးသည် လူတိုင်း နှင့် မတော်ကြောင်း တွက်ဆ နေပုံရှိသည်။ ထို့အတွက် တရုတ်သည် ခြေလှမ်း မှားသွားမည်ကို လွန်စွာ စိုးရိမ်မကင်း ဖြစ်နေဆဲပင်။

ထို့အပြင် တိုင်းရင်းသား အချင်းချင်းမှာ ယခင်ကလို မဟုတ်သည့်အပြင် ပို၍ စည်းလုံးညီညွတ်လာနေသည့် အနေအထားကိုလည်း ရိပ်စားမိလာနေသည်။

ယခုအခါ နေပြည်တော်တွင် အာဏာသိမ်း ခေါင်းဆောင်ကြီး အဖြစ် ပေါ်ထွက်လာသူ မင်းအောင်လှိုင်သည် နိုင်ငံတကာ မှ စစ်ရာဝဇတ်မှု ကျူးလွန်သူ အဖြစ် စုံစမ်း စစ်ဆေးခံနေရသူ ဖြစ်ရုံမက စစ်ယူနီဖောင်း ဝတ်ထားသော ကုမ္ပဏီများ ပိုင်ရှင် တိုင်ကွန်ကြီး ဖြစ်နေသည်ကို CNN သတင်းဌာန က တော်လှန်ရေးနေ့ မတိုင်မီ ကမ္ဘာသိအောင် အထောက်အထားများ နှင့် ဖွင့်ချလိုက်ပြီ ဖြစ်သည်။

မင်းအောင်လှိုင်၏ ကုမ္ပဏီကြီး နှစ်ခု ဖြစ်သည့် မြန်မာ ဦးပိုင် ကုမ္ပဏီ နှစ်ခု ကို အမေရိကန်မှ ပိတ်ဆို့ ဒဏ်ခတ် လိုက်ပြီ ဖြစ်ပြီး အမေရိကန် ဥပ‌ဒေပြု အမတ်များကလည်း နိုင်ငံ အတွင်း ပြည်တွင်းစစ်ကြီး ဖြစ်လာမည့် အရေး ကို ကာကွယ်နိုင်ရန် ဆိုကာ အာဏာသိမ်း အဖွဲ့၏ ငွေရရာ ရကြောင်း ဖြစ်နေသည့် ရေနံ နှင့် ဓါတ်ငွေ့ ကုမ္ပဏီ များကိုပါ ပြစ်ဒဏ်ခတ်ရန် တောင်းဆိုလာနေကြသည်။

ဂျပန်၏ JICA သည်လည်း ၎င်းတို့နှင့် ဖက်စပ် တည်ဆောက်နေသော ဒေါ်လာ ၃၂၃ သန်း တန်ကြေးရှိ ရန်ကုန်-သံလျှင် တံတား စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့အဖို့ နောက်ထပ် အရှက်ရစရာ ဖြစ်လာရပြန်သည်မှာ ကမ္ဘာက တိုင်းပြည် အနာဂတ် အရေး အတွက် ဘဝများအား ရင်း၍ တိုက်ပွဲဝင်နေကြသော မြန်မာ ပြည်သူများ၏ အကြမ်းမဖက် အာဏာ ဖီဆန်ရေး CDM လှုပ်ရှားမှု ကြီးကို ၂၀၂၂ ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင် အဖြစ် အမည်စာရင်း တင်သွင်းလိုက် ခြင်းပင် ဖြစ်သည်။ ၂၀၂၁ အတွက် တင်သွင်းရမည့် နောက်ဆုံးရက် ဇန်နဝါရီ ၃၁ ကို ကျော်လာခဲ့၍ ဖြစိသည်။ ပြည်သူများ နှင့် တသားတည်း ရပ်တည်ခဲ့သော ဝန်ထမ်းများ အတွက် တသက်တာ ဂုဏ်ယူစရာ အဖြစ် တသသ ပြောစရာ အဖြစ် မှတ်တမ်းဝင်သွားခဲ့လေသည်။

တချိန်တည်းတွင် လမ်းမများပေါ်၌ အာဏာရှင် အလိုကျ သေနတ်တကားကား ဖြင့် ရမ်းကားပေးနေရသူများ အတွက်က လူဆိုး လူမိုက်များ အဖြစ် တသက်တာ နောက်ကျော မလုံသည့် ဘဝမျိုး ဖြင့် နေထိုင်သွားကြ ရပေတော့မည်သာ ဖြစ်သည်။

ပြည်သူများ၏ ရင်ထဲနှလုံးထဲက ပြင်းပြသော ဆန္ဒကို အဘယ်မည်သော အာဏာရှင်က ချေမှုန်းနိုင်ရိုး ရှိခဲ့ဘူးပေသနည်း။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •