လမ်းဆုံးတဲ့ရွာ (Thet Naing Sein)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လမ်းဆုံးတဲ့ရွာ

—————– လမ်းဆုံးလျှင်ရွာတွေ့မည်ဟုဆိုကြ၏။ တချို့သောလမ်းအဆုံးတွင် ရွာရှိမရှိ ဆိုရန်မှာ….. ယာဉ်တစ်စီးကို မောင်းနှင်တတ်ရုံနှင့်မလုံ‌လောက်ပဲ အရှိန်ထိန်းတတ်ရန်ကား လွန်စွာ အရေးကြီး၏။ မော်တော်ကားတစ်စီး၊ သင်္ဘောတစ်စီး၊ လေယာဉ်ပျံတစ်စီးမောင်းနှင်ခြင်းသည် လိုရာခရီး ဆိုက်ရောက်ဖို့ရန်အတွက်သာဖြစ်၏။ လိုရာခရီးမရောက်ခင်တွင် အရှိန်သတ်ရန်လိုအပ်၏။ လိုရာခရီးမရောက်သေးသော်လည်း ‌အကြောင်းတစ်စုံတရာကြောင့် ရပ်နားရမည့် အခြေအနေတွင် အရှိန်ထိန်းရမည့် အဆင့်များကို ကြိုတင်တွက်ဆထားရပေဦးမည်။

အရှိန်တင်ခြင်းသည် လိုရာခရီးကို အမြန်ရောက်စေနိုင်သော်လည်း မလိုအပ်ပဲ အရှိန်တင်ခြင်းသည် အန္တရာယ်အား ဖိတ်ခေါ်ရာကျတတ်သည်။ မော်တော်ကားတစ်စီးသည် အရှိန်ထိန်းနိုင်လျှင် မည်သည့်နေရာမဆို ခေတ္တရပ်နားနိုင်သော်လည်း ဆီကုန်သွားသောအခြေအနေတွင် အမြန်လမ်းမကြီးကဲ့သို့ လမ်းမပေါ်တွင် အန္တရာယ်ကြီးလှ၏။ သင်္ဘောနှင့် လေယာဉ်ပျံတို့ဆိုလျှင် ရပ်နားခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများ စံနစ်တကျ ပိုလုပ်ဆောင်ရ၏။ ရေထဲ၊ လေထဲသွားသည့် သဘောသဘာဝအရ သတ်မှတ်သည့်နေရာမှာသာ ရပ်နားမှသာ လုံခြုံစိတ်ချရ၏။ အရှိန်တင်ခြင်းသည် လောင်စာဆီအား ပိုလောင်ကြွမ်းစေသဖြင့် ဆီမကုန်ခင်တွင် စိတ်ချလုံခြုံသောနေရာတွင်ရပ်နားရန်အတွက် မဖြစ်မနေ တွက်ဆထားရပေမည်။ အရှိန်ပြင်းစွာမောင်းနှင်ရန်လွယ်ကူသော်လည်း ထိုမြှင့်ထားသောအရှိန်ကို ပြန်ထိန်းတတ်ရန်မှာ ကြွမ်းကျင်မှုနှင့်အတူ အခြေအနေနှင့် အချိန်အခါကို အသုံးချဆုံးဖြတ်ရသည့် အပိုအလိုမရှိသော သတိသည်လည်း အရေးကြီး၏။

မည်သည့်အရာမဆို အပြောင်းအလဲရှိသည်။ ကျွန်တော်တို့အတွက် မပြောင်းလဲနိုင်ဟု ထင်မှတ်ခဲ့သောအရာများသည်လည်း အချိန်တန်လျှင် ဆက်လက်တည်တံ့မနေပဲ ပြောင်းလဲပေးရလေသည်။ တကယ်တန်းတွေးကြည့်လျှင် အချိန်မတန်သေးခင် ကာလ၌ လုံးဝ မပြောင်းလဲဟုမဆိုလို။ထိုသို့ ပြောင်းလဲလာစေမည့် တနည်းအားဖြင့် ပြောင်းလဲနေသည့် အခြေခံအကြောင်းရင်းတရားများကို သတိမမူမိကြသေး၍ပင်ဖြစ်၏။ လူသားတွေမမှန်းဆနိုင်သေးသော မဟာအနတ္တ စကြာဝဠာကြီးပင်လျှင် လက်ရှိ ချဲ့ကားပြောင်းလဲခြင်းမှသည် တနေ့သောအခါ ကျုံဝင်ပြောင်းလဲခြင်းသို့ ပြောင်းလဲရပေဦးမည်။ ရွေ့လျှားပြောင်းလဲနေခြင်းသည် ‌တသမတ်အရှိန်မဟုတ်ပေ။

မမြင်သာအောင် သိမ်မွေ့လှသော အတိုးအဆုတ်ရှိ၏။ မပြောင်းလဲသောတသမတ်အရှိန်ဆိုလျှင် ပြောင်းလဲခြင်းဆိုသည့် နိယာမကို မြင်တွေ့ရဖွယ်မရှိပေ။ လူသားတို့သည် နိယာမ သဘောအတိုင်း နာခံရပေသည်။ နိယာမကို ပြောင်းလဲ၍မရ။ လောက၏ နိယာမသဘောတွေကသာ လူသားတွေကိုပြောင်းလဲခဲ့ပေသည်။ နိယာမငါးပါးရှိ၏။ နိယာမဟူသည် အစဉ်၊ ထာဝရ၊ မြဲသောဟူသည့် အဓိပ္ပါယ်ကိုဆောင်၏။ ငါးပါးသော နိယာမတွင် ပဉ္စမမြောက်နိယာမကား ဓမ္မနိယာမဖြစ်သည်။ အတိုချုပ်ဆိုရလျှင် အကြောင်းအားလျှော်စွာ အကျိုးဖြစ်ပေါ်မှု အလုံးစုံသည် ဓမ္မနိယာမ မည်၏။ ထိုဓမ္မနိယာမကို မြတ်စွာဘုရားရှင်သော်မှလည်း ပြောင်းလွဲ၍ မရနိုင်ကုန်၏။ လောကစဉ်လာ ဓမ္မတာ သဘောရိုးကြီးပင်ဖြစ်၏။ ဖြစ်ခွင့်ရှိလျှင် အမြဲဖြစ်ရ၏။ ပျက်ခွင့်ရှိလျှင် အမြဲပျက်ရ၏။ အကြောင်းရှိလျှင် အကျိုးရှိ၏။ အရာဝတ္တုတစ်ခု၏ အလျင်သည် တဖြည်းဖြည်း တိုးလာ‌သော အခါ အရှိန်မြှင့်လာသည်ဟု ဆိုကြ၏။ အရှိန်ဆိုသည်မှာ အချိန်နှင့်အမျှ ပြောင်းလဲသွားသော အလျင်ရဲ့ နှုန်းဟု အဓိပ္ပါယ်ဖွင့်နိုင်ပါသည်။

အရှိန်သည် ဦးတည်ရာမရှိပေ။ ဦးတည်ရာမရှိသည့်အရှိန်ကို ထပ်မြှင့်ခဲ့ပါလျှင် အရှိန်သတ်ရန်အတွက် အချိန်ရတော့မည်ဟုတ်တော့ပါ။ လက်ကျန်အချိန်အနည်းအတွင်း လမ်းအဆုံးမှာ ရွာတွေ့ဆိုသော်လည်း လူသူလေးပါး ရှိသောရွာဖြစ်စေရန်လည်း ဆုတောင်းရပါလိမ့်မည်။ လမ်းဆုံးရောက်ခါနီးပါပြီ။

သက်နိုင်စိန်

 


Spread the love
  •  
  •  
  •  
  •  
  •  
  •