လမ်းပေါ်က ကြိုဆိုတဲ့ ပြည်သူတွေကိုတော့ စိမံခန့်ခွဲဖို့ခက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရလို့ ကျွန်မလည်း သတိထားပြီး အသွားအလာ စီစဉ်ရပါမယ် ( ဒေါ်အောင်ဆန်းစုကြည်)  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လမ်းပေါ်က ကြိုဆိုတဲ့ ပြည်သူတွေကိုတော့ စိမံခန့်ခွဲဖို့ခက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရလို့ ကျွန်မလည်း သတိထားပြီး အသွားအလာ စီစဉ်ရပါမယ် ( ဒေါ်အောင်ဆန်းစုကြည်)

 

 

 

 

Covidနဲ့ ပတ်သက်လို့ Faceboo မှာ မရေးတာ နည်းနည်း ကြာသွားပါပြီ။ ပြောသင့်တယ်ထင်တဲ့ကိစ္စလေး နှစ်ခုကြောင့် ဒီနေ့ ရေးလိုက် ပါတယ်။

၁၉ ရက်နေ့က၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက် တောင်းပြီး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်နေအိမ်အချို့ကို သွားရောက်ခဲ့ပါတယ်။ ပါတီ တာဝန်များအရဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနဲ့အညီ၊ လူ (၃၀)ထက် မပိုဖို့၊ Mask ဝတ်ဆင်ဖို့ စသဖြင့် ကိုက်ညီစွာ ပြင်ဆင်ဖို့ စီစဉ်ခဲ့ပါတယ်။

အဖွဲ့ချုပ်ဝင်တွေရဲ့အိမ်အတွင်း၊ ရပ်ကျေးပါတီရုံးအတွင်း၊ ဒီလို စီစဉ်ထားနိုင်ပေမဲ့၊ အိမ်ပြင်၊ လမ်းပေါ်က ကြိုဆိုတဲ့ ပြည်သူတွေကိုတော့ စိမံခန့်ခွဲဖို့ခက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။

ပြည်သူ့ထောက်ခံအားပေးမှုဆိုတာ လွန်စွာ တန်ဖိုးထားသင့်၊ ထားရတဲ့အရာပါ။ ပြည်သူကို ဗဟိုပြု၊ လေးစားခြင်းကို ယုံကြည်တော့ ပြည်သူတွေကြိုဆိုတာကို ကျေးဇူးတရားနဲ့သာ ရှုမြင်ရပါတယ်။ ကျွန်မ တကယ်ပဲ ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ ကျန်းမာရေးရှု့ထောင် ကလည်း ကျွန်မ တကယ်ပဲ စိုးရိမ်မိပါတယ်။ ကျွန်မတို့ပြည်သူတွေရဲ့ ကျန်းမာရေးဟာ အတိုင်းအဆမရှိ အရေးကြီးလှပါတယ်။ သတိထား ကြစေချင်ပါတယ်။ ကျွန်မလည်း သတိထားပြီး အသွားအလာ စီစဉ်ရပါမယ်။

ယခုအခါ စစ်တွေမှာ Covid ရောဂါပိုး တွေ့ရှိထားမှု များနေတာ ပြည်သူများ သိပြီးထင်ပါတယ်။ ရောဂါရသူ မည်သူမဆို စိတ်မချမ်း မသာ ဘယ့်လောက်ဖြစ်မယ်ဆိုတာ မှန်းဆနိုင်တာကြောင့် မပြောချင်ပေမဲ့ အများပြည်သူ သတိရှိနိုင်ရန်အတွက် ပြောပါရစေ။

ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အလည်အပတ် ခရီးထွက်ခဲ့တဲ့ ဝန်ထမ်း ၃-၄ ဦးကတစ်ဆင့် Covid ရောဂါ ပြန့်ပွါးမှုကြောင့် ယခု စစ်တွေမှာ အိမ်တွင်းနေရန် ညွှန်ကြားချက်နဲ့ အခြား Covid ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ ထုတ်ပြန်ထားရပါပြီ။ ရောဂါထိန်းချုပ်နိုင်ဖို့အတွက် လူအင်အား၊ ငွေအင်အား အများအပြား ထုတ်သုံးနေရပါပြီ။

 

ကျန်းမာရေးလောက် ကြီးမားတဲ့ လာဘ်လာဘမရှိပါဘူး။ ပြည်သူတွေ သတိထားကြပါ။ ပြည်သူသာလျှင် အဓိကပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •