လာမည့် ရွေးကောက်ပွဲကို ယခင်နှစ်များနည်းတူ နိုဝင်ဘာလ အတွင်း ကျင်းပသွားမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နေပြည်တော်၊ ဇွန် ၄

လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ယခင်နှစ်များ နည်းတူ နိုဝင်ဘာလအတွင်း ကျင်းပသွား နိုင်မည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အရင်လည်း ကျွန်တော် ဖြေပြီးပြီပေါ့။ အဲ့အတိုင်းလည်း မပြောင်းလဲဘူးပေါ့။ အရင်တုန်းက ပထမ တစ်ကြိမ်မှာ ၂ လနဲ့ ၂၄ ရက်၊ နောက်တစ်ကြိမ်မှာ ၄ လ ကြိုကြေညာတယ်။ အဲ့အတိုင်းပဲ မပြောင်းလဲဘူး။ အရင်တုန်းက ကျင်းပတဲ့ အတိုင်းပဲ နိုဝင်ဘာလထဲမှာ ဖြစ်မှာပါ” ဟု ဦးမြင့်နိုင်က ပြောသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကိုလည်း ထိန်းချုပ်နိုင်သေးသည့် အတွက် မူလက ပြောခဲ့သည့်အတိုင်း ရွေးကောက်ပွဲအား နိုဝင်ဘာလ အတွင်း ကျင်းပရန် ကိစ္စသည် ယခုချိန်ထိ ပြောင်းလဲခြင်း မရှိသေးကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့ နိုဝင်ဘာမှာ အခုချိန်ထိ မပြောင်းလဲသေးဘူး။ ကိုဗစ်ကလည်း ထိန်းချုပ်နိုင်သေးတယ်။ ရက်ကလည်း လိုသေးတော့ နဂို ပြောခဲ့တဲ့အတိုင်းပဲ မပြောင်းလဲပါဘူး။” ဟု ဦးမြင့်နိုင်က ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်နှင့် မဲရုံများ သတ်မှတ်နိုင်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ဇွန်လ ၁ ရက်မှစ၍ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ အရေအတွက် ၃၇ သန်းကျော် ရှိနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •