လာမည့် ရွေးကောက်ပွဲ လုံခြုံရေး အတွက် အထူးရဲ လေးသောင်းကျော် ထားရှိ ဆောင်ရွက်မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လာမည့် ရွေးကောက်ပွဲ လုံခြုံရေး အတွက် အထူးရဲ လေးသောင်းကျော် ထားရှိ ဆောင်ရွက်မည်

နေပြည်တော်၊ ဇူလိုင် ၁၅

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနရှိ အထူးရဲ လေးသောင်းကျော် ထားရှိ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် လာမည့် ရွေးကောက်ပွဲအတွက် လုံခြုံရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်အား သတင်းမီဒီယာများက မေးမြန်းစဉ် ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

“ပြည်ထဲရေးဝန်ကြီးဌာနမှာ ရှိတဲ့ အထူးရဲတွေဆိုရင် လေးသောင်းကျော်လောက် ခန့်မှာပါ။ လုံခြုံရေးကတော့ ပြည်ထဲရေးကနေ သေသေချာချာ ဘယ်လိုတွေ ဆောင်ရွက်မယ် ဆိုပြီးတော့ အထူးရဲတွေ ခန့်မယ်။ သင်တန်းတွေ ပေးမယ် ဆိုပြီးတော့ လုပ်တယ်” ဟု ဦးမြင့်နိုင်က ပြောသည်။

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိုနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ပြန်ကြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စသည့် ဝန်ကြီးဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် လုံခြုံရေး ကိစ္စရပ်များ၊ မှတ်ပုံတင် မရရှိသေးသည့် မဲဆန္ဒရှင်များ မှတ်ပုံတင်ခွင့်ရရေး၊ ပြည်ပရောက် မဲဆန္ဒရှင်များ အားလုံး မဲပေးနိုင်ရေးအတွက် ပြည်ပတွင် မဲရုံများ တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ဆရာ ဆရာမများအား မဲရုံတာဝန် ထမ်းဆောင်နိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း ဦးမြင့်နိုင်က ပြောသည်။

 

“ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ ကျတော့လည်း ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ အဲ့ဒီအချိန်မှာ ဘယ်လို ရှိမလဲ၊ အခုက ဘယ်လိုရှိမလဲ၊ လျော့သွားလား၊ တိုးလာလား၊ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ကျန်းမာရေး အန္တရာယ်၊ လူထု မဲဆန္ဒရှင်တွေ စိတ်ချ၊ လုံခြုံအောင်၊ ဘေးကင်းစွာနဲ့ မဲပေးနိုင်အောင် စိတ်အေးချမ်းသာစွာနဲ့ ပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကပြောသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိမီဒီယာများ၊ အသံလွှင့် မီဒီယာများ အားလုံးမှ အသိပညာပေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားရန်နှင့် မဲလက်မှတ်များ ရိုက်နှိပ်ခြင်းမှစ၍ စနစ်တကျ ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၃၇ သန်းကျော် ရှိပြီး မဲရုံပေါင်း ၄ သောင်းကျော် လျာထားကြောင်း သိရှိရသည်။

#Peacock #2020Election #ရွေးကောက်ပွဲ


Spread the love
  •  
  •  
  •  
  •  
  •  
  •